15 August 2013 |
- By The Voice Journal
စင်ကာပူမှာ အလုပ် လုပ်စဉ်က တစ်ညနေမှာ ဂျူနီယာ ဆူပါ ဗိုက်ဇာလေး တစ်ယောက်က မိမိကို အိမ် တစ်အိမ်သို့ ခေါ်သွားဖူး၏။ ထိုအိမ်မှာ ကြိုးကြာ မောင်နှံ (Double Crane) ကုမ္ပဏီမှာ လုပ်နေပြီး သူတို့မေးသည့် Diamond အဆင့် ရောက်သွားသော လူငယ်တစ်ယောက် အိမ်ပဲ ဖြစ်သည်။ အယ်ကျူးနီ ဘူတာနားမှာရှိသော သူ့တိုက်ခန်းဟာ အထပ် ဘယ်နှထပ်မြောက်မှာရှိမှန်း မမှတ်မိတော့ ပေမယ့် သူ့အခန်းထဲမှာရှိသည့် သူတို့ ဇနီးမောင်နှံ ပုံတူ ပန်းချီကားလေးကိုတော့ သဘောကျမိ၏။ မိမိ ဂျူနီယာကလည်း ထိုဆေး ဖြန့်ချိရေးလုပ်ငန်းမှာ ဝင်လုပ်ဖို့ ခေါ်သွားခြင်း ဖြစ်သည်။ သူ့ကို အားနာ ၍သာ လိုက်သွားရပေမယ့် ထိုလုပ်ငန်းကို အစောကြီးကတည်းက ဆန္ဒမရှိပါဟု ပြောပြီးသား ဖြစ်ပါသည်။
“ဆရာရယ်၊ သူ့လို Diamond အဆင့်ရောက်ရင် ကိုရီးယားတို့၊ အီတလီတို့ အစရှိတဲ့ နိုင်ငံတွေက Double Crane အဖွဲ့ဝင်တွေ တွေ့ဆုံပွဲတွေကို စရိတ်ငြိမ်း သွားရမှာ။ လစဉ် ဘာမှ မလုပ်ပေမယ့် ဒေါ်လာ လေးသောင်းလောက် ရနေမှာ။ ဒီလုပ်ငန်းက တကယ်လုပ်ရင် တကယ် ဖြစ်တယ်လို့ သက်သေပြနေတာပါ။ စင်ကာပူမှာ အလုပ် လုပ်ရင်း ခရီးသွားဟန်လွှဲ ဝင်လုပ်တာတောင် Vice Manager တွေဖြစ်တာ အများကြီး။ ဆရာ့ကို လုပ်စေချင်လို့”
သူ့ကို သဘောပေါက်ပေမယ့် သူက မိမိအပေါ် သဘော မပေါက်ခဲ့။ “ငါ ငွေလိုချင်ရင် အစောကြီးကတည်းက ရတယ်ကွာ။ စင်ကာပူ အလုပ် လာလုပ်ဖို့တောင် မလိုဘူး။ မိုင်းရှူးတောင်ကြီးပေါ်မှာ ကျောက်တွေ ထွက်တုန်းက ခိုးတွင်းသမားတွေ များလွန်းလို့ တောင်ပေါ် တက်တဲ့ နေရာမှာ ငါ့လက်မှတ် ထိုးထားတဲ့ စာပါမှ လမ်းက ကင်းတွေက တက်ခွင့်ပေးတာ။ လူတွေကို သိန်းနဲ့ချီပဲ။ ငါ လူတစ်ယောက်ကို တစ်ထောင်စီပဲ ယူဦး၊ အခုအခါ ငါ အေးအေးဆေးဆေး နေလို့ရပြီ။ ဒါပေမဲ့ ငါ့ကို ယုံကြည်လို့ အထက်က ပေးထားတဲ့ တာဝန်နဲ့ အသက်ကို ဖက်နဲ့ ထုပ်လာရတဲ့ လူတွေ ဆီက ငွေကို အလွဲသုံးစား လုပ်ဖို့၊ ယူဖို့ ဆိုတာ ငါလိပ်ပြာ မသန့်ဘူး။ အခုလည်း ငါ ဘာမှမသိတဲ့ ဆေးတွေကို ငါ့ကို ယုံကြည်တဲ့ လူတွေဆီ ဈေးကြီးကြီးနဲ့ လိုက်ရောင်းပြီး ငါ သူဌေးဖြစ်ရမယ် ဆိုရင်တော့ ငါမချမ်းသာတာပဲ ကောင်းမယ်နဲ့ တူတယ်။ ငါသေရင် လိပ်ပြာသန့်သန့်ပဲ သေချင်တယ်” ဆိုသည့် စကားကို ရုပ်ရှင်ဆန်ပေမယ့် ပြောဖြစ်ခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် ဂျူနီယာက အတော် ဇွဲကောင်းတော့လည်း သူ့ကို အားနာပြီး ထိုအိမ်ကိုပါသွားခဲ့ပါသည်။ ဟိုရောက်တော့ ချမ်းသာချင်သူတွေ များလိုက်တာ။ လူကြီးကော လူငယ်ကော သူ့အိမ်မှာ ရောက်နေ ကြ၏။ ထိုလူငယ်လေး Diamond ဖြစ်နေသည်ကို မုဒိတာပွားမိပေမယ့် ဒါဟာ မိမိနှင့် ပတ်သက်မည့် အလုပ် မဟုတ်။ ဒီမှာတင်ပဲ ထိုလူငယ်က စာရွက် အလွတ်တစ်ခု ချပေးပြီး လာမယ့် ဆယ်နှစ်မှာ ဘာဖြစ်ချင်တယ် ဆိုတဲ့ အချက် တစ်ရာ ချရေးပါဟု ဆိုပါသည်။
ဒါကတော့ အတော်ပဲ ရယ်စရာ ကောင်းသွား၏။ ဒါမျိုးတွေဟာ မိမိ ငယ်ငယ်က ဖတ်ဖူးသော ဒေးကာနတ်ဂျီတို့၊ ဆရာကြီး ပီမိုးနင်းတို့၊ အောင်ဝင်း (စိတ်ပညာ)တို့ စာအုပ်တွေမှာ ပါပြီးသား။ “ရပါတယ်ကွာ၊ ဦး ဘာမှ မဖြစ်ချင်ပါဘူး။ ကိုယ် မယုံကြည်တာနဲ့ ဖြစ်ရမယ်ဆို ပိုလို့တောင် မဖြစ်ချင်ပါဘူး” ဟု ပြောမည် လုပ်ပြီးမှ မပြောဖြစ်တော့ပါ။ ပြီးတော့ သူလုပ်နေသည့် လုပ်ငန်းကြီးကို သူအောင်မြင်နေရုံနှင့် ကိုယ်က ယုံကြည်ပေးရမည်ဆိုတာ အဓိပ္ပာယ်မှ မရှိတာ။ ကိုယ်မယုံကြည်သော ကြောင့် သူယုံကြည်နေသော လုပ်ငန်းကိုလည်း စော်ကားရန် မရှိပါ။ သူတို့ရဲ့ အဓိက ပန်းတိုင်က ငွေ၊ ကိုယ့်ရဲ့ အလိုလားဆုံး ဆန္ဒက လူတွေရဲ့ ကျန်းမာရေး။ ကိုယ်လိုချင်တာက လူတွေရဲ့ တကယ့် ကျန်းမာရေးကို ကူညီချင်သည်ဆိုလျှင် ရိုးရိုးရှင်းရှင်းနှင့် များများဖြန့်၊ နည်းနည်း အမြတ်ယူ။ သူတို့ ကျင့်သုံးနေတာက ရှုပ်ရှုပ်ထွေးထွေး ဖြန့်၊ များများ အမြတ်ယူ။ ထားပါတော့ ဒါက စင်ကာပူက အကြောင်းလေး တစ်ခုပါ။ ဒါမျိုးတွေ လွန်ခဲ့သည့် ဆယ့်ငါးနှစ်လောက်ကပဲ ရှိုင်းဟုတ်က မိတ်ဆွေတွေ လာစည်းရုံးပေမယ့် မိမိ မလုပ်ခဲ့ဘူး မဟုတ်လား။ သူတို့အလုပ် သူတို့လုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ် ပါပဲ။ ဒီဆေးစားလို့ သေတော့မယ့် ကြောင်လေး။ ပြန်ရှင်လာလား။ မဟုတ်ဘူး။ သက်သောင့်သက်သာ နဲ့ သေသွားတယ် ဆိုတာကတော့ ကြောင်စကားပြော သင်တန်းတက်ပြီး သေတော့မယ့် ကြောင်ကို မေးမှ ရမည် ဖြစ်၏။
