၁။
အမှတ်စဉ် (၁) မှာ သူမ ပါမလာတာ ကျွန်တော် မအံသြပါဘူး။ အမှတ်စဉ် (၂) မှာ သူမ မပါလာတော့ နည်းနည်းလေးပါပဲ။ စိတ်ထဲ ထင့်ခနဲဖြစ်တယ်။ အမှတ်စဉ် (၃)။ ပါမလာဘူး။ (၄) ပေါ့လို့ ကျွန်တော် မျှော်လင့်လိုက်တယ်။ အမှတ်စဉ် (၄)။ သူမ………….။ သူမ မဟုတ်ပြန်ဘူး။ ကျွန်တော်နည်းနည်းတွေဝေလာ။ အမှတ်စဉ် (၅)။ ကျွန်တော် ချွေးပြန်နေပြီပဲ။ အမှတ်စဉ် (၆) ကျွန်တော် ခေါင်းတွေ ပူထူလာပြီး အမှတ်စဉ် (၇)။ ကျွန်တော် နှလုံးသားတွေ တဒုန်းဒုန်း ခုန်လာ။ အမှတ်စဉ် (-) ကျွန်တော် နှလုံးသွေးတို့ လည်ပတ်မှုအားများ လျော့နည်းသွား။
ကျွန်တော် အမြင်အာရုံတွေေ၀၀ါးလာတယ်။ ဘယ်မှာလဲ။ ဘယ်မှာလဲ သူမက။ ကျွန်တော် ချစ်သော သူမ။ တိမ်တွေက တဖြည်းဖြည်း ၀ါညိုသမ်းလာတယ်။ အဝေးက ဆေးရုံကားသံတွေလား။ တဝေါဝေါ….။ လေချွန်သံဟာ ကိုယ့်ကိုယ်ကို အားပေးဖို့။ ကျွန်တော် နှုတ်ခမ်းတစ်စုံကို ကျွန်တော် Control မလုပ်နိုင်တော့ဘူး။ ရီဝေလာ။ ကျွန်တော် ဖွာလာတဲ့ မီးခိုးတန်းများ ကျွန်တော် မျက်လုံးထဲ ၀င်ရောက်။ ခုတော့ ကျွန်တော် သူမကြောင့် မဟုတ်ဘဲ သူမကြောင့် မျက်ရည်ကျရပြီပေါ့။
သူမမရှိတော့တဲ့ အခါ အဝေးက သစ်ပင်ကြီးက အညိုရောင်ကြီး။ ကျွန်တော်မုန်းတယ်။ မော့ကြည့်မိတော့ ကောင်းကင်ကြီးက ကြည်ပြာရောင်ကြီး ကျွန်တော် မုန်းတယ်။ အဝေးက ရှုမျှော်ခင်းတွေဟာ အစိမ်းရင့်ရောင်။ ကျွန်တော် မုန်းတတ်ခဲ့တယ်။ ကျွန်တော် မုန်းခြင်း၊ မမုန်းခြင်းတို့နဲ့ ကင်းလွတ်စွာ ကျွန်တော်သူမကို လွမ်းတယ်။ ဘက်စ်ကား ကြပ်ကြပ်ကြီးကိုလည်း လွမ်းတာပဲ။ ချွေးစော်နံနေတဲ့ လူတောကြီးကိုလည်း လွမ်းသင့်ရင် လွမ်းရမှာပဲ။ လက်တန်းပြုတ်နေတဲ့ ထိုင်ခုံတစ်ခုံကိုလည်း လွမ်းချင် လွမ်းပစ်လိုက်ရမှာပေါ့။ ကိုယ် အ၀အလင်ကျွေးနေတာတောင် လုစားနေကြတဲ့ ခိုတွေလည်း ကျွန်တော် လွမ်းပစ်လိုက်မယ်။ သူမ မရှိတော့တဲ့ အခါပေါ့။
ကဲ…. ငါ့ရဲ့ လက်ဖ၀ါးပေါ်မှာ
ခရေပွင့်တွေ ပွင့်ခဲ့တဲ့ ကောင်မလေးရေ
ငါဟာ မင်းအတွက်
တောကြီးမျက်မည်းကနေ
ဟိုး….အဝေးက ပန်းပွင့်တွေအထိ
စချင် ဆုံးချင်တဲ့ ကောင်ပါ။
