Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 5, 2013

ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ်တွင် ဥပုသ်သည် ၁၅၆ ဦး အစာအဆိပ်သင့်

ဟင်္သာတမြို့နယ်၊ ဒူးယားတိုက်နယ်၊ လိန်ကုန်း ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာ ၄ ရက် မွန်းလွဲပိုင်းက ဥပုသ်သည် ၁၅၀ ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါနေ့ နံနက် ၈ နာရီခန့်တွင် စတင်လှူဒါန်းသည့် ကြာဇံဟင်းခါးကို သောက်မိကြရာမှ ညနေ ၂ နာရီခန့်မှစ၍ လိန်ကုန်း ကျေးရွာမှ ဥပုသ်သည် ၁၅၆ ဦး (ကျား ၆၀/မ ၉၆)အစာ အဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း၊ လူနာ ၁၂ ဦးအား ဒူးယား တိုက်နယ်ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပြီး အသက် ၉၀ အရွယ် အဘွားအို တစ်ဦးအား ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ခေါ်ယူကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးထားကြောင်း၊ အတွင်းလူနာများ အားလုံး အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း၊ ပြင်ပလူနာ ၁၄၃ ဦးမှာလည်း ရောဂါလက္ခဏာ သာမန်မျှသာ ရှိသဖြင့် မစိုးရိမ်ရကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ပြောကြားသည်။

လိန်ကုန်းကျောင်းတိုက် ဆရာတော်ကြီး ဦးဝိမလသိဒ္ဓိက ''ဥပုသ်သည်တွေက ၂၀၀ ကျော်တယ်။ အစာအဆိပ် သင့်တာက ၁၅၀ လောက်ဖြစ်တယ်။ ဘုန်းကြီးလည်း ဘုဉ်းပေးတာပဲ။ ဒါပေမဲ့ ဘာမှမဖြစ်ဘူး။ အစာအဆိပ်သင့်တဲ့ ဥပုသ်သည်တွေကို မြို့နယ်က တာဝန်ရှိတဲ့ သူတွေနဲ့အတူ ခရိုင်ဆေးရုံအုပ်ကြီးလာပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တယ်။ ဆေးရုံကို ရောက်နေတဲ့သူတွေ အားလုံး မစိုးရိမ်ရဘူးလို့ သိရတယ်'' ဟု မိန့်ကြားသည်။

ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက ''အဲဒီနေ့မှာ ဒူးယားတိုက်နယ် ဆေးရုံက လူနာတွေကို အရင်ကြည့်ခဲ့တယ်။ ည ၇ နာရီလောက်မှာ ဘုန်းကြီးကျောင်းကိုလည်း သွားပြီး ကျန်တဲ့သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တယ်။ ဟင်္သာတ ဆေးရုံကို အသက် ၉၀ အရွယ် အဘွားအိုကို ခေါ်လာခဲ့ပါတယ်။ ဒူးယားဆေးရုံက လူနာတွေကတော့ နှစ်ရက်လောက်ဆိုရင် ဆေးရုံက ဆင်းလို့ရပါပြီ။ ဟင်္သာတဆေးရုံက အဘွားကိုတော့ ခံနိုင်ရည် မရှိမှာ စိုးတဲ့အပြင် တခြားကျန်းမာရေး စစ်ဆေးစောင့်ရှောက်မှုတွေ လုပ်ပေးနိုင်တာကြောင့် ရက်အနည်းငယ် ပိုနေရ နိုင်ပါ တယ်'' ဟု ပြောကြားသည်။

''ချက်ပြုတ်ခဲ့တဲ့ နေရာက မိုးရွာမှာစိုး လို့ဆိုပြီး နွားတင်းကုပ်ထဲမှာ ချက်တယ်လို့ သိရတယ်။ အနားမှာ ဓာတ်မြေသြဇာ အိတ်တွေလည်း ရှိပုံရတယ်။ ကနဦးအနေနဲ့ အစာအဆိပ် သင့်တယ်လို့ပဲ သတ်မှတ်ပါတယ်။ ၅ ရက်နေ့ နံနက်ပိုင်းမှာ အစားအစာကို စစ်ဆေးဖို့ ရန်ကုန်က ဓာတ်ခွဲဌာနကို ပို့လိုက်ပါပြီ'' ဒေါက်တာကြည်စိုးက ဆက်လက် ပြောကြားသည်။

အစာအဆိပ်သင့်မှုကြောင့် ဟင်္သာတဆေးရုံတွင် တက်ရောက် ဆေးကုသနေသော အသက် ၉၀ အရွယ် အဘွားအိုအား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment