Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 1, 2013

ဆီးဖြူဖန်ခါးလို ငုံထားမတတ်ပေမယ့် မယုံစားအပ်ပါပြီ

(တစ်) နည်းပညာရပ်တို့ တစ်ဟုန်းတိုး ပွင့်အန် ပေါက်ကွဲထွက် လာခြင်းနှင့်အတူ တစ်ချိန်က ဆိတ်ကွယ်ရာဟု ထင်ထားခဲ့သော အရာတို့ကို မှောက်လှန် သွန်ချ ဖွင့်ဟပြသနိုင်လာ သဖြင့် တစ်ကိုယ်ရေစာ ဘ၀များ ကအစ မလုံမခြုံဖြစ်လာသော ကမ္ဘာကြီးတွင် မကြားရဲစရာ၊ မမြင်ဝံ့စရာ အသံများ ၊ အရုပ်များကို ကျွန်တော်တို့ နိုင်ငံ၌ ကြားခဲ့ကြရ၊ မြင်ခဲ့ကြရပြီ ဖြစ်ကြောင်း လူတိုင်းနီးပါး အသိပင်ဖြစ်ပါသည်။
ဓာတ်ပုံ ခေတ်တုန်းကလည်း ဓာတ်ပုံခေတ် အလျောက်လင်ခန်း မယားခန်း ဓာတ်ပုံတို့ ထွက်ထွက် လာတတ်ကြပါသည်။ တိတ်ခွေ ခေတ်ကိုရောက်တော့ တိတ်ခွေတွေ ထဲကနေ ကိုယ့်နားကိုတောင် ကိုယ်မယုံကြည်ရဲ လောက်စရာ အသံဗလံများ စွာက နားရှိသဖြင့် ကြားခဲ့ရပြန် ပါသည်။ တယ်လီဖုန်းတွေ ခေတ်ကောင်းတော့ တယ်လီဖုန်းထဲက အပြန်အလှန် ပြောကြသည့် အယုတ္တ အနတ္တ အသံများကို တိပ်ခွေဖြင့် ပြန်ကူးထားသော ဒိုင်ယာလော့ဂ် (Dialogue)များကို ကြောက်ခမန်း လိလိနားသောတဆင် ကြရပြန်ပါသည်။ CD တွေ၊ VCD တွေ၊ DVD တွေ၊ EVD တွေရှေ့တန်းကို ရောက်လာစဉ်တွင် ကားခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း လိင်အသားပေး ဇာတ်လမ်းများ၌ပင် မရိုက်ရဲ၊ မရိုက်ဝံ့ကြသည့် ဇာတ်ဝင်ခန်းများကို အရုပ်အသံ ကြည်လင် ပြတ်သားစွာဖြင့် ရှုစားလာကြရ ပါတော့သည်။
Celebrity ခေါ် ထင်ပေါ်ကျော်ကြား သူများအတွက်ကဖြင့် ဆိုးသလား၊ ကောင်းသလားကျွန် တော်မပြောတတ်ပါ။ ဟဲ့အဲဒါ ဘယ်သူ့အသံဟဲ့၊ ဟောဗျာ ကြည့်စမ်းပါဦး၊ အဲဒါဘယ်သူပေါ့၊ အေး ဟယ်... ပက်စက်လိုက်တာစသည် စသည်ဖြင့် အံ့အံ့သြသြ ကောက်ချက်ချသံများ၏ နောက်ကွယ်၌ စုတ်ပြတ်သွားသူတွေလည်းရှိ၊ ပို၍ပင်ဇာတာစန်းလဂ်တက်ကာဈေးကွက်အကြိုက်ဖြစ် သွားသူတွေလည်းရှိသည်မှာကား အများအသိပင်ဖြစ်ပါသည်။ ခိုးကြောင်ခိုးဝှက်သမားတို့၏ လက်ချက်ဖြင့် (သို့မဟုတ်) ကိုယ်ကိုယ် တိုင်က သိရှိခွင့်ပြုထားချက်များဖြင့် ထွက်လာကြသည်ဆိုလျှင်ကား သိပ်ပြဿနာ မရှိလှပါ။ သို့မဟုတ်ဘဲ ကိုယ်က ယုံမှတ်သဖြင့် ပုံအပ်မိသူကိုယ်တိုင်က နှစ်ကိုယ်သိကို အလိုရှိရာ သုံးကြပေတော့ဟု ဖြန့်ချိလိုက်ခဲ့လေသောအခါတွင်ကား . . .။ ဟယ်၊ ဟောဗျာ၊ မထင်ရဘူးနော် စသည်၊ စသည်၊ စသည်။
(နှစ်) အခုကြေကွဲဖို့ ကောင်းလာသည်က Celebrity ခေါ် ထင်ပေါ်ကျော်ကြားသူတို့၏ လောကမှသာ မကတော့ဘဲနှင့် ရပ်ထဲရွာထဲက သူလိုကိုယ်လိုလူတွေ၏ လင်ခန်းမယားခန်းများတွေပါ ရပ်ကွက်ထဲသို့ပျံနှံ့လာခြင်းဖြစ်ပါသည်။ ပန်းခြံများ၊ ရေကန်များကဲ့သို့အများ ပြည်သူခိုနားရာနေရာများ၌ ဖြစ်ချင်ရာ ဖြစ်နေသည့် စုံတွဲများကို အလွန်ဆွဲအားကောင်းသည့် တယ်လီ (Tele) ဖြင့် လှမ်းရိုက်ထားသည့် အခွေများသာမကတော့ဘဲ နောက်ပိုင်းတွင် တည်းခိုခန်းများ၊ ကာရာအိုကေခန်းများ၊ စာသင်ခန်းများထဲက ဇာတ်ဝင်ခန်းများကိုပါ ခိုးရိုက်၍ ဖြန့်ဝေသည့် အခွေများ လူထုထဲသို့ရောက်ရှိ၍လာပါသည်။
သမီးကလေးတွေ၊ ညီမကလေးတွေ၊ နှမကလေးတွေအတွက် အဖေတို့၊ အမေတို့၊ အစ်ကိုတို့၊ မောင်တို့ ဘယ်လိုမျက်နှာထားကြရပါ့။
(သုံး) ဂျနီဖာလိုပက်ဇ် (Jennifer Lopez) ဟုဆိုလျှင် မြန်မာနိုင်ငံက ပရိသတ်တော်တော်များများတို့ သဘောကျသည့် အနုပညာရှင်ဖြစ်ကြောင်း လူတိုင်းသိပါသည်။
"On the 6(Sixth)" ဟူသည့် သီချင်းခွေ၊ "This is me . . . . then" ဟူသည့် သီချင်းခွေတွေက နာမည်ကျော်အခွေတွေပဲ ဖြစ်ပါသည်။Shall we dance? ကကြမလားဟူသည့် ဇာတ်ကား Maid in Mahhattan မက်ဟန်တန်မြို့က ဟိုတယ်အလုပ်သမလေးဟူသည့်ဇာတ်ကား၊ Anaconda ဟူသည့် မြွေဇာတ်ကားများကို မြန်မာပရိသတ်တော်တော့ကို နှစ်ခြိုက်ပါသည်။ ထို့အပြင်ဂျနီဖာလိုပက် (Jennifer Lopez) က Wedding Planner ခေါ် မင်္ဂလာပွဲများ စီစဉ်ရာတွင်လည်း နာမည်ကျော်ပါသည်။
