Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 3, 2013

မြင်တွေ့သမျှ ဘဝင်မကျဖြစ်ရတဲ့ လူမှုရေးစနစ်အောက်မှာ

မြန်မာပြည်သား

သူ့အသက်က ၁၈-နှစ်၊ အသားဖြူဖြူ၊ ပိန်ပိန်ပါးပါးဟု သုံးရမလိုဖြစ်သော်လည်း သူက ပိန်သာပိန်သည် မပါး။ သူ့နေရာနှင့်သူ အသားအရည်တို့က ဖုထစ်စိုပြေနေသည်။ အရပ် ၅ ပေခန့်သာရှိသော ထိုမက်ဆီကန်သူလေးက သူ့ကိုယ် သူ မိတ်ဆက်ရင်း အပြုံးလှလှတို့ဖြင့် ကျုပ်ကိုကြိုဆိုမိတ်ဖွဲ့လာသည်။ မြန်မာပြည်သားကျုပ်လည်း ပြန်လည်ပြုံးပြရင်း မိတ်ဆက်စကားဆိုလိုက်လေ၏။ ဤသည်မှာ အမေရိကားတွင် ယဉ်ကျေးမှုတစ်ခုပါ။

မြန်မာပြည်သားတို့ အမေရိကားရောက်ခါစက သက်ကြီးတွေကိုစာသင်ပေးသော အထက်တန်းကျောင်းတွင် ထို လှပချောမောလှသော မက်ဆီကန်သူလေးနှင့် ရေစက်ဆုံခဲ့ရသည်ကို ပြန်ပြောင်းအမှတ်ရနေခြင်းပါ။ မြန်မာပြည်သားလည်း မိတ်ဆက်စကားပြောရင်း "Are you marriage?" လို့ မေးမိတော့ သူက "No" တဲ့။ ကျုပ်ကတော့ အိမ်ထောင်ရှိတဲ့ အကြောင်း၊ သားသမီးရှိတဲ့အကြောင်း ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါတယ်။ ဒါပေမယ့် သူက ဒါကိုဘာမှစိတ်မဝင်စား၊ မသိသလိုပါဘဲ။ အဲဒီအပေါ်မှာ ဘာခံစားမှုမှမရှိတဲ့အပြင် အလွန့်အလွန်ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ မိတ်ဟောင်းဆွေဟောင်း တွေလို စကားပြောရင်း သူနေတဲ့အခန်းကိုပင် အလည်လာဖို့ဖိတ်ခေါ်နေလေရဲ့။ ကျုပ်ဆီက note စာအုပ်ကိုတောင်းပြီး သူ့လိပ်စာကိုရေးပေးပါတယ်။

Monday to Friday ကျောင်းတက်ကြရင်း ကျုပ်တို့လည်း တော်တော်လေး ခင်မင်ရင်းနှီးခဲ့ကြလေရဲ့။ စာသင်နှစ် ပြီးဆုံးလို့ နွေရာသီရောက်တော့ ကျုပ်တို့ကျောင်းက ကြီးမှူးဖွင့်လှစ်တဲ့ "သားသမီးများအား စီမံခန့်ခွဲအုပ်ချုပ်ခြင်း" သင်တန်းကို ကျုပ်နဲ့ ကျုပ်မိန်းမလည်း ဗဟုသုတအဖြင့်တက်ခဲ့ကြတယ်။ ညနေ ၆-နာရီကနေ ည ၉-နာရီအထိ ပို့ချတဲ့ သင်တန်းပါ။ အဲဒီသင်တန်းမှာ ၃-နှစ် အရွယ်ကလေးငယ်ကိုလက်ဆွဲလို့ ကျောင်းထဲဝင်လာတဲ့ ကျုပ်သူငယ်ချင်း မက်ဆီကန်အမျိုးသမီးငယ်ကိုမြင်တော့ "သူက ဘယ်သူလဲ" လို့ ကလေးငယ်ကိုညွှန်ပြရင်း မေးခွန်းထုတ်လိုက်မိတယ်။ "This is my daughter." လို့ အပြုံးနဲ့ပြောလာတယ်။ သူနဲ့ကျုပ် စတွေ့စဉ်တုန်းက အိမ်ထောင်မရှိဘူးလို့လည်းပြောရဲ့၊ အခု သူ့သမီးလို့လည်းပြောရဲ့၊ ဘယ်လိုပါလိမ့်လို့ ဒွဟဖြစ်နေတာနဲ့ "ကလေးအဖေက အလုပ်သွားနေလို့လား" လို့ မေးခွန်း ဆက်ကြည့်လိုက်တယ်။ "မဟုတ်ဘူး၊ သူ့အဖေမရှိဘူး" လို့ ဘာမှမဖြစ်သလိုအပြုံးနဲ့ အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ် ပြန်ဖြေလာပြန်တယ်။
ဒီတော့မှ မြန်မာပြည်သားကျုပ်လည်း အလုံးစုံကိုပြန်လည်ဆက်စပ်တွေးတော သဘောပေါက်လာရလေတော့၏။ "တုံးပ မြန်မာပြည်သားရယ်"။ အမေရိကားရောက်ခါစက ဒါမျိုးကြားလျှင် ကျုပ်နားမလည်နိုင်ခဲ့ပါ။ ကြာလာတော့ အလွန် တုံးတဲ့ကျုပ် နားမလည်နိုင်သော အကြောင်းအရာတို့သည်ပင် တစ်ခုချင်းတစ်ခုချင်း နားလည်သဘောပေါက်လာခဲ့ရလေ တော့၏။

လင်မရှိဘဲ ကလေးမွေးခြင်း၊ အသက် ၁၈-နှစ်မပြည့်သေးသော်လည်း အိမ်ထောင်ရှိခြင်း၊ အသက် ၁၄-၁၅ အရွယ်နဲ့ သားသမီးရှိခြင်း၊ အတူပေါင်းသင်းနေထိုင်ပြီး သားသမီးများရှိသော်လည်း လင်မယားမဟုတ်ခြင်း၊ ရီးစားသာဖြစ်နေခြင်း။ အမေရိကားတွင် ယောက်ျားနှင့်မိန်းမ အခွင့်အမိန့်ရတရားရုံးတွင်သော်လည်းကောင်း၊ အခွင့်အမိန့်ရရှေ့နေတစ်ဦးဦး၏ ရှေ့တွင်သော်လည်းကောင်း ထိမ်းမြားလက်ထပ်ခြင်းမပြုလျှင် အကြင်လင်မယားအဖြစ် နိုင်ငံတော်ကအသိအမှတ်မပြုပါ။ အတူတူနေထိုင်ပြီး ကလေးတွေမွေးနေပါစေ လင်မယားအဖြစ်အသိအမှတ်မပြုပါ။ girlfriend, boyfriend ဟုသာ ခေါ်ကြ ၏။ တနည်းပြောရင်တော့ living together (လင်မယား မဟုတ် အတူနေ)ပေါ့။ ဖိုမဆက်ဆံရေးကို ပြဿနာတစ်ခုအဖြစ် ထူးထူးဆန်းဆန်း အကြီးကြီးလုပ်ပြီး စဉ်းစားလေ့မရှိကြသော အမေရိကားတွင် မြန်မာပြည်သားကျုပ်သည် ဘုမသိ ဘမသိဖြင့် ငတုံးကြီးဖြစ်ခဲ့ရပါလေ၏။

မြန်မာ့ယဉ်ကျေးမှုတွင် ယောက်ျားနှင့်မိန်းမအတူနေထိုင်ကြပြီး ကလေးတွေလည်းမွေးနေပြီဆိုရင်တော့ ဒါဟာ လင်မယားဘဲ။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် "အရွယ်ရောက်ပြီး ယောက်ျားနှင့်မိန်းမတို့ ဘုရားသွားကျောင်းတက် အတူသွား အတူလာကြသည်ကို အရှေ့ ၇-အိမ်၊ အနောက် ၇-အိမ် သိလျှင်၊မြင်လျှင် လင်မယားအရာမြောက်သည်" ဟု ဖွင့်ဆိုထားလေ၏။
အပျိုစစ်စစ်၊ လူပျိုစစ်စစ်ဆိုသော စကားလုံးအသုံးအနှုန်းတွေကလည်း ကျုပ်တို့လူမျိုး၏ ရိုးတွင်းချဉ်ဆီထဲထိအောင် တန်ဖိုးထား စွဲနစ်နေကြ၏။ အရှက်အကြောက်ကြီးသော ကျုပ်တို့လူမျိုးတွေက ရီးစားထားချင်သပဆိုရင်တောင် လူကြီးမိဘ မသိအောင် တိတ်တိတ်ခိုးထားကြ၏။ ခိုး၍တွဲကြ၏။ အမေရိကားတွင် ထိုသို့မဟုတ်ပါ။ အသက် ၁၈-နှစ်ပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ ရီးစားထားချင်သပ ဆိုမှဖြင့် ပြောင်းပြောင်းတင်းတင်းပင် ထားကြ၏။ ခိုးကြောင်ခိုးဝှက် မရှိပါ။ လူရှေ့သူရှေ့မရှောင် နှုတ်ခမ်းချင်းတေ့နမ်းကြ၏။ ဘာမှ မထူးဆန်း။ ဘယ်သူကမှလည်း ရေးကြီးခွင်ကျယ် လှည့်မကြည့်။ အပေါ်ပိုင်း ရင်သားထိပ်လောက်နှင့် အောက်ပိုင်းအရှက်နေရာ ကွက်ကွက်လောက်ကိုသာ မလုံ့တလုံ ကွယ်ဖုံးထားသော ရေကူးဝတ်စုံဖြင့် ရေကူးနေကြသည့် ကြီးငယ်ရွယ်လတ် ပျိုပျိုအိုအို မိန်းကလေးများကိုလည်း ရေကူးကန်နှင့် ပင်လယ်ကမ်း ခြေနေရာများတွင် မမြင်ချင်မှအဆုံး ဒုနှင့်ဒေး တွေ့ကြရ၏။ ဝတ်သူမရှက် ကြည့်သူရှက်ဖြစ်ရတာက မြန်မာပြည်သား ကျုပ်ရယ်ပါ။ သို့သော်လည်း သူ့လူမှုအသိုင်းအဝိုင်းမှာတော့ ဒါဟာ ထူးဆန်းသည့်အရာတစ်ခုအဖြစ် ဘယ်သူကမှ မသတ် မှတ်ပါ။

