By Admin - Tue Sep 17, 12:53 pm
တတိယအကြိမ်မြောက်
ကျင်းပသော ဝဿန်ရုပ်ရှင်ပွဲတော်တွင် ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသရှိ ဒုက္ခသည်
စခန်းတစ်ခုမှ ဒုက္ခသည်များ၏ အိမ်ပြန်လိုသောဆန္ဒကို ဖော်ကျူးသည့် Take Me
Home အမည်ဖြင့် ရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင်ဖြင့် အကောင်းဆုံး
မှတ်တမ်းရုပ်ရှင်ဆု ရရှိခဲ့သူ ဒါရိုက်တာရှင်ဒေဝီနှင့် တွေ့ဆုံပြီး
ယင်းရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးဖြစ်ခဲ့ပုံ၊ ရိုက်ကူးရေးတွင်
ကြုံတွေ့ခဲ့ရသော အခက်အခဲများ၊ သူရိုက်ကူးခဲ့သော မှတ်တမ်း
ရုပ်ရှင်ဇာတ်ကားများ၊ မှတ်တမ်းရုပ်ရှင်လောက၏ အလားအလာအပေါ် သူ၏အမြင်တို့ကို
The Voice က မေးမြန်းထားခြင်း ဖြစ်သည်။
Voice ။ ။ Take Me Home ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖြစ်ခဲ့ပုံလေး ပြောပြပါဦး။S.D.W ။ ။ ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖြစ်တာကတော့ ကျွန်မရဲ့ ကချင်မိတ်ဆွေ တစ်ယောက်ဖြစ်တဲ့ ဒေါ်ခွန်ဂျာက ကချင်ဒေသမှာ ဒုက္ခရောက်နေကြတဲ့သူတွေ ရှိတယ်၊ ဝိုင်းကူကြပါဦးလို့ သူကစပြီး မေတ္တာရပ်ခံတယ်။ ဂီတလောကဘက်မှာ ကျွန်မနဲ့ခင်တဲ့ ကိုမြင့်မိုးအောင်တို့ကလည်း ရိုက်ဖို့ပြောတယ်။ ကချင်ပဋိပက္ခ တစ်နှစ်ပြည့်လောက်မှာ ပြည်တွင်း ဂျာနယ်တွေကလည်း ဒုက္ခသည်တွေ ရဲ့အကြောင်း ဖော်ပြလာတာကို ကျွန်မဖတ်ရတဲ့အခါ ကျွန်မစိတ်ထဲမှာ တစ်ခုခု လုပ်ပေးချင်လာတယ်။ ဒါပေမဲ့ ကျွန်မက ငွေကြေးအားဖြင့်လည်း လှူဒါန်း နိုင်တဲ့သူ မဟုတ်ဘူး။ အနုပညာရှင်တွေ လိုလည်း ကျွန်မရဲ့ရုပ်နဲ့၊ အသံနဲ့ သူတို့ရဲ့စိတ် ပျော်ရွှင်မှုရအောင် လုပ်ပေးနိုင်တဲ့သူလည်း မဟုတ်ဘူး။ ကျွန်မက ဒါရိုက်တာတစ်ယောက် ဖြစ်တဲ့အတွက် ရုပ်ရှင်တစ်ခုတော့ ရိုက်မယ်ဆိုပြီး စိတ်ကူးရတယ်။