၂။
ဒီညအဖို့တော့ ကောင်းကင်ကြီး မရှိတော့ဘူး။ ငါကိုယ်တိုင် တိမ်တွေပေါ် တက်ထိုင်ပြီး အရက်သောက်ပစ်ခဲ့တယ်။ မူးတယ်။ ဝေတယ်။ ပြီးတော့ စကားလုံးတွေကို တိမ်တွေထဲ ခိုးဝှက်ထားခဲ့ပြီး ငါမင်းကို တိတ်တိတ်ကလေး လွမ်းမယ်။ ခုနေများ ငါတက်ထိုင်နေတဲ့ တိမ်တွေ မိုးရွာသွားရင် ငါ့အလွမ်းတွေ မင်းအပေါ် လေကြီးမိုးကြီးကျလိမ့်မယ် အချစ်ရဲ့။ မင်း အဲဒီအခါ ရယ်ပါ၊ မောပါ။ ပြုံးပါ။ ဖြစ်နိုင်ရင် ဟက်ဟက်ပက်ပက် ငါ့ကို ဟားတိုက်ပါဦး။ ငါဟာ မင်းအတွက် ဘာမှ သုံးစားမရတဲ့ ကြက်ဥ အခွံပဲ။ ခွာနေရတာပဲ မင်းအတွက် အလုပ်ရှုပ်နေခဲ့တယ်မလား။
လာပါ လေညှင်း
ငါတို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့
ဘ၀ရဲ့ ဖြစ်တည်ခြင်းတွေကိုရော
သစ်ရွက်ကလေးတစ်ရွက်ရဲ့ ၀ါရင့်ရော်ကာ ကြွေကျသွားပုံမျိုးရော
ငါတို့ အတ္တတွေ ကင်းမဲ့
သွေးမဲ့လူသား ပုံစံမျိုးနဲ့
ခင်ကျင်းလိုက်ကြရအောင်လား……..
၃။
ချစ်သူဟာ ဒီနေ့မှာမှ ငါ့အတွက် အရမ်းကြီး လှလို့နေပေါ့။ နေရောင်တွေ ၀ါလွင်နေတဲ့ တစ်နေ့ပါပဲ။ ချစ်သူဟာ ထမင်းချိုင့်လေးကိုင်။ အနီရောင် ပိုးသား အင်္ကျီပါးပါးလေးနဲ့ မြေကြီးနဲ့ ခြေထောက် မထိဘဲ လမ်းလျှောက်နေခဲ့တာပေါ့။ ဟောဒီကောင် အသက်တွေ အထပ်ထပ်အခါအခါ သေရတယ်။ မျက်ခုံးမွေးတဲ့။ တကယ်ပဲ ကွေးညွှတ်ပြီး ဘယ်ညာ နှစ်ခု ရေးရေးလေး ထိစပ်။ အဲဒီ နယ်စပ်မှာ ငါ နေထိုင် ရှင်သန်ချင်တယ်။
သစ်ပင်ကြီးတွေ ကွေးညွှတ်။ လမ်းမကြီးတွေ ဖြန့်ခင်း။ ပလက်ဖောင်းကြီးတွေ ရင်ကို ကော့။ မြို့ပြကြီးက ချစ်သူကို ကောင်းချီးပေးလိမ့်မယ်။ ငါဟာ မြောင်းပုပ် ခပ်မည်းမည်းထဲ။ ရေဆိုး ခပ်ညစ်ညစ်ထဲ။ လူကို မြှုပ်ကွယ်လု ခေါင်းကို ဖေါ်ရုံလေးဖေါ်လို့ ချစ်သူကို လမင်းလက်ဖ၀ါးထဲ ထည့်ဖို့ စိတ်ကူးယဉ်နေခဲ့တဲ့ကောင်။
ငှက်ကလေးတွေရေ
ငါတို့လူတွေဆိုတဲ့ သီချင်းတွေထက်
ချိုမြိန်ခြင်းတွေ သယ်ဆောင်လာပါ
နှုတ်ခမ်းတွေ မပွင့်ဟဘဲ
ချစ်သူပျော်စေမယ့် တေးသွားများ
တစ်ပုဒ်ပြီး တစ်ပုဒ်ဖွင့်ဟ
ဖဲကြိုးဝါတွေ ငါကိုင်ရင်း ဆုတောင်းနေရပေါ့ ……..