ထားပါ။ မိမိ ပြောချင်တာ မချမ်းသာချင်ဘူးလား ဆိုသည့်ကိစ္စ။ ချမ်းသာချင်တာပေါ့။ လူတိုင်း ချမ်းသာ ချင်တာ။ မချမ်းသာချင်သူ ဘယ်ရှိမှာလဲ။ ပုထုဇဉ်တွေ ပုထုဇဉ်လို ချမ်းသာချင်ပြီး သူတော်စင်တွေ တောင် သူတော်စင်တွေလို ချမ်းသာချင်တာ။ ဒါပေမဲ့ ချမ်းသာပုံ ချမ်းသာနည်း ရွေးချယ်ရာမှာတော့ လိုအပ်မည် ဖြစ်ပါသည်။ ခေတ်အဆက်ဆက်မှာ အချို့လူတွေရဲ့ ချမ်းသာအောင် လုပ်ပုံဟာ မရိုးသား ခဲ့ပေမယ့် ဒီခေတ်မှာတော့ ပိုဆိုးလာသည်ဟု ထင်ပါသည်။ ရုပ်ဝတ္ထု ပစ္စည်းတွေ ပေါများသလောက် လူတွေ၏ အတ္တကလည်း ကြီးလာလိုက်တာ။ ချမ်းသာမည်ဆိုလျှင် နာမည်ကော၊ ဂုဏ်သိက္ခာကော၊ အရှက်ကော ဘာမျှ မရှိတော့ဘဲ ချမ်းသာခြင်း လမ်းကိုပဲ ရွေးချယ်နေသည့် လူတွေကို အံ့သြဖွယ်ရာ တွေ့လာရသည်။
စင်ကာပူမှာ သူတို့လူမျိုး မဟုတ်သည့်တိုင် အလုပ်ကြမ်းသမား တစ်ယောက်၏ အခြေခံ လစာဟာ စင်ကာပူ ဒေါ်လာ ၄၅၀ ရှိသည်။ ဒါတောင် နေဖို့ အိမ်ပေးထားခဲ့သည်။ အိုဗာတိုင် ပါလို့ကတော့ ၇၀၀ နှင့် ၁၀၀၀ နီးပါး။ စားသောက်စရိတ်ကလည်း ဒေါ်လာ တစ်ရာဆိုလျှင် လူတစ်ယောက် ဗိုက်ရိုက်ပြီး စားနိုင်သေး။ ဒီမှာတော့ စရိတ်တွေဟာ စင်ကာပူထက်တောင် ကြီးနေပြီး လုပ်ခတွေက စင်ကာပူထက် များစွာ နိမ့်ကျလွန်းပါသည်။ လူတစ်ယောက် လစာ ခြောက်သောင်း တစ်သိန်းဆိုတာ စင်ကာပူ ဒေါ်လာ ၁၀၀ နှင့် ၁၅၀ လောက်သာ ရှိ၏။ စက်ချုပ် လုပ်ငန်း၊ သံရည်ကျို လုပ်ငန်း၊ သတ္တုတူးဖော်ရေး လုပ်ငန်း ဆိုပြီး နိုင်ငံခြား ကုမ္ပဏီတွေ လာလုပ်နေကြပေမယ့် ကြားပွဲစားနှင့် အစိုးရကြား ကိုယ့်နိုင်ငံက လုပ်အား အရင်းအမြစ်တွေသာ ဝက်ဆီထုတ်သလို ထုတ်ခံနေကြရတာ ဖြစ်သည်။ ဒါကလည်း ကိုယ့်လူမျိုးကို ကိုယ်ကာကွယ် စောင့်ရှောက်မှု မရှိလို့ ဖြစ်ရတာ။ ပြီးတော့ မြန်မာတွေဟာ ကိုယ့်အမျိုးသားချင်းဆို အသားကုန် နှိပ်ကွပ်ပြီး တိုင်းတစ်ပါးသားဆို အသေကြောက်တဲ့ ရောဂါက အရိုးစွဲသလို ဖြစ်နေခဲ့ပါပြီ။ သူများဆိုလျှင် ‘ရက်စ်ဆား၊ အိုကေဆား၊ နိုးပရော်ဗလင်ဆား’ နှင့် ကိုယ့်ကိုယ်ကိုယ် ဆားငန်သီး ဖြစ်မှန်းမသိ ဖြစ်ပြီး ကိုယ့်လူမျိုးအပေါ်တော့ ကာကွယ်လိုစိတ် မရှိတော့ပါ။
မချမ်းသာချင်ဘူးလား။ ချမ်းသာချင်ပါသည်။ ချမ်းသာချင်လို့ပဲ လယ်တွေ သိမ်းကြသည်။ ယာတွေ သိမ်းကြသည်။ ကုမ္ပဏီတွေ ခေါ်သွင်းလာပြီး ကိုယ့်လူမျိုးတွေကို သူတောင်းစားသာသာ လစာတွေနှင့် အလုပ် လုပ်ခိုင်းသည်။ နိုင်ငံတကာကို ထွက်ပြီး စီးပွားရေးမျက်စိ ပွင့်လာသည့် ခေတ်သူဌေးတွေ၏ အမျိုးသား စိတ်ဓာတ်နှင့် စီးပွားရေး အမြင်ကျယ်မှုက ကိုယ့်လူမျိုးအပေါ် ကုပ်သွေးစုပ်ဖို့ပဲ ဖြစ်ပါသည်။ ဘယ်နေရာကြည့်ကြည့် ဆိုင်းဘုတ်အနီတွေ ထောင်ပြီး ဘယ်သူ့ ပိုင်မြေ၊ ဘယ်ဝါ့ ပိုင်မြေဆိုတာ သည်ခေတ်၏ ဖြတ်လမ်း စီးပွားရေးစနစ်သစ် ဖြစ်၏။ လယ်တွေ သိမ်းလျှင်လည်း စက်မှုလယ်ယာ ဖြစ်အောင် လုပ်ဖို့၊ ပြည်သူတွေအတွက် ဆန်ဈေးကျအောင် လုပ်ဖို့တော့ လို၏။ ထွက်လာသည့်ဆန် ပြည်ပကို ရောင်းဖို့၊ ဒါမှမဟုတ် မြေကွက်တွေ ပြန်ရောင်းစားဖို့ လယ်တွေ၊ ယာတွေ သိမ်းသည် ဆိုလျှင်တော့ ဒါဟာ အတော့်ကို အောက်တန်းကျသည့် လုပ်ရပ် ဖြစ်၏။ ကိုယ့်နိုင်ငံမှာ ဘိလပ်မြေ စက်ရုံတွေ ဆောက်ပြီးကတည်းက ဘိလပ်မြေဈေးတွေ ကြီးလာခဲ့သည်။ အင်းတွေ လေလံဆွဲသည်၊ ငါးတွေ ပြည်ပကို ထွက်သည်။ မီတာခတွေ အဆမတန် တက်ပြီး မီးစက်တွေ မောင်းနေရသေးသည်။
ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လုပ်ပိုင်ခွင့်ရပြီ ဆိုလျှင်ပဲ အဆမတန် အမြတ်ထုတ်ဖို့သာ စဉ်းစားကြတော့ သည်။ အကျိုးအမြတ်အတွက်သာ ကြည့်ပြီး အစိုးရကို အခွန်ဆောင်ဖို့တော့ လက်တစ်လုံးခြား။ ရာသီဥတု ပူနွေးလာပေမယ့် သစ်ပင်တွေက ခုတ်လို့ ကောင်းဆဲ။ သစ်တစ်ပင် မစိုက်ပေမယ့် သစ်ပင်တွေကိုတော့ ဖျက်ဆီးပစ်ကြ၏။ ကျောက်စိမ်း၊ ကျောက်မျက်၊ သတ္တု၊ အင်းကြင်းကျောက် (Fossil Wood) ငွေရလျှင် အကုန်ရောင်းသည်။ ကျွဲ နွား မှောင်ခို၊ ငါးရှဥ့် ဈေးကောင်းရသည့် တရုတ်ပြည်။ ဘာလုပ်ငန်းရှင်ကြီးများ အသင်း၊ ညာ လုပ်ငန်းရှင်ကြီးများအသင်း ဆိုတာသာ ရှိ၏။ နိုင်ငံသားများ သက်သာ ချောင်ချိရေး အသင်းဆိုတာ မရှိပါ။ ဆရာဝန်တဲ့၊ ပါရဂူတဲ့၊ အထူးကုဆေးခန်း တဲ့။ လူတွေ အသက်ထက် ငွေအတွက်ကိုပဲ ကြည့်သော ဆရာဝန်၊ ပါရဂူ၊ အထူးကုဆေးခန်းတွေသာ များလာခဲ့သည်။ ဒီငွေတွေဟာ သူတို့ရဲ့ အသက်ကို တစ်သက်လုံး အာမခံချက် ပေးနိုင်လိမ့်မည်ဟု ထင်ထားပုံ ရပါသည်။ အဆောက်အအုံတွေ၊ ကိရိယာတွေသာ သစ်လာပြီး လူတွေရဲ့ စိတ်တွေ ကတော့ ညစ်ထေး ဟောင်းနွမ်းသွားလိုက်တာ။ မချမ်းသာချင်ဘူးလား။ ချမ်းသာချင်ပါသည်။ ကိုယ်တစ်ယောက်တည်း လကမ္ဘာ တက်နေပြီး ကိုယ့် အမျိုးသားတွေ မြောင်းထဲ ရောက်နေသည့် ချမ်းသာခြင်းမျိုးတော့ မဖြစ်ဖို့ လို၏။
No comments:
Post a Comment