စစချင်းကတော့ ဘာအကြောင်း ရိုက်မယ်လို့ မစဉ်းစားမိသေးဘူး။ သူတို့အတွက် ရုပ်ရှင်တစ်ကားတော့ ရိုက်မယ်ဆိုပြီး အဲဒီဒေသကို သွားဖို့ကြိုးစားတယ်။ ကျွန်မသွားဖို့ ရွေးလိုက်တဲ့ ဒေသက မိုင်ဂျာယန်းဒေသကို ရွေးလိုက်တယ်။ ကျွန်မက အဲ့ဒီဒေသကို သွားဖို့ လုံခြုံရေးရယ်၊ ခွင့်ပြုချက်ရယ်ကို ကချင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကချင့်အလင်း (WPN) အဖွဲ့က ကူညီပေးတယ်။ ပထမ ရောက်ခါစမှာတော့ ဘာအကြောင်း ရိုက်ရမလဲဆိုတာ မသိဘူး၊ သူတို့ကို ကူညီချင်တဲ့ စိတ်ပဲရှိတယ်။ သူတို့ကို ကူညီဖို့ ကျွန်မလာတယ်။ သူတို့ရဲ့ ဒုက္ခတွေကို အားလုံးသိအောင် ကျွန်မပြောပြပေးမယ်ဆိုပြီး သူတို့နဲ့ယုံကြည်မှုတစ်ခု တည်ဆောက်ပြီးတဲ့ နောက်မှာ ကျွန်မအများကြီး သိလာရတယ်။ စစ်ကြောင့် ဒုက္ခရောက်ကြတယ်။ သားကွဲ၊ မယားကွဲတွေ ဖြစ်တယ်။ လူတွေသေဆုံးကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ အကြီးမားဆုံးဆန္ဒက အိမ်ပြန်ချင်တယ် ဆိုတာကို တွေ့လာရတယ်။ စစ်ကြောင့်ကတော့ ဆုံးရှုံးရတာ အများကြီးပေါ့နော်။ ပညာရေးတွေ ဆုံးရှုံးတယ်။ အိမ်တွေ မီးလောင်တယ်၊ အဖမ်းခံရတာတွေ ရှိတယ်။ များပြားလှစွာသော ပြဿနာတွေ ကြားထဲမှာ ကျွန်မစိတ်မကောင်း အဖြစ်ဆုံးက အိမ်ပြန်ချင်ရက်နဲ့ ပြန်ခွင့်မရတဲ့ သူတို့ရဲ့ဘဝတွေကိုပါ။
ပြဿနာကတော့ နေရာတိုင်းမှာ ရှိနေမှာပဲ။ မိသားစုတစ်စုမှာ၊ တိုင်းပြည်တစ်ပြည်မှာ၊ ကမ္ဘာကြီးမှာ၊ နေရာတိုင်းမှာ ရှိကြမှာပဲ။ ဒါပေမဲ့ ဘယ်လောက်ကြီးတဲ့ ပြဿနာတွေပဲရှိရှိ လူတစ်ယောက်က သူ့အိမ်မှာ အေးအေးချမ်းချမ်း နေခွင့်လေးတော့ ရသင့်ပါတယ်ဆိုတဲ့ အချက်ကို စဉ်းစားမိသွားတယ်။ အဲ့ဒီအခါမှာ စစ်ရဲ့အနိဋ္ဌာရုံတွေကို မပြောတော့ဘဲ ဘယ်လိုပဋိပက္ခတွေ ကြားထဲမှာပဲဖြစ်ဖြစ် လူတစ်ယောက်က အိမ်ပြန်ခွင့်လေးတော့ ရသင့်ပါတယ်ဆိုတဲ့ အချက်ကို အဲဒီ Camp မှာ ရလိုက်တယ်။ စိတ်ကူးရပြီး အဲဒီ Camp မှာ ငါးရက် ရိုက်လာတယ်။ ရိုက်ပြီးတော့ ကျွန်မရဲ့ အယ်ဒီတာနဲ့ ပြန်တိုင်ပင်ပြီး ဒီမှတ်တမ်းရုပ်ရှင်ရဲ့ Post Production ပိုင်းအတွက် နှစ်လလောက် အချိန်ယူခဲ့ရတယ်။
Voice ။ ။ ဒီမှတ်တမ်းရုပ်ရှင်ကို အချိန်ငါးရက်တည်းယူပြီး ရိုက်ခဲ့တာဆိုတော့ ကိုယ်ပြချင်တဲ့ အကြောင်းအရာ အကုန်လုံးကို ပြနိုင်ခဲ့ရဲ့လား။ အခုအချိန်မှာ ထပ်ဖြည့်ပြီး ရိုက်ပြခွင့်ရမယ်ဆိုရင် ဘယ်အပိုင်းတွေ ထပ်ရိုက်ပြချင်လဲ။
