CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
"စစ်အာဏာရှင်အဆက်ဆက် မရိုးမသား ကျင့်သုံးခဲ့တဲ့ ပညာရေးစနစ်က ကလေးတွေရဲ့ ဘ၀ကိုကျိုးကန်းသွားစေခဲ့တာပါ" ဆရာစိုးဝင်းဦး(ဒေါက်တာဘိုင်အို)နှင့်တွေ့ဆုံခြင်း
Q - ဒီနေ့ခေတ် တက္ကသိုလ်တွေ ကျောင်းတွေမှာ ကလေးတွေရဲ့ စာရိတ္တ ပိုင်းဆိုင်ရာ အားနည်းချက် ချို့ယွင်းချက် လေးတွေ တွေ့လာရပါတယ်။ အဲဒီလို ဖြစ်လာတဲ့ အဓိကအခြေခံအကြောင်း ရင်းက ဘာလို့ထင်ပါလဲဆရာ။
A - တက္ကသိုလ်တွေက အဓိပ္ပာယ် မပြည့်ဝတဲ့ ပညာရေးဝန်းကျင် ဖြစ်နေပြီး ကလေးတွေက စနစ်တကျ လေ့ကျင့်ခွင့် မရကြတဲ့အတွက် အဲဒီလိုမျိုး ကိစ္စတွေ ဖြစ်နေတာပါ။ ဒီလိုဖြစ်အောင် လည်း စစ်အစိုးရက သူ့ရဲ့လုံခြုံရေးဦးတည် ချက် စစ်ရေးအမြင်အရ မြစ်ကူး၊ ချောင်း ကူး၊ တံတားကူးနေရာတွေရဲ့တစ်ဖက် ကျောင်းတွေကိုပို့ထားတယ်။ တံတားတွေကိုပိတ်ဆို့ လိုက်ခြင်းအားဖြင့် သူတို့ရဲ့လုံခြုံရေးကို အရယူထားတယ်။ စစ်အစိုးရက ကျောင်းသားတွေကို အထူးသဖြင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေကို တောက်လျှောက် ရန်သူသဖွယ်ရှုမြင်ခဲ့တယ်။ စစ်အစိုးရ စတက်လာတဲ့ ၁၉၆၂ ခုနှစ်ကတည်းက ဓားဓားချင်း၊ လှံလှံချင်းဆိုတဲ့ ကြိမ်းဝါးသံနဲ့ ဗိုလ်နေ၀င်းက ဇူလိုင် ၇ ရက်မှာသမဂ္ဂအဆောက်အအုံကို ဖြိုခွဲပြီး ကျောင်းသားသမဂ္ဂဆိုတဲ့ ၀ိညာဉ်ကို သတ်ပစ်လိုက်တယ်။ ဒီဝိညာဉ် ပြန်နိုးမှာစိုးတဲ့အတွက် ကျောင်းသားတွေအားလုံးကို ကျောင်းစာလည်း ထိရောက်အောင်မသင်ပေးဘူး။ တက္ကသိုလ်ရဲ့အငွေ့အသက်ဆိုတာကလည်း အဆောင်နေဘ၀ပေါ့ Hostel Life မရှိရင် မပြည့်စုံဘူး။ အဲဒါကိုလည်း သူတို့ကမပေးဘူး။ ကျောင်းသူ၊ ကျောင်းသားတွေဟာ မိမိအိမ်နဲ့ဝေးလံစွာ ကျောင်းလာတက်ရမယ်ဆိုတော့ ပုဂ္ဂလိက အဆောင်တွေမှာငှားနေရတယ်။ ပုဂ္ဂလိကအဆောင်က စနစ်တကျလုပ်ဆောင်ထားတာ မဟုတ်တဲ့အတွက် အဲဒီမှာ Sex ကိစ္စ၊ ဖိုမကိစ္စအထိအတွေ့က အပျိုပါက် လူပျိုပေါက်မှာ ရှိကို ရှိတယ်။ ဒီအရွယ်က ပေါက်ကွဲမယ့်အရွယ်။ ဒါ အခုမှရှိတာ ဖြစ်တာတော့မဟုတ်ဘူး။ ဟိုးတုန်းကလည်း ရှိခဲ့တယ်။ ဒါကို ကောင်းမွန်တဲ့ပညာရေးနဲ့ မထိန်းချုပ်နိုင်တဲ့အခါ ဒီလိုကိစ္စတွေ ကျောင်းထဲမှာပါဖြစ်လာတယ်။ ဒါကြောင့် ဖြစ်သွားတဲ့ကိစ္စမှာ တရားခံက စနစ်ပါပဲ။ စစ်အာဏာရှင်အဆက်ဆက်ရဲ့ မရိုးမသားကျင့်သုံးခဲ့တဲ့ ပညာရေးစနစ်က ကလေးတွေရဲ့ ဘ၀ကိုကျိုးကန်းသွားစေခဲ့တာ။ အဓိပ္ပာယ်မဲ့သွားစေခဲ့တာ။ ဘေးထွက် ဆိုးကျိုးတွေပါပဲ။ KTV ၊ တည်းခိုခန်း၊ ဘီယာဆိုင်ကစလို့ မူးယစ်ဆေးဝါး မျှဝေသုံးစွဲတာတွေ ရောင်းဝယ်တာတွေပါ ကျောင်းသားလောကမှာ ဖြစ်လာတယ်။ ဒါကြောင့်မို့ တက္ကသိုလ်လောကကြီးကို သင်ယူမှု၊ သင်ကြားမှုတွေနဲ့ အမြဲတမ်း တက်တက်ကြွကြွဖစ်စေပြီး လက်တွေ့ ဘ၀နဲ့ပေါင်းစပ်နိုင်မယ့် ပညာရေးစနစ်ကို မပြောင်းလဲနိုင်သရွေ့ ဒီလိုပဲဖြစ်နေမယ်။ တစ်လမ်းသွား စနစ်ပေါ့။ ဘွဲ့ကြိုသင်တန်းမှာ လက်တွေ့ပေါင်းစပ်မှုပရိုဂရမ်ကို သင်ကြားပေးရမယ်။ ဘွဲ့လွန်အဆင့်မှာ သုသေတနလုပ်ငန်းကို အားပေးရမယ်။ ဒါတွေဘာတစ်ခုမှ မလုပ်ပေးနိုင်ရင် ပညာရေးက လုံးဝအနှစ်သာရမရှိဘူး။ ဒီလို ဖြစ်အောင်လည်း စစ်အာဏာရှင်က လုပ်ထားခဲ့တာ။ တကယ်တော့ အားလုံးဟာ စနစ်တစ်ခုရဲ့သားကောင် ဖြစ်ခဲ့ရတာပါ။
Q - ဒါဆိုတော့ဆရာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ကလေးတွေထက် ကျောင်းရဲ့စီမံခန့်ခွဲမှုအပိုင်း အားနည်းလို့ ဆိုတာမျိုးကိုရော ပြောလို့ရမလား ဆရာ။
A - စီမံခန့်ခွဲမှုကလည်း တစ်ပိုင်းပါနိုင်တယ်။ အာဏာရှင်စနစ်ရဲ့လုပ်နည်းလုပ်ဟန်အောက်မှာ အသားကျနေတဲ့ ဆရာ၊ ဆရာမများက ကိုယ့်ဟာကို တီထွင်ပြီး မလုပ်တတ်ဘူး။ တက္ကသိုလ်ကျောင်းဆို တာလည်း ကိုယ့်ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပြည့်ပြည့်၀၀ရှိတဲ့ ကျောင်းတွေဖြစ်မလာဘူး။ အားလုံးက အပေါ်အဆင့်ဆင့်ကိုကြောက် ပြီးစိုးမိုးသွားတာဖြစ်တဲ့အတွက် တက္ကသိုလ်က မပြင်နိုင်ဘူး။ ပါချုပ်က ညွှန်ချုပ်ကို ကြောက်၊ ညွှန်ချုပ်က ဒုဝန်ကြီး စသဖြင့် အဆင့်ဆင့်ကြောက်နေတဲ့အတွက် လွတ်လွတ်လပ်လပ် စီမံပိုင်ခွင့်မရှိတဲ့အတွက်အဆင်မပြေဘူး။ နောက်တစ်ခုက ကျောင်းသားတွေရဲ့ အခွင့်အရေးနဲ့လိုအပ်ချပ်ကိုတင်ပြနိုင်မယ့် ကျောင်းသားသမဂ္ဂမရှိတဲ့ အမှားပါ။ သမဂ္ဂတွေရှိခဲ့ရင် ဒီလိုပြဿနာတွေ မရှိဘူးလို့ပြောနိုင်တယ်။ ဖြစ်ခဲ့ရင်လည်း အချိန်မီဖြေရှင်းတားဆီးနိုင်မယ်။ ဒါကြောင့် သူတို့ရဲ့ လွတ်လပ်တဲ့ပညာရေးဝန်းကျင်၊ လွတ်လပ်တဲ့ကျောင်းသားသမဂ္ဂတွေရှိဖို့ လိုကိုလိုတယ်။ ဒီနေ့ဒါတွေဖြစ်လာတာ သင်ခန်းစာပဲ။ ဘယ်သူ့ကိုမှပြစ်တင် ရှုတ်ချပြီး အဖြေရှာလို့မရဘူး။ တကယ့် အနှစ်သာရလိုအပ်ချက်အရ လက်ရှိပညာ ရေးစနစ်ကို ပြင်နိုင်ဖို့ ကြိုးစားရမယ်။ ပညာရေးဌာနမှာရှိတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ ပညာရေးဝန်ကြီးတစ်ခုလုံးရဲ့ ခံစားမှု၊ ခံယူမှု၊ ဦးတည်ချက်တွေ ပြောင်းဖိုလိုတယ်။ တွေးခေါ်မှုအသစ်၊ ဦးတည်ချက်အသစ်ပေါ့။ ဝေဖန်သံတွေကိုလည်း ခံနိုင် ရည်ရှိဖို့လိုမယ်။
Q - ဆရာသိန်းဖေမြင့် ၀တ္တူထဲမှာ ပါတာလို့ထင်တယ် ဆ၇ာ။ နယ်ကနေ ရန်ကုန်တက္ကသိုလ်ပို့မဲ့ သမီးအတွက် အမေလုပ်တဲ့သူက အစိုးရိမ်ပိုလွန်းနေလို့ အဖေက၀င်ပြောတဲ့စကား ကျွန်တော်အရမ်းသဘောကျတာပဲ။ 'ဟဲ့ မိတင် တက္ကသိုလ်မှာ နင့်သမီးဘယ်ကောင်နဲ့ တွေ့တွေ့ အဲဒီကောင်ဆယ်တန်းတော့ အောင်ပြီးသားပဲ'ဆိုတာ။ ပညာတတ်ကို အလေးထားပုံပြောပါတယ်။ အခုခေတ် တက္ကသိုလ်ကျောင်းသားတွေက အဲဒီလို ဂုဏ်သိက္ခာနဲ့လျော်ညီအောင် ဘယ်လိုနေရမယ်ဆိုတာ သိပ်မသိကြဘူး ဖြစ်နေတယ်။ ဆိုတော့ဆရာတို့ ဖြတ်သန်းခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားဘ၀ကို ပြောပြပေးပါဦးဆရာ။
A - ကျွန်တော်တို့တုန်းက စာကြည့်တိုက်တွေထိုက်သင့်သလောက် ပြည့်ပြည့်စုံစုံရှိခဲ့တယ်။ ၈၈ နောက်ပိုင်းတော့ ပျက်စီးခဲ့ပါတယ်။ ကျောင်းသားစားဝတ်နေရေး သက်သာချောင်ချိရေးကို ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ လူငယ်ကန်တင်းမှာ ငါးမူးနဲ့ လက်ဖက်ရည်တစ်ခွက် သောက်လို့ရတယ်။ ကားခ က ဆယ်ပြား။ ပြားနှစ်ဆယ်နဲ့ ကားဆီးလို့ရတယ်။ ဆိုလိုတာက ရှိနေတဲ့ ၀င်ငွေနဲ့ မျှမျှတတ အသုံးပြုခွင့်ရအောင် တက္ကသိုလ်မှာ ဖန်တီးပေးထားတယ်။ ဒါက ထူးခြားချက်ပေါ့။ တက္ကသိုလ်ဆိုတာ ဘွဲ့ယူဖို့အတွက် ကျောင်းစာတွေတစ်ခုတည်း သင်တဲ့နေရာမဟုတ်ဘူး။ လူ့လောကအတွေ့အကြုံအားလုံးကို လောကထဲ မတိုးဝင်ခင်စပ်ကြား လိုအပ်သမျှအပြီး သင်ပေးလိုက်တာ။ ပေါင်းသင်းဆက်ဆံရေး အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရား၊ စိတ်ရှည်သည်းညည်းခံမှု၊ ခွင့်လွှတ်မျှဝေမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ အသင်းပင်းကိစ္စ၊ စီမံခန့်ခွဲနိုင်စွမ်း၊ စည်းရုံးရေးစွမ်းရည် စသဖြင့် လူတစ်ယောက်က လက်တွေ့ဘ၀၀င်တဲ့အခါမှာ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်၊ လူ့အဖွဲ့အစည်းတွေ အဆင့် ဆင့်မိသားစုခေါင်းဆောင်တစ်ယောက်၊ ရပ်ရွာကစ တိုင်းပြည်အထိ အဆင့်ဆင့် မြင့်တက်လာနိုင်တဲ့ အခြေခံအရည်အချင်းတွေကို တက္ကသိုလ်တက်ရင်းရလာကြတာ။ ကျွန်တော်တို့တုန်းက စာပေအနုပညာ၊ ယဉ်ကျေးမှု၊ အားကစား၊ ကင်းထောက်လုပ်ငန်း စတဲ့ အသင်းအဖွဲ့လိုက် ဆောင်ရွက်မှု၊ အားကစားဆို တက္ကသိုလ်မေဂျာအလိုက်၊ တက္ကသိုလ်ဆိုင်ရာအဆင့်အထိ ပွဲတွေကျင်းပပြီး လက်ရွေးစက်တွေထွက်ခဲ့တယ်။ အာလုံးက တက္ကသိုလ်ကျောင်းက ထွက်လာခဲ့တာပါ။ လက်ရှိ တက္ကသိုလ်က လက်တွေ့နဲ့ဆက်စပ်မှုမရှိဘူး။ ကဏ္ဍအားလုံးရဲ့ အခြေခံရေသောက်မြစ်ကတော့ ပညာရေးပဲ။ ဒါပေမဲ့ အစိုးရဘက်ကတော့ စီးပွားရေးလို့မြင်တယ်။ အရပ်ဖက်အဖွဲ့နဲ့အစိုးရကြား ဒီအမြင်ကွာခြားမှု ရှိနေမယ်ထင်တယ်။
Q - နောက်ပြီးတော့ ဆရာ၊ ဒီနေ့ခေတ်ကလေးတွေက Ideal Person အဖြစ် ဘယ်သူ့ကို ထားရမှန်းမသိဘူး ဖြစ်နေကြတယ်ဆရာ။ အဲဒီအပေါ် ဆရာ့အနေနဲ့ ဘယ်သူတွေကို စံပြပုဂ္ဂိုလ်တွေအဖြစ် ထားစေချင်ပါသလဲ။
A - ၈၈ တော်လှန်ရေး ငွေရတုလုပ်တယ်။ သက်စွန့်ကြိုးပမ်းပါဝင်ခဲ့တဲ့ သူရဲကောင်းတွေ တက္ကသိုလ်လောကရဲ့ သူရဲကောင်းတွေ အများကြီးရှိပြီ။ ဒီနေ့အောင်မြင်အောင် ကြိုးစားနေကြတဲ့ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှာ ရှိနေပါတယ်။ ဒါတွေကို သူတို့ခေါင်းထဲမှာ အလေးထားရမယ့် Icon တွေအဖြစ် ရှိနေစေချင်တယ်။ သူတို့အတုယူအားကျစရာဖြစ်ရင်တော့ တိုးတက်လာမှာပါ။ နောက်တစ်ခုက လက်ရှိ မျိုးဆက်သစ်တွေနဲ့ခါင်းဆောင်အလွှာတွေကြားမှာ အထိအတွေ့လေးတွေ ရှိဖို့လိုတယ်။ အခွင့်အလမ်းက ကျောင်းသားသမဂ္ဂဆိုတဲ့ အရာတွေကနေ ထိတွေ့နိုင်တယ်။ စံပြပုဂ္ဂိုလ်တွေထားခြင်းအားဖြင့် ကလေးတွေဦးတည်ချက်တွေ ပိုကောင်းလာလိမ့်မယ်လို့မြင်ပါတယ်။
Q - အခုခေတ်ကလေးတွေ အဆောင်နေလို့ ပျက်စီးကြတယ်ဆိုပြီး ဝေဖန်ကြတဲ့အပေါ် ဆရာဘယ်လို မြင်ပါသလဲ။
A - ဗိုလ်ချုပ်ကိုယ်တိုင် အိမ်ကနေပြီး ကျောင်းတက်ခဲ့မယ်ဆိုရင် ကျောင်းသားဘ၀မှာကတည်းက သခင်အောင်ဆန်းတောင် ဖြစ်လာမယ်မထင်ဘူး။ အဆောင်နေခဲ့ရလို့သာ ဦးနုတို့လို ကိုဗဟိန်းတို့လို ပုဂ္ဂိုလ် တွေနဲ့ ရေနံချောင်းကနေ ကျောင်းလာတက်တဲ့ကောင်လေး ကိုအောင်ဆန်းနဲ့ ဆုံစည်းမိပြီး ရန်ကုန်တက္ကသိုလ်မှာ အလွန်လှပတဲ့ နိုင်ငံရေးစကားဝိုင်းလေးတွေဖြစ်ပေါ်လာတာ။ သူ့ရဲ့ နိုင်ငံရေးအသိကို လှုပ်နှိုးလိုက်နိုင်ခဲ့တာ။ အဲဒီလိုနဲ့ နိုင်ငံကိုပြောင်းလဲမယ့် ခေါင်းဆောင်တစ်ယောက် ပေါ်ထွန်းလာခဲ့တာပေါ့။