(၄)
“လူတွေက ခက်ပါတယ်ဗျာ”
ကျွန်တော်က ဘာလို့လဲလို့ သူ့ကို ပြန်ကြည့်တော့ သူက ခေါင်းကို ငိုက်စိုက်ချထားတယ်။ ဘာကြောင့်လဲ။ သူဘာအတွက်ကြောင့် စိတ်ညစ်နေသလဲပေါ့။ တကယ်တော့။ သူခံစားနေရတာ တစ်ခုဆို တစ်ခုကြောင့်ပေါ့။ ဒါပေမယ့် အဲဒီတစ်ခုထက်ကြောင့်ထက်တော့ ပိုပါ့မလား။ ဒါဟာ ပန်းတွေကို ရေလောင်းပေးဖို့ မေ့နေတဲ့ လူသားတစ်ဦးရဲ့ ပန်းပွင့်စေဖို့ မျှော်လင့်ချက်တွေများလား။ လူတွေဟာ တဖြည်းဖြည်း မသိကိန်းတွေ များလာတယ်။
“တကယ်တော့ကွ
ဘ၀ဟာ အတင်းကြီး ပွင့်ခိုင်းလို့ မရတဲ့ ပန်းပေါ့
အဲဒါတွေဟာလည်း မုန်တိုင်းပြီးစ တိမ်တွေလို
မတူခြားနားပဲ လှနေဦးမှာပါ”
“ကျွန်တော့်မှာ ဖိနပ်မှ မရှိတော့တာဗျာ”
“ပန်းပွင့်တွေကို မော့ကြည့်လိုက်ပါ
ကောင်းကင်ကြီးကို ငုံကြည့်လိုက်ပါ
မင်းဟာ သဘာဝ မကျခြင်းနဲ့ လူသားဆန်မှုတွေကို
မျှတ ဆင်ခြင်ပြီးနေရမှာပဲ မဟုတ်လား”
ကျွန်တော် ပြောတော့ သူခေါင်းငိုက်စိုက် ကျသွားပြန်တယ်။ ညှိုးနွမ်းနေတဲ့ သစ်ရွက်တစ်ရွက်လို မျက်နှာမျိုးနဲ့ သူဟာ သူ့ခြေထောက်တွေကို အနိုင်နိုင် ထပြန်သွားတယ်။
ပန်းပွင့်တွေ ညနေခင်း သီချင်းတစ်ပုဒ်ကို
နာနာကျည်းကျည်းသီဆိုနေတဲ့ ညပါပဲ
ခွန်အားမရှိဘဲ ခါးသီးနေရတဲ့အခါ
နာကျည်းချက်ဆိုတာ လူငယ်တစ်ယောက်ရဲ့ ဖွင်ဟ ၀န်ခံမှု
အဲဒီ တစ်တောလုံးက အမှောင်တွေတောင်
ငါ့ကို မနိုင်ဘူး
ပိုးစုန်းကြူးတွေကို မုန်းတယ် ……….