သူ့ပထမအိမ်ထောင်က အဆိုတော်ခရစ်ဂျဒ်။ ၂၀၀၃ ခုနှစ်၌ ကွဲပါသည်။ မာ့ဒ်အန်ထော်နီနှင့်က ၂၀၀၄ တွင်လက်ထပ်ပြီး ထပ်၍ ကွဲပြန်ပါသည်။ ထို့နောက် ထပ်မံ၍ လက်ဆက်သည်က အိုဂျာနီနိုအာ။
၁၉၉၇ ကတည်းက မိုင်ယာမီ (Miami) ကမ်းခြေတွင် စတင်သိကျွမ်းခဲ့ဖူးသူဖြစ်ပြီး တတိယမြောက်လက်ထပ်သူလည်း ဖြစ်ပါသည်။ ထိုအိမ်ထောင်ရေးကလည်း ၁၁ လသာ ပေါင်းသင်းလိုက်ရပြီး ပြိုကွဲပါသည်။ သည်အထိကျွန်တော်မအံ့သြပါ။
သို့သော် အိုဂျာနီနိုအာက လျော်ကြေးတောင်းသည်ဟု ဆိုသောအခါ ကျွန်တော်အံ့သြသွားပါသည်။ အမေရိကန်ဒေါ်လာ ငါးသိန်းဆိုပါလား။ များလိုက်တဲ့ ပိုက်ဆံတွေ။ မပေးခဲ့လျှင် . . .။ ဟုတ်ပါသည်၊ မပေးခဲ့လျှင် . . .။ ကြောက်စရာကောင်းသည့် မပေးခဲ့လျှင် . . .။ ယုတ်ကန်းစုတ်ပြတ်သည့် မပေးခဲ့လျှင် . . .။ အောက်တန်းကျသည့် မပေးခဲ့လျှင် . . .။ ယောက်ျားမဆန်သည့် မပေးခဲ့လျှင် . . .။ ဂျာနီဖာလိုပက်ဇ်နဲ့ အတူ ၁၁ လ ပေါင်းသင်းခဲ့စဉ်က လင်ခန်းမယားခန်းကိစ္စအ၀၀ကို တစ်တစ်ခွခွရေးပြီး စာအုပ်ထုတ်ဝေမည်ဆိုပါလား။ ယောက်ျားတစ်ယောက်ဆီမှာ သည်လောက် ညစ်စုတ်ပုပ်အက်နေတဲ့ စိတ်ဓာတ်မျိုးတွေ ရှိနေနိုင်သတဲ့လား။ အံ့သြပါရဲ့။
(လေး) YMB သခင်တင်က သူ၏ အုံ့ပုန်းချစ်သီချင်းတစ်နေရာတွင် “ဆီးဖြူ ဖန်ခါးဆို ငုံ၍များတောင်ထားလိုက်ချင်ပါတယ်” ဟူ၍ ယောက်ျားတစ်ယောက်၏ မေတ္တာစိတ်ကို ဖွဲ့ခဲ့ဖူးပါသည်။
အခု၊ ဟိုအခွေ၊ သည်အခွေခေတ်ကြီးထဲမှာ အကြွင်းမဲ့ ယုံကြည်ဖို့ရာခက်ခဲလှပါပြီ။ ဂျနီဖာလိုပက်ဇ် (Jennifer Lopez) ကို နိုအာက ငွေညှစ်သလို ငွေညှစ်လာကြရင် ဘယ်လိုရင်ဆိုင်ကြရပါ့။
ကျွန်တော်တို့၏ သမီးများ၊ ကျွန်တော်တို့၏ ညီမကလေးများ ဆင်ခြင်တုံတရားကြီးကြီးမားမားထားကာ ဆီးဖြူဖန်ခါးဆို ငုံ၍များ ပင်ထားချင်သည်ဆိုသူများကို အကြွင်းမဲ့မယုံကြည်အပ်သည့် နေ့ရက်များသို့ ရောက်ရှိလာပြီဆိုသည်ကို သဘောပေါက်ရမည့် ကမ္ဘာကြီးပါကလား။ ။

မောင်သာချို

No comments:

Post a Comment