Q - စစ်အစိုးရလုပ်ထားခဲ့တာက လုံခြုံရေးအခြေခံတဲ့ပညာရေးစနစ် security based education system ပေါ့။ အဲဒီစနစ်ကြီးကနေ အသိပညာကို အခြေခံသောပညာရေးစနစ် knowledge based system ကိုသွားဖို့ အရင်ဆုံးဘာကိုပြင်ရမလဲဆရာ။
A - သင်ကြားရေးစနစ်၊ စာမေးပွဲစနစ် ပြောင်းရမယ်။ သင်ကြားရေးပုံစံမှာ လက်တွေ့နဲ့ ပညာရေးပေါင်းစပ်တဲ့ပုံစံဖြစ်ရမယ်။ ကိုယ်တိုင်လည်း တီထွင်ရမယ်။ ရှိနေတဲ့ကျောရိုးဟောင်းကိုလည်း မွမ်းမံတတ်ရမယ်။ သူ့ရဲ့ တင်ပြမှုအားလုံးကို အကဲဖြတ်တဲ့ စာမေးပွဲမျိုးကိုလုပ်ပေးရင် အမြဲတမ်း တတ်ကြွတဲ့ သင်ကြားမှု၊ သင်ယူမှုရှိလာမယ်။ ကျောင်းစာကို အပတ်တကုတ် လုပ်ခြင်းအားဖြင့် ကျန်တာလုပ်ဖို့ အချိန်မရှိတော့ဘူး။ အစိုးရဘက်ကလည်း ပညာရေးလှုံဆော်မှုလုပ်ရမယ်။ ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်ဆရာတွေနဲ့ပေါင်းပြီး ထိရောက်စွာ လုပ်ဆောင်နိုင်မှု၊ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ပေါင်းပြီး လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်မှုရပြီး တက္ကသိုလ်အုပ်ချုပ်မှုကောင်စီကို ကျောင်းသား၊ ဆရာ၊ မိဘ၊ အစိုးရ၊ ဒေသန္တရအစိုးရကိုယ်စားလှယ်တွေ အားလုံးပါပြီး လွတ်လွတ်လပ်လပ် စီမံဆုံးဖြတ်နိုင်တဲ့ အပြည့်အ၀လွတ်လပ်မှုရှိတာကို ပြောင်းလဲပေးနိုင်ရင် အလိုလိုအားလုံး ပြောင်းလဲလာမယ်လို့ မြင်ပါတယ်။
Q - တက္ကသိုလ်ကို တက္ကသိုလ်နဲ့ ပြန်ပြီးတူလာအောင် ဘယ်ကစပြီး လုပ်ရမလဲ ဆရာ။
-Decentralize ပြောင်းရမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်လာအောင် ဖွဲ့စည်းပြီး အုပ်ချုပ်မှုကောင်စီကို သီးသန့်လွတ်လပ်တဲ့ ဒေသန္တရအဖွဲ့တွေ ရပ်တည်ဖြစ်လာအောင် ဆောင်ရွက်ပေးရမယ်။ ပြည်ထောင်စုအစိုးရက ဘတ်ဂျက်ကို စီမံခန့်ခွဲရမယ်။ ဘတ်ဂျက်မှာ လိုအပ်ချက်ရှိရင် တက္ကသိုလ်အုပ်ချုပ်မှုကောင်စီကနေပြီး သက်ဆိုင်ရာ ဒေသန္တရအစိုးရနဲ့ ပူးပေါင်းပြီး လွတ်လပ်တဲ့ ရန်ပုံငွေရှာဖွေမှုတွေ ခွင့်ပြုရလိမ့်မယ်။ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးဖို့လိုတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်တွေက အကြံဥာဏ်ပေါင်းများစွာ ပေးလာပါလိမ့်မယ်။
