ယူကေ (UK) ကဲ့သို့သော နိုင်ငံမျိုးမှာတော့ အိမ်ထောင်ပြုခြင်း၊ မင်္ဂလာဆောင်ခြင်းဆိုတာတွေဟာ proposal လို့ခေါ်တဲ့ လက်ထပ်ခွင့်တောင်းခြင်း က စပါတယ်။ အစဉ်အလာအားဖြင့်တော့ အမျိုးသားက ဒူးတစ်ဖက်ထောက် (goes down on one knee) ပြီး လက်ထပ်ခွင့်တောင်းခံ (pops the question) ပါတယ်။
အမျိုးသားအနေဖြင့် အမျိုးသမီးထံမှ “Yes” ဆိုတဲ့ လက်ခံတဲ့အဖြေကို ရရှိရင်တော့ သူတို့နှစ်ဦး စေ့စပ်လိုက်ကြ (engaged) ပါတယ်။ ထုံးစံအရ အမျိုးသားက သူနဲ့ စေ့စပ်ထားတဲ့အမျိုးသမီး (fiancée) ကို စေ့စပ်လက်စွပ် (engagement ring) ၀ယ်ပေးရပါတယ်။ စေ့စပ်လက်စွပ်ဟာ အများအားဖြင့်တော့ စိန်လက်စွပ်ပဲ ဖြစ်ပါတယ်။ စေ့စပ်ခြင်းဟာ နှစ်နဲ့ချီပြီးကြာနိုင်ပါတယ်။ နှစ်ဦးအနက် ဘယ်တစ်ယောက်ကမှ စေ့စပ်ခြင်းကို ဖျက်သိမ်းဖို့ (breaks off the engagement) မလုပ်ဘူးဆိုရင် နောက်တစ်ဆင့်ကတော့ မင်္ဂလာဆောင်ဖို့ပါပဲ။
မင်္ဂလာဆောင်အခမ်းအနားကို စီစဉ်ခြင်း (Planning the wedding)
ယူကေ (U.K)မှာ ပြုလုပ်တဲ့ မင်္ဂလာပွဲတွေ ကတော့ တရားရုံးမှာ လက်မှတ်ထိုးပြီး မင်္ဂလာဆောင် (Civil Ceremony) တတ်ကြသလို ဘုရားရှိခိုးကျောင်းမှာ ကျင်းပရတဲ့ သတို့သမီးက မင်္ဂလာဝတ်စုံအဖြူရောင်ကို ၀တ်ဆင်ပြီး ရိုးရာအရ မင်္ဂလာဆောင် (white wedding) ကြတာလည်း ရှိပါတယ်။ (ဘာသာကွဲများအတွက်လည်း ၄င်းတို့နှင့်သက်ဆိုင်သော သီးခြား မင်္ဂလာဆောင်အခမ်းအနားများ ရှိပါတယ်)။ စေ့စပ်ထားတဲ့ စုံတွဲအနေနဲ့ ဘုရားရှိခိုးကျောင်းမှာ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်ရင်တော့ မင်္ဂလာပွဲကို စီစဉ်ရတာဟာ ခက်ခဲရှုပ်ထွေးပြီးအလုပ်ရှုပ်နိုင်ပါတယ်။ အဲဒီလိုစီစဉ်တဲ့အခါမှာ ဘုရားရှိခိုးကျောင်းကို ကြိုတင်စာရင်းပေးခြင်း၊ ၀တ်ပြုဆုတောင်းမှုကို ရွေးချယ်ခြင်း၊ ပန်းအလှဆင်ခြင်းအစရှိ တာတွေကို စီစဉ်ရမှာဖြစ်ပါတယ်။ ရိုးရာအရ မင်္ဂလာဆောင်တာပဲဖြစ်ဖြစ်၊ တရားရုံးမှာ မင်္ဂလာဆောင်တာပဲဖြစ်ဖြစ် မဖြစ် မနေလုပ်ရမဲ့ အစီအစဉ်အချို့ ကတော့ ဧည့်သည်စာရင်းကြိုတင်ပြုစုခြင်း (draw up a guest list)၊ ဖိတ်စာများ ဝေခြင်း၊ မင်္ဂလာအခမ်းအနားပြီးတဲ့အခါ ဧည့်ခံပွဲအတွက် နေရာ (reception venue) ကို ကြိုတင် စာရင်းပေးခြင်း၊ ဘုရားရှိခိုးကျောင်းထဲမှာ သတို့သမီးကို