မြန်မာနိုင်ငံအနှံ့ နေရာပေါ်မူတည်၍ မြေဈေးသတ်မှတ်ရန် အစိုးရက လုပ်ဆောင်နေချိန် ဟင်္သာတမြို့ အဝေးပြေး ယာဉ်ရပ်နားစခန်းသစ် တည်ဆောက်ထားရာ နေရာနှင့် ဆက်စပ်လျက်ရှိသည့် ဟင်္သာတ-ရန်ကုန် အဝေးပြေးလမ်းဘေး လယ်မြေများမှာ တစ်ဧကလျှင် ကျပ်သိန်းတစ်ရာအထိ ပေါက်ဈေး ရှိကြောင်း လယ်မြေပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ တည်ဆောက်ပြီး အဝေးပြေး ကားဂိတ်အသစ်မှာ ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း ယင်းအနီးလယ်မြေများကို လုပ်ငန်းရှင်များက ကြိုတင်ဝယ်ယူထားခြင်း ဖြစ်ပြီး ကျပ်သိန်း တစ်ရာ့ငါးဆယ်အထိ ပေးဝယ်ကြောင်း လယ်မြေ ရောင်းချခဲ့သူတစ်ဦးက ပြောဆိုသည်။
ဟင်္သာတမြို့မှ ဇလွန်မြို့ဘက်အထွက် အဝေးပြေးကားဂိတ်သစ်နှင့် ဆက်စပ်ရာ လမ်းကြောင်း တစ်လျှောက်တွင် စီးပွားရေး လုပ်ငန်းရှင်များက လယ်မြေများ လိုက်လံဝယ်ယူနေခြင်း ဖြစ်ကြောင်း ဟင်္သာတမြို့ခံ ဦးမြင့်သူက ပြောကြားသည်။
ရန်ကုန်မြို့ပြစီမံကိန်း ပါဝင်သည့် ဒလမြို့သို့ တံတားထိုးမည့် အစီအစဉ်မှာ လက်ရှိအစိုးရ လက်ထက်တွင် မစတင်သေးဟု နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောဆိုလိုက်ပြီးနောက် ခေါင်ခိုက်နေသည့် ယင်းနေရာရှိ မြေဈေးနှုန်းများ ထက်ဝက်ပြန်ကျသွားကြောင်း ပြည်တွင်း သတင်းမီဒီယာများက ဖော်ပြကြသည်။
No comments:
Post a Comment