S.D.W ။ ။ ဒီမှတ်တမ်းရုပ်ရှင်မှာက ကျွန်မပြောချင်တဲ့ အကြောင်းအရာ အကုန်လုံးကို လုံလုံလောက်လောက် ပြနိုင်ခဲ့ပါတယ်။ ကျွန်မပြောချင်တဲ့ အကြောင်းအရာဖြစ်တဲ့ ဒီလူတွေက အိမ်ပြန်ချင်တယ်။ အဲဒီအတွက် ဘယ်သူတွေက အဖြေပေးမှာလဲ ဆိုတာကိုတော့ ဖော်ပြနိုင်ခဲ့တယ်လို့ ထင်တယ်။ တစ်ခုပဲ ကျွန်မအခုအချိန်မှာ ပြင်ခွင့်ရမယ်ဆို ပြင်ချင်တာက ကျွန်မအဲဒီစခန်းကို ဒီ မှတ်တမ်းရုပ်ရှင် သွားရိုက်တုန်းက ဒုက္ခသည် အရေအတွက်က တစ်သိန်းလို့ သိရတဲ့အတွက် အဲဒီအတိုင်း ဖော်ပြခဲ့တယ်။ အခုအချိန်မှာတော့ ဒုက္ခသည်တွေက တစ်သိန်း မကတော့ဘူးတဲ့။ အခုအချိန်မှာ ပြင်ခွင့်ရမယ်ဆိုရင် အဲဒီကိန်းဂဏန်းတွေကို ပြင်ချင်တယ်။ ကျွန်မကြားထားတာတော့ ဒုက္ခသည် အရေအတွက်က သုံးသိန်းတဲ့။ မသေတော့ မသေချာသေးဘူး။ ကျွန်မ ကချင်အဖွဲ့အစည်း တွေကို သေချာဆက်သွယ်ပြီး မေးရဦးမယ်။ ဒီကားကို နောက်တစ်ကြိမ် မပြခင်မှာ ဒုက္ခသည် အရေအတွက် ကိန်းဂဏန်းကို ပြင်ပါမယ်။
Voice ။ ။ ရိုက်ကူးရေးပိုင်းမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
S.D.W ။ ။ ရိုက်ကူးရေးပိုင်းမှာ ကြုံရတဲ့ အခက်အခဲကတော့ ကျွန်မရော၊ ကင်မရာသမားရောက အဲဒီဒေသကို တစ်ခါမှမရောက်ဖူးသလို သူတို့လူမျိုးတွေရဲ့ စကားကိုလည်း မပြောတတ်ဘူး။ Camp ထဲမှာပဲနေပြီး ရိုက်မယ်ဆိုရင်တော့ ကျွန်မတို့အတွက် အခက်အခဲမရှိဘူး။ ဒါပေမဲ့ သူတို့ရဲ့ လူနေမှုဘဝ အစုံကို တင်ပြနိုင်ဖို့ဆိုရင်တော့ ကျွန်မတို့ Camp အပြင်ကို ထွက်ရိုက်မှပဲရမယ်။ သူတို့ ထင်းသွားခွေတာ၊ တရုတ်ပြည်ထဲမှာ အလုပ်သွားလုပ်တာမျိုးကို ကျွန်မတို့ ရိုက်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တရုတ်ပြည်ထဲကို ကင်မရာတွေနဲ့ ဝင်လို့မရဘူး။ တောင် ကုန်းတွေပေါ်ကနေ Overview တွေ High Angle ရိုက်ချက်တွေနဲ့ ရိုက်ချင်ပေမယ့် သူတို့က ကျွန်မတို့ကို မိုင်းစိတ်မချရ တဲ့အတွက် သွားခွင့်မပေးဘူး။ လုံခြုံရေးအရ ကျွန်မတို့ လိုချင်တဲ့ အရုပ်တွေ အကုန်လုံးကို ရိုက်ခွင့်မရခဲ့ဘူး။ ကျွန်မတို့က ရုပ်ရှင်သမား ဖြစ်တဲ့အတွက် လောဘကြီးတယ်။ အရုပ်တွေ အများကြီး လိုချင်တယ်။ ဒါပေမဲ့ လုံခြုံရေး အခြေအနေအရ အကန့်အသတ်နဲ့ ရိုက်ခဲ့ရ တဲ့အတွက် သူတို့ရဲ့လူနေမှုဘဝကို ခြုံငုံမိအောင် ကျွန်မထပ်ပြချင်တဲ့ အရုပ်တွေတော့ ကျန်ခဲ့တယ်။
