Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 19, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာများတွေ့ဆုံပွဲ ကချင် အဖွဲ့အစည်း မတက်ဟု ထုတ်ပြန်


ရန်ကုန်၊ စက်တင်ဘာ ၁၈

စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူနိုင်ငံရောက် မြန်မာများ တွေ့ဆုံမည့် အခမ်းအနားသို့ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသော ကချင် လူမှုအဖွဲ့အစည်းများက တက်ရောက်မည် မဟုတ်ကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် စင်ကာပူရောက် ကချင်အဖွဲ့အစည်းက ထုတ်ပြန် ကြေညာသည်။

တပ်မတော်နှင့် ကချင် အဖွဲ့အစည်းများအကြား ဖြစ်ပွားသည့် စစ်ပွဲများကို ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ တစ်ယောက်အနေနှင့် ဟန့်တားနိုင်ခြင်း မရှိ၍ အဆိုပါ တွေ့ဆုံပွဲသို့ မတက်ရောက်ရခြင်း ဖြစ်ကြောင်း စင်ကာပူရောက် ကချင် အဖွဲ့အစည်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် ပဋိပက္ခများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး ယင်းကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်၏ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက မည်သည့် စုံစမ်းဖော်ထုတ်မှုမျှ လုပ်ကိုင်ခြင်း မရှိသည့်အတွက် မတက်ရောက်ရခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူကို ဆက်သွယ်မေးမြန်းရာ ယင်းထုတ်ပြန်ချက်ကို မသိရှိရသေးကြောင်းသာ ပြန်လည် ဖြေကြားသည်။

စင်ကာပူမှ ကချင်အဖွဲ့အစည်း၏ ထုတ်ပြန်ချက်ပါ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအနေနှင့် ကချင်ပဋိပက္ခတွင် တစ်စုံတစ်ရာ ဝင်ရောက် ဖြေရှင်းနိုင်ခြင်း မရှိဆိုသည့် ထောက်ပြချက်မှာ မှန်ကန်ကြောင်း အဆိုပါ ကော်မတီဝင်လည်းဖြစ်သူ ဒေါ်ဒွဲဘူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တိုင်းရင်းသား ကိစ္စများတွင် ထဲထဲဝင်ဝင် ပြောဆိုဖြေရှင်းမှုမျိုး မတွေ့ရသေးကြောင်း၊ အထူးသဖြင့် ယမန်နှစ်က ကချင်ပဋိပက္ခတွင် ရဟတ်ယာဉ်များ အသုံးပြု တိုက်ခိုက်ခြင်းကဲ့သို့သော ကိစ္စမျိုး၌ပင် နှစ်ဖက် အဖွဲ့အစည်းများကို ဆွေးနွေးမှု မပြုလုပ်နိုင် ခဲ့ကြောင်း စင်ကာပူနိုင်ငံတွင် နေထိုင်သည့် ABSDF ရဲဘော်ဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။

“ဒါတွေက တရားဥပဒေ စိုးမိုးရေးနဲ့ မဆိုင်လို့လားလို့ မေးချင်ပါတယ်။ သူကတော့ ဘယ်သူမှ တရားဝင် မဖိတ်လို့လို့ဘဲ ပြောနေတယ်” ဟု ၎င်းက ဆိုသည်။

တစ်ချိန်တည်းတွင် ကချင်တိုင်းရင်းသားများက နှစ်ပေါင်းများစွာသော စစ်ဘေးဒဏ်များ၏ အန္တရာယ်မှ ကယ်တင်နိုင်မည့်သူဟု ဒေါ်အောင်ဆန်းစုကြည်အပေါ် မျှော်လင့်ထားသော်လည်း လက်တွေ့တွင် စွမ်းဆောင်မှု အားနည်းသည့်အတွက် ယုံကြည်မှု လျော့ကျလာကြောင်း ၎င်းကသုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအနေနှင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ရခြင်း၏ ဦးတည်ချက်တစ်ရပ်မှာ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ချမှတ်ထားပြီး တိုင်းရင်းသား ငြိမ်းချမ်းမှု ရရှိရေး တစိုက်မတ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူ ခရီးစဉ်တွင် လိုက်ပါမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက ပြောကြားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ပါဝင်ရန် ဖိတ်ကြားပါက အမြဲအဆင်သင့် ရှိနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ထားသော်လည်း လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီကို ဖွဲ့စည်းရာတွင် ချန်လှပ်ထားခဲ့ကြောင်း ၎င်းက ထောက်ပြသည်။

စင်ကာပူနိုင်ငံတွင် စက်တင်ဘာလ ၂၂ ရက်နေ့၌ ပြုလုပ်မည့် လူထုတွေ့ဆုံပွဲသို့ ကချင်တိုင်းရင်းသားများ၊ တစ်သီးပုဂ္ဂလများ ပါဝင်တက်ရောက်နိုင်သော်လည်း ယင်းတက်ရောက်ခြင်းမှာ စင်ကာပူနိုင်ငံရှိ ကချင်အဖွဲ့အစည်းကို ကိုယ်စားပြု တက်ရောက်ခြင်း မဟုတ်ကြောင်း အဆိုပါ ကချင်အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Singapore Summit 2013 သို့ တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာငါးထောင်ခန့် တွေ့ဆုံရန် မြန်မာကလပ် (စင်ကာပူ) က ဦးဆောင် စီစဉ်နေပြီး တွေ့ဆုံပွဲ ဝင်ခွင့်လက်မှတ် တစ်စောင်လျှင် စင်ကာပူဒေါ်လာ သုံးဆယ်ဖြင့် ရောင်းချထားသည်။

No comments:

Post a Comment