Q - ဘာသာရပ်ဆိုင်ရာ ပါမောက္ခတွေအနေနဲ့ကော ဘယ်လိုတာဝန်ယူမှု တွေရှိသင့်သလဲဆရာ။
A - ကိုယ့်တာဝန်က ဘာလဲဆိုတာလောက်တော့ 'တာဝန်သိမှု'လေး ရှိသင့်တယ်ထင်တယ်။ ကိုယ့်ရာထူးတိုးဖို့လောက်ပဲ ကြည့်နေရင် အဆင်ပြေမှာမဟုတ်ဘူး။ ရာထူးပေးတဲ့နေရာမှာ စစ်အစိုးရက ယုံကြည်မှုကိုကြည့်တယ်။ အဲဒီ ယုံကြည်မှုက ကိုယ့်ကိုအာမခံဘူး။ သစ္စာရှိတဲ့သူကိုပဲ လက်ခံမယ်ဆိုတာမျိုးမဖြစ်ရဘူး။
Q - ဆရာက ဒေါက်တာဘိုင်အိုရယ်လို့ ကလေးတွေနဲ့ နှစ်ပေါင်းများစွာ ပညာရေးမှာ ထိတွေ့ခဲ့သူဆိုတော့ လက်ရှိ GTC ကိစ္စပေါ်အခြေခံပြီး ကျာင်းသား ကျောင်းသူတွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဆရာ။
A - ကလေးတွေရဲ့စိတ်ထဲမှာ ဖြစ်သွားပြီးတဲ့ကိစ္စတစ်ခုကြောင့် ကျောင်းရဲ့ဂုဏ်သိက္ခာကျဆင်းစေခဲ့တာ မဟုတ်ဘူး။ နဂိုကတည်းက တက္ကသိုလ်တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာက စုံးစုံးမြုပ်လုမတက် ကျပြီးသားပါ။ ဒီအပေါ်မှာ ထပ်ပြီး ငါတို့ ဂုဏ်သိက္ခာကျတယ်။ ရှက်တယ်လို့ အကောက်ယူလွဲ ရှက်နေပြီး အားငယ်စိတ်၊ သိမ်ငယ်စိတ်ကို လက်ခံထားတာမျိုးတွေ မလုပ်ပါနဲ့။ ဒါက သဘာဝက ဖြစ်လေ့ဖြစ်ထရှိတဲ့ စီမံခန့်ခွဲမှုစနစ်များရဲ့ ဆိုးကျိုးရလဒ်မျိုးသာ ဖြစ်တယ်။ သို့သော် ဒီရလဒ်ကို အပြုသဘောဆောင်ပြီး အချင်းချင်းသတိပေးကာ ပညာရေးပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်လာအောင် ကိုယ်တိုင်တတ်နိုင်သမျှ ကြိုးစားပြီး စည်းကမ်း၊ဂုဏ်သိက္ခာရှိတဲ့ သူရဲကောင်းတွေဖြစ်လာအောင် လုပ်ဖို့လိုတယ်။ ကျောင်းသားသမဂ္ဂတို့၊ ကိုယ်ပိုင်စီမံခန့်ခွဲမှုတို့ကိုရဖို့ အမြဲကြိုးစားနေဖို့လည်း လိုမယ်။ အခုခေတ်က တိုက်ပွဲဝင်တဲ့ ခေတ်မဟုတ်တော့ဘူး။ ပူးပေါင်းအဖြေရှာတဲ့ခေတ်ပါ။ ဒါကို တည်ဆောက်မှု အမြင်နဲ့ စဉ်းစားပြီး အားကြိုးမာန်တက် ကြိုးစားကြမယ်ဆိုရင် အကောင်းဘက်ကို ပြောင်းလာဖို့ တကယ်ရှိနေပါတယ်။
နဒီ၊ ကိုဖြိုး
***မှတ်ချက် - စာစီမှားယွင်းမှုအချို့ ကို ပြင်ဆင်၍ပြန်ဖော်ပြသည်။***
"စစ်အာဏာရှင်အဆက်ဆက် မရိုးမသား ကျင့်သုံးခဲ့တဲ့ ပညာရေးစနစ်က ကလေးတွေရဲ့ ဘ၀ကိုကျိုးကန်းသွားစေခဲ့တာပါ" ဆရာစိုးဝင်းဦး(ဒေါက်တာဘိုင်အို)နှင့်တွေ့ဆုံခြင်း
Reviewed by
VC
on
August 26, 2013
Rating:
5
No comments:
Post a Comment