Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 11, 2013

ငါးသလဲထိုးအိုးကပ်၊ငါးကွမ်းရှပ် ငါးခြောက်ကြော်၊ဝက်သွေးကြော်၊ပိန်းဥဟင်းချိုနှင့် တို့စရာ


ငါးသလဲထိုးအိုးကပ်
ငါးသလဲထိုးများကို ဆား(သို့)ပြာနှင့်ပွတ်ပြီး ရေစင်အောင် ဆေး၍ ဆား၊နနွင်း၊ငံပြာရည် တို့ ဖြင့်ရောနှယ်ပြီးနာရီဝက်ခန့် နှပ်ထားပါ။ ငရုတ်သီးခြောက်၊ကြက်သွန်အဖြူ၊အနီ၊စပါးလင်တို့ ကိုညက်အောင်ရောထောင်းပြီး နနွင်းအနည်းငယ်ဖြင့် ဆီသတ်ပါ။ကြက်သွန်များရွှေရောင်သန်းလာပါက ငရုတ်သီးအရောင်တင်မှုန့် နည်းးနည်းထည့်ပါ။ပြီးလျှင်ငါးများကိုထည့်၍ အသာမွှေပေးပါ။ငါးဆီပြန်ပြီးခြောက်ခြောက်လေးဖြစ်လာပါက အပေါ့အငံမြည်း၍ ရှမ်းနံနံနှင့်မဆလာအုပ်ကာ အရသာရှိသော ငါးသလဲထိုးအိုးကပ်ဟင်းလေး သုံးဆောင်လို့ ရပါပြီရှင်။ချိုးကပ်အောင်ချက်လျှင် ပိုကောင်းပါသည်။

ငါးကွမ်းရှပ် ငါးခြောက်ကြော်

ငါးခြောက်ကို ရေစင်အောင်ဆေးပြီး အတုံးလေးတွေတုံးပါ။ဂျင်း၊ငရုတ်သီးခြောတ်၊ကြက်သွန်ဖြူ မညက်တညက်ထောင်းပါ။ကြက်သွန်နီပါးပါးလှီး၍ ကြော်ပြီး ဆယ်ထားပါ။ငါးခြောက်ကိုကြော်ထားပါ။အနည်းငယ်ကြွပ်လာလျှင်အိုးထဲမှဆယ်ထားပါ။ ထောင်းထားသော ဂျင်း၊ငရုတ်သီးခြောတ်၊ကြက်သွန်ဖြူ တို့ကို နနွင်းအနည်းငယ်ဖြင့်ကြော်ပြီး ကြက်သွန်ဖြူများကျက်လာလျှင် ကြော်ထားသောငါးခြောက်နှင့် ကြက်သွန်နီကြော် များထည့်ပြီး မွှေပေးပါ။ခဏကြာ ကြော်ပြီးလျှင် အပေါ့အငံမြည်းကာ အရသာရှိသော ငါးကွမ်းရှပ် ငါးခြောက်ကြော်လေး သုံးဆောင်လို့ရပါပြီရှင်။

ပိန်းဥဟင်းချို

ပိန်းဥကိုအခွံနွှာ ရေစင်အောင်ဆေးပြီးချက်မည့် အိုးထဲသို့ထည့် ပါ။ ပြီးလျှင် ကြက်သွန်နီတစ်လုံး၊ကြက်သွန်ဖြူ ငါးမွှာလောက် မညက်တညက်ထောင်းပြီး ထည့် ပါ။ ဆနွင်းအနည်းငယ်၊ ဆား၊ငပိ၊ဆီ အနည်းငယ်စီ၊ပုစွန်ခြောက် ( သို့) ပုစွန် ကြိုက်နှစ်သက်ရာ ထည့် ပြီး ရောမွှေပါ။ ပြီးလျှင်မီးဖိုပေါ်တွင် တည်ထားပါ။ကြက်သွန်အနံ့နှင့်ငပိအနံ့များပျောက်ပြီး အနည်းငယ်ဆူလာလျှင် ရေအသင့် အတင့်ထည့်ပြီး တည်ထားပါ။ရေများပွက်ပွက်ဆူလာပြီး ပိန်းဥများနူးလာလျှင် အပေါ့အငံမြည်းကြည့်၍ ပင်စိမ်းရွက်
အုပ်ကာမွှေးပျံ့ပြီး အရသာကောင်းမွန်သော ပိန်းဥဟင်းချိုလေး သုံးဆောင်လို့ရပါပြီရှင်။

ဝက်သွေးကြော်

ဝက်သွေးကို ရေဆေးပြီး ဆား၊နနွင်းနှင့်နယ်ထားပါ။ ကြက်သွန်ဖြူ၊ဂျင်း၊ငရုပ်သီးစိမ်းတို့ကို ဓားပြားရိုက်ထားပါ။ဒယ်အိုးထဲတွင် ဆီအနည်းငယ်ထည့်၍ ဆီပူလာလျှင် ဓားပြားရိုက်ထားသော ကြက်သွန်ဖြူ၊ဂျင်း၊ငရုပ်သီးစိမ်းတို့ကို ထည့်ပြီး ကြော်ပါ။ ကြက်သွန်ဖြူများအနည်းငယ်နွမ်းလာလျှင် ဝက်သွေးများကို ထည့်ပြီးကြော်ပေးပါ။ တဖက်သို့အသာလှန်ပေးပြီး ဝက်သွေးများကျက်နေအောင် ကြော်ပေးပါ။ ခြောက်ခြောက်လေးဖြစ်လာပြီး ဝက်သွေးများကျက်လာလျှင် အပေါ့အငံမြည်းကာ မွှေးပျံ့ပြီးအရသာကောင်းမွန်သော ဝက်သွေးကြော်လေး သုံးဆောင်လို့ရပါပြီရှင်။
(၁၈၊၀၅၊၂၀၁၃ နေ့တွင်တင်ခဲ့သော ငါးသလဲထိုးအိုးကပ်၊ငါးကွမ်းရှပ် ငါးခြောက်ကြော်၊ဝက်သွေးကြော်၊ပိန်းဥဟင်းချိုနှင့် တို့စရာ တို့ကို ချက်နည်းနှင့်တကွပြန်တင်ပေးတာပါ)

No comments:

Post a Comment