Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 15, 2013

ဟန်လင်း ရှေးဟောင်း သုတေသနပြတိုက် တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

ရွှေဘို၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟန်လင်းမြို့ဟောင်း၊ ဟန်လင်း စံပြကျေးရွာတွင် ရှေးဟောင်း သုတေသနပြတိုက် တည်ဆောက်လျက်ရှိရာ ၈၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီ ဖြစ်ကြောင်း ရွှေဘိုမြို့ ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

အဆိုပါ ဟန်းလင်း ရှေးဟောင်း သုတေသနပြတိုက်ကို ၂၀၁၂ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ရာ လာမည့် စက်တင်ဘာလလယ်တွင် ပြီးစီးမည်ဖြစ်၍ ယင်းလ နောက်ဆုံးပတ်တွင် ပြတိုက်ကို စတင်ဖွင့်လှစ် ပြသသွားရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

“ပြတိုက်ဝင်ကြေးကို မကောက်ခံပါဘူး။ ဟန်လင်းဇုန် ဝင်ကြေး ပေးဆောင်ထားတဲ့သူတိုင်း ပြတိုက်ကို အခမဲ့ ဝင်ရောက် လေ့လာခွင့် ပြုသွားမှာပါ” ဟု ဦးမြင့်သန်းက ဆိုသည်။

ယင်းရှေးဟောင်း ပြတိုက်တွင် ပျူလူမျိုးတို့၏ အသုံးအဆောင် ပစ္စည်းများ၊ အဆင်တန်ဆာများ၊ ရုပ်ကြွမြေပုံများ၊ ပျူ ကျောက်စာချပ်များကို ထိန်းသိမ်း ပြသမည်ဖြစ်ပြီး ပြတိုက် တည်ဆောက်မှု ကုန်ကျစရိတ်ကိုမူ ထုတ်ဖော် ပြောကြားနိုင်ခြင်း မရှိကြောင်း ဟန်လင်း ရှေးဟောင်းပြတိုက် တည်ဆောက်ရေး တာဝန်ရှိသူက ပြောကြားသည်။

လက်ရှိ ဟန်လင်းမြို့ဟောင်း၏ ဇုန်ဝင်ကြေးကို နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာနှုန်း သတ်မှတ်ထားကြောင်း၊ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းက ယင်းမြို့ဟောင်းသို့ နိုင်ငံခြားသား ဧည့်သည် ၁၅၅ ဦး ဝင်ရောက်ခဲ့ပြီး ယခု ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ နိုင်ငံခြားသား ဧည့်သည် ၂၆၀ ဦးအထိ ဝင်ရောက်မှု ရှိနေပြီ ဖြစ်ကြောင်း ဟန်လင်းမြို့ဟောင်း ဧည့်ဝင်မှတ်တမ်း စာရင်းအရ သိရှိရသည်။

ဟန်လင်းမြို့ဟောင်းသည် ဘီစီ ၂ ရာစု မှ ၉ ရာစုအထိ ထွန်းကားခဲ့သော ပျူလူမျိုးများ နေထိုင်ရာ ဒေသတစ်ခုဖြစ်ပြီး ကမ္ဘာ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရန် ကြိုးစားလျက်ရှိရာ လာမည့် ၂၀၁၄ခုနှစ် ဇန်နဝါရီလတွင် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း (United Nations Educational, Scientific and Cultural Organization – UNESCO) က လာရောက် စစ်ဆေးရန် ရှိကြောင်း အဆိုပါ ရွှေဘိုမြို့ ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနထံမှ သိရသည်။

ယင်းဟန်လင်းမြို့ဟောင်းသို့ လာရောက် လေ့လာသည့် ကမ္ဘာလှည့် ဧည့်သည်များအတွက် အဆင့်မြင့် သန့်စင်ခန်းများ တည်ဆောက်ခြင်းနှင့် မြို့ဟောင်းအတွင်း ထူးခြားသည့် နေရာများသို့ အလွယ်တကူ သွားလာနိုင်ရန် အတွက် လမ်းညွှန် ဆိုင်းဘုတ်များ စိုက်ထူ၍ မြေသားလမ်းများ ဖောက်လုပ်ပြုပြင်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ရွှေဘိုမြို့ ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။


Photo :http://thanlwinriver.blogspot.com/2013/02/blog-post_8663.html

No comments:

Post a Comment