ဒီနိုင်ငံမှာ ကျုပ်ရဲ့ကျောင်းနေဘက်သူငယ်ချင်း မက်ဆီကန်အမျိုးသမီးလို လင်မရှိဘဲ ကလေးရှိနေခြင်းမှာလည်း အထူးအဆန်း မဟုတ်ပါ။ သူတစ်ချိန်က တွဲခဲ့ဘူးသောရီးစားနှင့် ကလေးရခဲ့ခြင်းသာဖြစ်ပေလိမ့်မည်။ "အဲဒီယောက်ျားကို မယူဘဲ ဘာဖြစ်လို့ ကလေးယူတာလဲ" လို့ ကျုပ်ကိုမမေးနဲ့။ အဖြေကို ကျုပ်လည်းမသိဘူး။ ကျုပ်တို့နှစ်ပေါင်းများစွာ ဖြတ်သန်းကြီးပြင်းလာခဲ့ရတဲ့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူမှုရေးစနစ်တွေနဲ့ လုံးဝဆန့်ကျင်ကွဲလွဲနေတဲ့ သူတို့ရဲ့ လူနေမှု စနစ်ပုံသဏ္ဍာန်တွေကို ကျုပ်ဘယ်လိုမှနားလည်၍ မရပါ။

သမီးဖြစ်သူကို ရီးစားဖြစ်သူက ကျုပ်ရှေ့မှာ နှုတ်ခမ်းချင်းတေ့ပြီး နမ်းရှိုက်နေသည်ကို သီးခံနိုင်စွမ်းရှိလောက် အောင်လည်း ကျုပ်တို့ရဲ့မြန်မာ့ယဉ်ကျေးမှုက ကျုပ်ကိုသင်ကြားမပေးခဲ့ပါ။ ကလေးရသည်အထိ အတူနေထိုင်ခဲ့ပြီးမှ လုံးဝ လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ပစ်သွားမည့်ယောက်ျားဖြစ်သူအား သမီးရှင်၏ဖခင်ကျုပ်က မျက်လုံးဒေါက်ထောင့်ကြည့်နေ ရပြီး သီးခံနိုင်စွမ်းရှိလောက်အောင်လည်း မြန်မာ့ယဉ်ကျေးမှုက ကျုပ်ကို သင်ကြားမပေးခဲ့ပါ။
သို့သော်လည်း ကျုပ်တို့နှစ်ပေါင်းများစွာဖြတ်သန်းကြီးပြင်းလာခဲ့ရတဲ့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူမှုရေးစနစ်တွေနဲ့ ဝေးသထက်ဝေးပြီး ကျုပ်မချစ်မနှစ်သက်လှသည့် သူတို့ယဉ်ကျေးမှုနှင့် လူနေမှုစနစ်တွေရဲ့ကြားမှာ အောင့်သည်း အောင့်သက် ရင်နာနာဖြင့် အသားမကျ ကျုပ်နေထိုင်လာခဲ့ရသည်မှာ ကြာခဲ့ပါပြီ။

တစ်နေ့မှာ ချွေးမဖြစ်သူက သူ့သူငယ်ချင်း ဆေးရုံမှာကလေးမွေးတာ သွားကြည့်မလို့ဆိုပြီးပြောလာတော့ ကျုပ်ကလည်း စပ်စပ်စုစု "သူ့ယောက်ျားက ဘယ်ကလဲ" လို့ မေးလိုက်မိပြန်တယ်။ "သူ့မှာ ယောက်ျားမရှိဘူး၊ သူနဲ့အတူ နေတဲ့ သူ့သူငယ်ချင်းနဲ့ရတာ၊ သူ့သူငယ်ချင်းက အာဖရိက က passport နဲ့လာတဲ့သူ"။ "ဟိုက်! အမေရိကန်မတွေ အမဲ တယ်ကြိုက်ပါလား" လို့ စိတ်ထဲက ပြောလိုက်မိတော့၏။ ကျုပ်စိတ်ထဲ "သူတို့တွေ သားဖောက်စားတာကျနေတာဘဲ" ဟုလည်း ကြံကြံဖန်ဖန်တွေးမိရပြန်သည်

