Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 20, 2013

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် အမေဇုန် သစ်တောရှိ ရှားပါးမျိုးစိတ် အယ်လပိုင်းမားငါး အပါအ၀င် ငါးမျိုးစိတ်လေးမျိုး စတင်ပြသ



ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် အမေဇုန် သစ်တောရှိ ရှားပါးမျိုးစိတ် အယ်လပိုင်းမားငါး (Ara-pima)၊ Cat fish ငါး၊ Lucky နှင့် ငါးခူအမျိုးအစား ငါးမျိုးစိတ် လေးမျိုးကို စတင်ပြသလျက်ရှိကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှ သိရသည်။

ငါးအမျိုးအစား လေးမျိုးအနက် အယ်လပိုင်းမားငါး (Arapima) ငါး အမျိုးအစားမှာ အရှည် ငါးပေခြောက်လက်မနှင့် အလေးချိန်ပေါင် ၈၀ ခန့်ရှိပြီး ခန့်မှန်းချက်အရ နောက်ပိုင်းတွင် အရှည်ရှစ်ပေနှင့် အလေးချိန်ပေါင် ၂၂၀ ခန့်အထိ ရှိလာနိုင်ကြောင်း ရန်ကုန်တိရစ္ဆာန် ဥယျာဉ်၏ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဆရာဝန် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

အဆိုပါ ငါးမျိုးစိတ် လေးမျိုးကို အလှူရှင် တစ်ဦးက စက်တင်ဘာ ၅ ရက်တွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်သို့ လာရောက်လှူဒါန်းခြင်းဖြစ်ပြီး အမေဇုန် သစ်တောတွင်သာရှိသော လူကြိုက်များသည့် အလှမွေး အသားစားငါး အမျိုးအစားများဖြစ်ကာ ယင်းငါးများကို အစာအဖြစ် ပလာတူငါးများ တစ်နေ့တစ်ပိသာခန့် ကျွေးမွေးရကြောင်း သိရသည်။

"ဒီငါးကို ကျွန်တော့်မိတ်ဆွေ ဦးစိုးက လှူဒါန်းတာပါ။ သူက ဒီငါးတွေကို ထိုင်းက ၂၀၀၈ ကတည်းက ငါးကုန်သည်ဆီကနေ ၀ယ်ပြီး အလှမွေးထား တာပါ။ စမွေးတုန်းကတော့ အယ်လပိုင်းမားက ခြောက်လက်မပဲ ရှိတာ။ နောက်ပိုင်းမှ ကြီးလာတာပေါ့။ ဒီငါးတွေက အမေဇုန်တောထဲက ရှားပါးမျိုးစိတ်ငါး တွေပါ။ Discovery ထဲမှာလည်း ခဏခဏ တွေ့ရတဲ့ လူတွေထဲမှာ ပေါ်ပြူလာဖြစ်တဲ့ ငါးအမျိုးအစားတွေပါ" ဟု ရန်ကုန် တိရစ္ဆာန် ဥယျာဉ်မှ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဆရာဝန် ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

ယခု ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် ပြသထားသည့် ငါးမျိုးစိတ် လေးမျိုးတွင် အယ်လပိုင်းမားငါး (Arapima) တစ်ကောင်၊ Cat fish ငါးအမျိုးအစားတစ်ကောင်၊ Lucky fish ငါး အမျိုးအစား တစ်ကောင်နှင့် ငါးခူနှစ်ကောင်တို့ ပြသထားပြီး အယ်လပိုင်းမားငါး အမျိုးအစားမှာ ရေချိုငါးဥယျာဉ်တွင် ပြသထားသည့် ငါးအမျိုးအစားထက် ပိုမိုကြီးမားကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန် တိရစ္ဆာန် ဥယျာဉ်ဝင်ကြေးမှာ လူကြီး ကျပ် ၁၀၀၀ သတ်မှတ်ထားပြီး ၁၀ နှစ်အောက် ကလေးမှာ ၀င်ကြေးအခမဲ့ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်တွင် ပြသထားသည့် အယ်လပိုင်းမား (Arapima) ငါးအမျိုးအစားအား တွေ့ရစဉ်


Eleven Media Group

No comments:

Post a Comment