Voice ။ ။ မှတ်တမ်းရုပ်ရှင်ထဲမှာ ပြသွားတဲ့ တိုက်ပွဲဖြစ်တဲ့ အခန်းတွေကို တကယ်ဖြစ်နေတဲ့ အချိန်မှာ ရိုက်ခဲ့တာလား။
S.D.W ။ ။ အဲဒါကတော့ ဝန်ခံရမှာပဲ။ တိုက်ပွဲဖြစ်တဲ့ အခန်းတွေက ကျွန်မကို ကချင့်အလင်းအဖွဲ့က ကူညီထားတာပါ။ ကျွန်မမှတ်တမ်းရုပ်ရှင်ရဲ့အဆုံးမှာ ဖော်ပြထားတဲ့ ကျေးဇူးတင်စကားထဲမှာလည်း ထည့်ပြောထားပါတယ်။
Voice ။ ။ ဒီမှတ်တမ်းရုပ်ရှင်ကို ရှင်ဒေဝီနဲ့အတူ ပူးပေါင်းဖန်တီးထားကြတဲ့ သူတွေကိုလည်း ပြောပြပေးပါဦး။
S.D.W ။ ။ ဒီမှတ်တမ်းရုပ်ရှင် ရိုက်ဖို့အတွက် ကချင်ဒေသကို ကျွန်မနဲ့ ကင်မရာသမား ကိုခင်မောင်ကျော်နဲ့ သွားရိုက်ပါတယ်။ ဇာတ်ကားရဲ့ (Post Production) ပိုင်းကိုတော့ အယ်ဒီတာကို ဇော်ဝင်းထွေးက တာဝန်ယူပေးပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာ လူတွေကို ခံစားမှုပေးတဲ့ Music ပိုင်းကိုတော့ ကိုဓီရာမိုရ်က ဖန်တီးပေးထားပါတယ်။
Voice ။ ။ ရှင်ဒေဝီက ဒုက္ခသည်စခန်းကို ကိုယ်တိုင်သွားပြီး ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ခဲ့တာဆိုတော့ သူတို့တွေအတွက် ဘာတွေလိုအပ်နေလဲဆိုတာ ပြောပြပေးပါဦး။
S.D.W ။ ။ ကျွန်မမြင်တာကတော့ ဒီပဋိပက္ခက မြန်မာအစိုးရ လက်နက်ကိုင်တပ်နဲ့ ကချင်လက်နက်ကိုင်တပ် ဆိုတဲ့ အုပ်စုနှစ်ခုကြားမှာ ဖြစ်နေကြတာ ဆိုပေမယ့် ကြားထဲမှာ ဒုက္ခရောက်ရတာက ကချင်လူမျိုး အများစုအပြင် ရှမ်းလူမျိုးစု အချို့လည်း ပါတာတွေ့ခဲ့ရတယ်။ အဲဒီတော့ ကျွန်မတွေးမိတာ တစ်ခုရှိတယ်။ ဒီလက်နက်ကိုင်တပ် အချင်းချင်းဖြစ်တဲ့ ပဋိပက္ခမှာ ကြားထဲကလူတွေ မြေစာပင် အဖြစ်ခံနေရတာမျိုးက မရှိသင့်တော့ဘူးလို့။ ငြိမ်းချမ်းရေး ဆိုတာက တော့ နှစ်ဖက်သဘောတူညီမှုတွေနဲ့ လက်မှတ်တွေထိုးကြရင်တော့ ဒီအကြောင်းကို သတင်းစာမှာ မြင်ရမှာပဲ။ ဒါပေမဲ့ ကျွန်မတို့ မမြင်ရတဲ့ အပိုင်းက ကြားထဲမှာ ဆုံးရှုံးသွားခဲ့တဲ့ လူတွေရဲ့ အသက်တွေ၊ ပျက်စီးသွားခဲ့ရတဲ့ လူနေမှုဘဝတွေ အတွက်ကျတော့ ဘယ်သူတွေက ပြန်အလျော်ပေးမှာလဲဆိုတာ ကျွန်မသိချင်တယ်။
Voice ။ ။ ဒီမှတ်တမ်းရုပ်ရှင်ကို တခြားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ဖို့ စိတ်ကူးထားတာ ရှိရင်လည်း ပြောပြပေးပါဦး။
S.D.W ။ ။ ဒီကားက အခုဝဿန်ရုပ်ရှင် ပွဲတော်ကို လာကြည့်တဲ့ ပရိသတ်တွေကိုတော့ ပြပြီးသွားပြီပေါ့နော်။ နောက်ထပ် ဝဿန်ရုပ်ရှင်ပွဲတော်ရဲ့ စီစဉ်မှုနဲ့ 5 Network မှာ ဒီကားကိုပြဖို့ စီစဉ်ထားတာ ရှိတယ်။ ကျွန်မက ဒီမှတ်တမ်းရုပ်ရှင်ကို ဒုက္ခသည် စခန်းမှာရှိတဲ့ လူတွေကို ကူညီနိုင်ဖို့ ရည်ရွယ်ပြီး ရိုက်တာဖြစ်တဲ့အတွက် သူတို့ကို ကူညီမယ့် မည်သူမဆို၊ မည်သည့် အဖွဲ့အစည်းမဆို ကျွန်မဇာတ်ကားကို လွတ်လွတ်လပ်လပ် ပြသခွင့်ရှိတယ်။ ကျွန်မ အဲဒီအတွက် Copy Right မထားထားပါဘူး။ ကျွန်မဆီက ခွင့်ပြုချက်တောင်းပြီး စိတ်ကြိုက် ပြခွင့်ရှိပါတယ်။
Voice ။ ။ မှတ်တမ်းရုပ်ရှင်တွေကို ဘယ်အချိန်ကစပြီး ရိုက်ခဲ့တာလဲ။ ပထမဆုံး ရိုက်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင် အကြောင်းကို အမှတ်တရ ပြောပြပေးပါဦး။
S.D.W ။ ။ ဒီမှတ်တမ်းရုပ်ရှင်ကို ကျွန်မလေ့လာနေတာတော့ ကြာပါပြီ။ ဒါပေမဲ့ သေသေချာချာ၊ ထဲထဲဝင်ဝင် လုပ်ဖြစ်တာကတော့ ၂၀၀၆ ခုနှစ်မှာ Yangon Film School မှာတက်ပြီးနောက်ပိုင်း မှတ်တမ်းရုပ်ရှင်တွေကို တစိုက်မတ်မတ် ရိုက်ဖြစ်ပါတယ်။ ကျွန်မ ပထမဆုံးရိုက်တဲ့ မှတ်တမ်းရုပ်ရှင်ကတော့ ‘ဧည့်ဆိုး’ ဆိုတဲ့ ကားလေးပါ။ အဲဒါက တီဘီရောဂါသည် မိသားစု အကြောင်းကို ရိုက်ထားတာပါ။ ၂၀၀၆ ကနေ အခုအချိန်အထိ မှတ်တမ်းရုပ်ရှင် ၁၀ ကား ကျော်လောက် ရိုက်ပြီးပါပြီ။ ဆုအနေနဲ့ကတော့ ၂၀၁၃ ခုနှစ် လွတ်လပ်ခြင်း အနုပညာပွဲတော်မှာ A Bright Future ဆိုတဲ့ ဇာတ်ကားနဲ့ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရခဲ့ပါတယ်။ အဲဒါက မန္တလေးမှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ခုအကြောင်းကို ရိုက်ထားတာပါ။ နောက်ထပ် ပန်းချီဆရာ ရာဟုလာ အကြောင်းကို ရိုက်ထားတဲ့ An Untitled Life ဆိုတဲ့ ကားလေးကတော့ ပြည်တွင်းမှာတော့ ဆုမရဖူးပါဘူး။ ပြည်ပရုပ်ရှင်ပွဲတော် ၁၈ ခု လောက်မှာတော့ ပြပြီးပါပြီ။ ကိုရီးယား ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ EPS ကလည်း ဝယ်ယူပြသခဲ့ပါတယ်။