တစ်ခါက အသက်ကြီးကြီးမိန်းမတစ်ယောက်နဲ့ လူငယ်တစ်ဦးတို့ living together အတူနေထိုင်ကြပြီး ကလေး တစ်ယောက်ရတယ်။ အဲဒီတော့ လူငယ်ဖြစ်သူက တရားဝင်လက်ထပ်နေထိုင်ကြဖို့ ကမ်းလှမ်းတယ်။ သို့သော်လည်း အမျိုးသမီးဖြစ်သူက လက်မခံဘူး။ အဲဒီနောက်တော့ ယောက်ျားလေးနဲ့အတူမနေတော့ဘဲ သီးခြားခွဲနေလိုက်ပြီး ယောက်ျား လေးမှာ ကလေးစားစရိတ်တောင်းတော့တယ်။ မြန်မာပြည်က စကားနဲ့ပြောရင်တော့ "ပိုင်းလုံး" လုပ်တယ်ဆိုပါတော့။
ဤနိုင်ငံတွင် အချစ်ရေးကိုစဉ်းစားရာ၌ အသက်ကြီးသည်ငယ်သည်ကို စိတ်မဝင်စား။ အပျိုစစ် မစစ်၊ လူပျိုစစ် မစစ်ကို စိတ်မဝင်စား။ ဖိုမဆက်ဆံရေးကိုသာ ဦးစားပေးစဉ်းစားကြသည်ကို တွေ့ရ၏။ အများစုသည် အိမ်ထောင်ရေး အပေါ်တွင် လေးလေးနက်နက်မရှိကြ။ ရီးစားထားခြင်းနှင့် အိမ်ထောင်ပြုခြင်းသည် သီးခြားစီဖြစ်၏။ သားသမီးများ ရှိနေကြခြင်းနှင့် အိမ်ထောင်ပြုခြင်းသည်လည်း သီးခြားစီဖြစ်၏။ လူအများရှေ့တွင်ဖြစ်စေ၊ ညီကိုမောင်နှမရှေ့တွင်ဖြစ်စေ တစ်ဦးနှင့်တစ်ဦး နှုတ်ခမ်းချင်းတေ့ နမ်းရှိုက်ကြရာ၌ မည်သူ့ကိုမှ ကရုမစိုက်ပါ။ လူငယ်တွေက ထိုင်ခုန်အပေါ်မှာထိုင်ပြီး လူကြီးတွေက ထိုင်ခုန်အောက်ကြမ်းခင်းမှာ ထိုင်ကြသည်မှာလည်း ဤနိုင်ငံတွင် အဆန်းမဟုတ်ပါ။ ထမင်းစားကြရာ၌ မိဦး၊ ဖဦး၊ ဆရာဦး ဆိုသည့်ယဉ်ကျေးမှု ဤနိုင်ငံတွင်မရှိပါ။ ကိုယ့်ဖာသာကိုယ် ခပ်ချင်သလိုခပ်၊ ယူချင်သလိုယူ၊ စားချင် သလိုစား အဲဒါ သူတို့ဓလေ့ပါ။ မြန်မာပြည်မှာမွေးပြီး အမေရိကားမှာကြီးခဲ့ကြတဲ့ ကျုပ်သားသမီးတွေတောင် မြန်မာမဟုတ် အမေရိကန်မဟုတ်၊ ဖားတစ်ပိုင်း ငါးတစ်ပိုင်းယဉ်ကျေးမှု ဖြစ်ကုန်ကြပြီ။ ကျုပ်ရင်ထဲ နှလုံးသားထဲ ခံရခက်ရပါဘိသနဲ့။ ကျုပ် မျိုးဆက်သစ်တွေအတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ပတ်သက်လာရင် ဘာမှမျှော်လင့်၍ မရနိုင်တော့ပါ။ ကြာလာရင် ယဉ်ကျေးမှု တုံး၊ ဘာသာစကားတုံး၊ ကိုးကွယ်ယုံကြည်မှုတုံး၊ နောက်ဆုံး လူမျိုးပါတုံးတော့မည်ဟုတွေးကာ ကျုပ်ရင်ထဲနာကျင်စွာ ခံစားရင်း အိပ်မရညတွေနဲ့အတူ နှလုံးသွေးအားနည်းရောဂါတို့သည်သာ အမေရိကားတွင် သန္ဓေတည်လာခဲ့ရလေတော့၏။

မြန်မာပြည်သား
၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ကရေးခဲ့သည်။

No comments:

Post a Comment