၅။
ချစ်သူဆိုတာ။ ကိုယ်ချစ်ရတဲ့ သူ မဟုတ်ဘူး။ ကိုယ့်ကို ပြန်ချစ်နေတဲ့ သူလည်း မဟုတ်ဘူး။ ချစ်သူဆိုတာ ချစ်သူပဲ။ ချစ်သူ ဆိုတာ ချစ်နေရသူ တစ်ယောက်ထက် ဘာကိုမှ ရှင်းပြလို့ မရတဲ့ မသိကိန်း။ ချစ်သူဆိုတာ ဟောဒီ တစ်လမ်းလုံးမှာ သူ့ကို မျှော်နေရတဲ့ စောင့်စားမှုတွေချည်း။ ချစ်သူဆိုတာ သူ့ကို စောင့်ရင်း ကိုယ်တစ်ယောက်တည်း သန်းပေါင်းများစွာ ပြောခဲ့ရတဲ့ စကားလုံးတွေချည်း။ ချစ်သူဆိုတာ တခြားတစ်ယောက်၊ ဘယ်သူပဲ ဖြစ်ဖြစ် မေ့ပစ်လိုက်ဖို့ အသင့်ဖြစ်နေတဲ့သူ။
ချစ်သူ။ အမှတ်စဉ် (၁) မပါလာဘူး။ ချစ်သူ။ အမှတ်စဉ် (၂) မှာ မပါလာဘူး။ ချစ်သူ။ အမှတ်စဉ် (၃)။ မပါလာခဲ့ဘူး။ ချစ်သူ။ အမှတ်စဉ် ပေါင်းမြောက်များစွာ မပါလာဘူး။ လူငယ်တစ်ယောက်ရဲ့ ချစ်သူ။ ဘယ်မှာလဲ။
လူငယ်တစ်ယောက်မှာ တာဝန်တွေပဲ ရှိရမှာလား။
လူငယ်တစ်ယောက်မှာ စိတ်ကူးယဉ်မှုတွေ မရှိရတော့ဘူးလား။
လူငယ်တစ်ယောက်မှာ ၀တ္တရားတွေ ဘယ်လောက်များနေမှာလဲ။
လူငယ်တစ်ယောက်မှာ တေးသွား တစ်ပုဒ်ကို ဌာန်ကရိုင်းကျကျ ရွတ်ဆိုပြမှ အိပ်မက်တွေ လှပလာမှာလား။
လူငယ်တစ်ယောက်မှာ အေးအေးဆေးဆေး အလွမ်းတွေကို စိတ်ကူးပုံဖေါ်၊ တိမ်တွေပေါ်တက်ထိုင် သူ့ကိုယ်သူ မိုးရွာပြနိုင်ခွင့်တွေ ပျောက်ဆုံးသွားခဲ့လို့များလား။
ချစ်သူ။ အဲဒါဟာ လက်တွဲဖေါ် မဟုတ်ဘူး။ ချစ်သူ။ အဲဒါဟာ စိတ်ကူးယဉ်နေမှုထက် ပိုတယ်။
နွေဦးရဲ့ အလှတရားများ။
သစ်ရွက်လေးတွေ ကြွေကျရင်း မြေပြင်ပေါ်ကို မရောက်ဘဲ လေထဲမှာ ခဏ ဝေ့နေ ၀ဲနေပုံများ။
လောကကြီးက မတရားဘူး
စစ်တွေချည်း ဖြစ်နေတယ်
အမေ၊ အဖေ မတရားဘူး
ရန်တွေချည်း ဖြစ်နေတယ်
ဘာပဲဖြစ်ဖြစ် လူငယ်ကတော့ လူငယ်ပဲလေ
ချစ်သူကို အလွမ်းတွေ ရာသီဥတုလုပ်
မုန်တိုင်းတွေ ဖြစ်ခွင့်ရှိတယ်။
အလွမ်းကို ရစ်ဝေေ၀ သောက်သုံး
အလွမ်းတွေ ခါးသီးခွင့် ရှိရမယ်
ချစ်သူကို ချစ်ကြစေ
ချစ်သူကို လွမ်းကြစေ
ချစ်သူကို စိတ်ထင်တိုင်း
ခဏတာ ထင်တိုင်းကျဲကြပါ လူငယ်တို့။
(ဆယ်တန်းကျောင်းသား တစ်ယောက်ရဲ့ လက်ရာကို ပြန်ခံစားလို့ မရတော့ဘဲ လျှောက် ပေါင်းထည့်လိုက်ခြင်း)
ရင်နင့်အောင်

No comments:
Post a Comment