Voice ။ ။ မှတ်တမ်းရုပ်ရှင်တွေ စတင်ရိုက်ကူးစဉ် ကာလမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
S.D.W ။ ။ စရိုက်စမှာ ကြုံရတဲ့ အခက်အခဲကတော့ လူတွေက မှတ်တမ်းရုပ်ရှင် ဆိုတာကို နားမလည်ကြဘူး။ ကျွန်မတို့ကို သတင်းထောက်တွေနဲ့ အမြဲမှားတယ်။ စစ်အစိုးရလက်ထက် ကဆို ကျွန်မတို့အလုပ်ကို လူတွေက ကြောက်စရာကြီးလို့ ထင်ကြတယ်။ အဲ့ဒီတော့ ကျွန်မတို့ရိုက်တဲ့ မှတ်တမ်းရုပ်ရှင်တွေမှာ ဇာတ်ကောင်အဖြစ် ပါဝင်ကူညီမယ့်သူ နည်းတယ်။ ရိုက်ပြီးသွားရင်လည်း ပြစရာနေရာ မရှိဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး မှတ်တမ်းရုပ်ရှင် ပွဲတော်တွေ ပေါ်လာပြီးတဲ့နောက်မှာ အစိုးရပိုင်းကရော၊ ပြည်သူတွေကပါ ကျွန်မတို့ အလုပ်ကို နည်းနည်း နားလည်လာကြတယ်။ ဒါက ကျွန်မတို့လို မှတ်တမ်းရုပ်ရှင်သမားတွေ အတွက် အားတက်စရာပေါ့။
Voice ။ ။ မှတ်တမ်းရုပ်ရှင်အဖြစ် ရိုက်ပြဖို့ အကြောင်းအရာပိုင်းကျတော့ ဘယ်လိုစဉ်းစားပြီး ရှာဖြစ်လဲ။
S.D.W ။ ။ အကြောင်းအရာပိုင်းကတော့ ကျွန်မတို့တစ်နိုင်ငံလုံးမှာ ရိုက်စရာတွေချည်းပါပဲ။ ကျွန်မအတွက်ကတော့ ပရိသတ်တွေအတွက် စိတ်ခံစားမှုတစ်ခုခု ပေးနိုင်မယ်၊ တိုင်းပြည်ပြောင်းလဲဖို့ အတွက် တစ်ခုခုအထောက်အပံ့ ပေးနိုင်မယ်ဆိုရင် ဘယ်အကြောင်းအရာ မျိုးမဆို ရိုက်မှာပါပဲ။ ပန်းချီဆရာ ရာဟုလာအကြောင်း ရိုက်ထားတာဆိုရင် Only Portrait ပေါ့နော်။ သူ့ဘဝ အကြောင်းပေါ့။ ဒါပေမဲ့ သူ့အကြောင်းကိုကြည့်ပြီး ပရိသတ်ရဲ့ ရင်ထဲမှာ ခံစားမှုတစ်ခုခု ရစေနိုင်မယ်ထင်လို့ ကျွန်မရိုက်တယ်။ အခုဆုရတဲ့ Take Me Home ဇာတ်ကား ဆိုရင်လည်း တိုင်းပြည်အတွင်းမှာ ဒုက္ခရောက်နေကြတဲ့ လူတစ်စုအတွက် ဘယ်သူတွေက ဘာတွေများ လုပ်ပေးနိုင်မလဲဆိုတဲ့ Message လေး ပေးထားတာပေါ့။ ဇာတ်ကား တစ်ကားနဲ့တစ်ကား ကျွန်မပြချင်တဲ့ အကြောင်းအရာပိုင်းနဲ့၊ ပေးချင်တဲ့ Message ကတော့ မတူပါဘူး။ အခုလက်ရှိ ကျွန်မရိုက်ထားပြီး တည်းဖြတ်တဲ့ အဆင့်ကို ရောက်နေတဲ့ ဇာတ်ကားတစ်ကား ရှိတယ်။ အဲ့ဒါကတော့ ကျွန်မတို့ မြန်မာပြည် အလယ်ပိုင်းဒေသမှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ ရှိတယ်။ နိုင်ငံမှာကလည်း အခမဲ့ပညာရေးစနစ် ဆိုပြီး ပြောနေကြတယ်။ ဒါပေမဲ့ ကလေးတွေက ကျောင်းကို မရောက်လာဘူး။ အဲဒီပြဿနာရဲ့ အဖြေက ဘာလဲပေါ့နော်။ ကျွန်မကိုယ်တိုင်လည်း ရိုက်ရင်းနဲ့ ရှာဖွေနေတုန်းပဲ။ အဖြေကို ကျွန်မ မသိသေးဘူး။ ပြီးသွားတဲ့အခါ ကျရင်တော့ ကျွန်မလည်း သိမယ်။ ကြည့်တဲ့သူတွေလည်း သိသွားမယ် ထင်တယ်။
Voice ။ ။ အခုလို မှတ်တမ်းရုပ်ရှင်ကား တွေကို မြို့လယ်ရုပ်ရှင်ရုံမှာ ပြသခွင့် ရတဲ့အထိ ပြောင်းလဲလာတဲ့ အခြေအနေအပေါ် မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတစ်ယောက် အနေနဲ့ ရှင်ဒေဝီရဲ့အမြင်ကို သိပါရစေ။
S.D.W ။ ။ ပြောင်းလဲမှုတွေကတော့ ကျွန်မတို့ မှတ်တမ်းရုပ်ရှင်သမားတွေ အတွက်တင် မဟုတ်ပါဘူး။ ဒီ ၂ နှစ်အတွင်းမှာ တစ်နိုင်ငံလုံးက မယုံကြည်နိုင်အောင်ကို ပြောင်းလဲမှု အမျိုးမျိုးနဲ့ ကြုံခဲ့ကြရတယ်။ ကောင်းသော ပြောင်းလဲခြင်းတွေ ရှိသလို အခုအချိန်ထိ သံသယနဲ့ စောင့်ကြည့်နေရတဲ့ အပြောင်းအလဲ တွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် အပြောင်းအလဲကတော့ မြင်နေရပြီ။ ဒါပေမဲ့ ဒီအခွင့်အရေးကြီး ဘယ်လောက်ကြာကြာ ရမလဲဆိုတာ ကျွန်မတို့မသိဘူး။ ဒီအပြောင်းအလဲတွေကို ကျွန်မတို့ သေဆုံးတဲ့အထိ ထိန်းထားနိုင်မလား ဆိုတာကတော့ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတစ်ယောက် အနေနဲ့ သံသယ ရှိနေသေးတယ်။ အဲဒီအတွက် အခွင့်အရေးရတဲ့ အခိုက်မှာ ရသမျှအခွင့်အရေးကို ကျွန်မတို့ယူမှာပဲ။ ပြောင်းလဲနေတဲ့ ကာလမှာ ကျွန်မတို့ ကင်မရာကိုင်မယ်။ တွေ့တာရိုက်မယ်။ ဒါတွေကို မပျောက်ပျက်သွားအောင် သိမ်းထားမယ်။ တစ်ချိန်ချိန်မှာတော့ ကျွန်မတို့ဟာ သမိုင်းရဲ့ အဖြစ်အပျက်တွေကို လက်မှာကိုင်ထားနိုင်တဲ့သူတွေ ဖြစ်လာမှာပေါ့။ ကျွန်မကတော့ ဒီအခွင့်အရေးကို အပြည့်အဝယူမှာပဲ။
သန့်ဇင်ဦး
No comments:
Post a Comment