အဖော်ပြုပေးရမဲ့ အပျိုရံများ (bridesmaids) ကို ရွေးချယ်ခြင်း၊သတို့သားအတွက် လူပျိုရံ (best man)ရွေးချယ်ခြင်း၊ မင်္ဂလာဝတ်စုံဝယ်ယူခြင်း၊ မင်္ဂလာပွဲပြီးရင် သွားကြမဲ့ ပျားရည်ဆမ်းခရီး (honeymoon) ကို ကြိုတင်စီစဉ်ခြင်း၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေက မင်္ဂလာစုံတွဲအတွက် လက်ဖွဲ့ဝယ်ပေးတဲ့အခါ ဘာဝယ်ရမယ်ဆိုတာကိုရွေးနိုင်မဲ့ပစ္စည်းစာရင်း (wedding list) ပြုစုခြင်းနှင့် မင်္ဂလာလက်စွပ်များ (wedding rings)ရွေးချယ်ခြင်း အစရှိတာတွေကို ဆောင်ရွက်ရပါတယ်။
မင်္ဂလာနေ့ (The big day)
မင်္ဂလာနေ့မှာ ဘုရားရှိခိုးကျောင်းကို အရင်ဦးဆုံးရောက်ရှိတာကတော့ သတို့သားနဲ့ လူပျိုရံတို့ပဲဖြစ်ပါ တယ်။ သူတို့ရောက်ပြီးနောက် ဧည့်သည်တွေရောက်လာပါတယ်။ နောက်ဆုံးမှ ရောက်ရှိတာကတော့ သတို့သမီးပဲဖြစ်ပါတယ်။ ထုံးစံအရ သတို့သမီးဟာ ရေသီနား (train) ပါရှိတဲ့ မင်္ဂလာဝတ်စုံ ဂါဝန်အဖြူ အရှည် (wedding dress) ကို ၀တ်ဆင်ထားပြီး မျက်နှာကို ပုဝါပါးပါး (veil)ဖြင့် ဖုံးအုပ်ထားပါတယ် လက်ထဲမှာတော့ ပန်းစည်းကို ကိုင်ထားပြီး တူညီဝတ်စုံဝတ်ဆင်ထားတဲ့ အပျိုရံများက ခြံရံထားပါတယ်။ ထုံးစံအရ ခန်းမရဲ့ထိပ်မှာရှိတဲ့သန့်ရှင်းစင်ကြယ်တဲ့နေရာ (altar) မှာ စောင့်နေတဲ့ သိက္ခာတော်ရ ဆရာတော်ဆီသို့ သတို့သမီးကို သူ၏ ဖခင်ဖြစ်သူက မင်းလမ်းတစ်လျှောက် တွဲ၍ ခေါ်ဆောင်သွား (walks her down the aisle) ပါတယ်။ အော်ဂင်မှနေ၍ မင်္ဂလာ တီးလုံး (wedding march) ကို တီးတဲ့အခါမှာတော့ ဧည့်သည်တွေအားလုံး မတ်တပ်ရပ် (rise to their feet) ပြီး သတို့သမီးနှင့် အဖွဲ့တို့ စီတန်းဝင်လာတာကို ကြည့်ကြပါတယ်။ ဘုန်းတော်ကြီးစောင့်နေတဲ့ နေရာကို ရောက်တဲ့ အခါ သတို့ သမီးက သတို့သားနှင့် ယှဉ်ရပ်ပြီး ၀တ်ပြုပွဲကို စတင်ပါတယ်။ နာရီဝက်လောက်ကြာတဲ့ ၀တ်ပြုပွဲမှာတော့ သမာကျမ်းစာအုပ် (Bible) ထဲက ကောက်နှုတ်ချက်များ (readings) နဲ့ ဓမ္မတေး (hymns) နှစ်ပုဒ်လောက်ပါဝင် လေ့ရှိပါတယ်။ ဘုန်းတော်ကြီးအနေနဲ့ အမြဲမေးရတာကတော့ ဒီမင်္ဂလာ ပွဲကို ကန့်ကွက်မဲ့သူရှိမရှိဆိုတဲ့ (objections to the marriage) အချက်ကို ပဲဖြစ်ပါတယ်။ ဒီအချိန်မှာ ပြောရင်ပြော မပြောရင် နောက်ဘယ်သောအခါမှ ကန့်ကွက်ဖို့ အခွင့်အရေးရမှာ မဟုတ်ပါ။ ၀တ်ပြုပွဲရဲ့ အဆုံးမှာတော့ မင်္ဂလာမောင်နှံတို့ဟာ မင်္ဂလာလက်စွပ် တွေလဲလှယ် (exchange wedding rings) ပြီးတာနဲ့ လင်မယားအရာ မြောက်ကြောင်း ကြေငြာခြင်း (proclaimed man and wife) ခံရပါတယ်။ အဲဒီအချိန်မှာတော့ မင်္ဂလာသတို့သားက မင်္ဂလာသတို့သမီးကို အကြင်နာ ပေးနိုင်ပါတယ်။ ဧည့်သည်တွေ ထွက်ခွာသွားပြီးတဲ့အခါမှာတော့ မင်္ဂလာ စုံတွဲဟာ ထိန်းမြားခြင်းမှတ်တမ်းထဲမှာ လက်မှတ်ထိုး (sign the marriage register) ကြရပါတယ်။ မင်္ဂလာဇနီး မောင်နှံဘုရားရှိခိုးကျောင်းထဲက ထွက်လာတဲ့အခါမှာတော့ ဧည့်သည်တွေဟာ ရောင်းစုံစက္ကူစသေးသေးလေးတွေ (confetti) ကို ကြဲလေ့ရှိပြီး ဓာတ်ပုံဆရာတွေကလည်း မှတ်တမ်းတင်ဓာတ်ပုံအမျိုးမျိုးကို ရိုက်ကြပါတယ်။
မင်္ဂလာနေ့မှာပါဝင်တဲ့နောက်အစီအစဉ်တစ်ခုကတော့ မင်္ဂလာဧည့်ခံပွဲ (reception) ပဲ ဖြစ်ပါတယ်။ အဲဒီဧည့်ခံ ပွဲကတော့ အများအားဖြင့် ဟိုတယ်တစ်ခုခုမှာ ခမ်းနားတဲ့ နေ့လည်စာ စားပွဲဖြစ်ပါတယ်။ နေ့လည်စာစားပြီးချိန် မှာတော့ မိန့်ခွန်းများ (speeches) ပြောကြပါတယ်။ သတို့သမီးရဲ့ ဖခင်က စပြောပါတယ်။ ပြီးတော့ လူပျိုရံက သတို့သားကို ရှက်ကိုးရှက်ကမ်းဖြစ်စေမဲ့ ဟာသနှောတဲ့ မိန့်ခွန်းကို ပြောပါတယ်။ နောက်ဆုံးကျမှ သတို့သား (သို့) သတို့သမီးက ကျေးဇူးတင်စကားပြောကြပါတယ်။
တချို့မင်္ဂလာမောင်နှံတွေကတော့ ညနေပိုင်းဧည့်ခံပွဲ (evening reception) ကို စီစဉ်ကြပြီး သူတို့ရဲ့ သူငယ်ချင်းတွေအတွက် တီးဝိုင်း သို့မဟုတ် ဒစ္စကို ကို ငှားပေးပါတယ်။
ထိုနေ့ရဲ့ နောက်ဆုံးအစီအစဉ်ကတော့ ပျော်ရွှင်နေတဲ့ စုံတွဲ (happy couple) ဟာ ပျားရည်ဆန်းခရီးကို ထွက်ခွာသွားခြင်း (leave on honeymoon) ပဲ ဖြစ်ပါတယ်။
မင်္ဂလာဆောင်ခြင်းဆိုင်ရာ တခြားဝေါဟာရများ (Other wedding vocabulary)
Pre-wedding nerves = မင်္ဂလာပွဲမတိုင်မီ အကြို စိတ်လှုပ်ရှားခြင်း
Wedding bells = မင်္ဂလာခေါင်းလောင်းသံ (မင်္ဂလာစုံတွဲ ဘုရားကျောင်းထဲက ထွက်လာတဲ့အခါမှာ ဘုရားကျောင်းရှိ ခေါင်းလောင်းများမှ ထွက်ပေါ်လာတဲ့ ရိုးရာခေါင်းလောင်းသံများ)
Wedding cake = မင်္ဂလာကိတ်မုန့် (အဲဒါကတော့ မင်္ဂလာစားသောက်ပွဲ အပြီးသတ်၌ စားရသော အဆင့် (၃) ဆင့်ပါတဲ့ ရိုးရာမင်္ဂလာကိတ်မုန့်ဖြစ်ပါတယ်)

No comments:
Post a Comment