Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 16, 2013

စာသင်ကျောင်းရေအိုးထဲ အဆိပ်ခတ်မှု စစ်ဆေးနေစဉ် နောက်တစ်ကြိမ်ထပ်ဖြစ် (ဟင်္သာတ)

စာသင်ခန်းအတွင်းရှိ သောက်ရေအိုးထဲသို့ ပိုးသတ်ဆေးခတ်သွားမှုနှင့် ပတ်သက်၍ သံသယရှိသူအား ရဲစခန်းမှ စစ်ဆေးနေစဉ် ကျောင်းသောက်ရေအိုးထဲ နောက်တစ်ကြိမ်ထပ်မံဆေးခတ်သွား၍ ကျောင်း သားအများစု ကျောင်းမတက်ရဲသဖြင့် ပြစ်မှုကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်ပေးစေလိုကြောင်း သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးက ပြောသည်။
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ အင်ပင်တိုက်နယ်၊ တောင်ပတ်လည်ရွာ၊ မူလတန်းကျောင်းတွင် သြဂုတ် ၇ ရက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စာသင်ခန်းအတွင်းရှိ ကျောင်းသားများ အသုံးပြုနေသော သောက်ရေအိုးကို ဒုတိယအကြိမ်မြောက် ဆေးခတ်ခံနေရခြင်း ဖြစ်သည်။ ဇူလိုင် ၂၄ ရက်က ပထမအ ကြိမ် ဆေးခတ်ခံခဲ့ရပြီး သောက်မိသော ကျောင်းသားငါးဦးမူးဝေအော့အန်ကာ ဆေးကုသမှုခံယူခဲ့ရ သည်။
“ပထမအကြိမ် ဆေးခတ်ခံရတုန်းက ကျောင်းသားအများစု မလာကြတော့လို့ မိဘတွေနဲ့ညှိနှိုင်းပြီး ကိုယ်ပိုင်ရေသန့်ဘူးနဲ့ ကျောင်းတက်ခိုင်းခဲ့ရတယ်။ ကျောင်းသားမိဘတွေက သံသယနဲ့စောင့်ကြည့်နေ တဲ့အချိန်မှာ ထပ်ဖြစ်တော့ ကလေးတွေကို ကျောင်းမတက်ခိုင်းကြတော့ဘူး” ဟု ကျောင်းအုပ်ဆရာ မကြီး ဒေါ်စန်းစန်းဌေးက ပြောသည်။
ထိုသို့ဖြစ်ပွားပြီး အဆိုပါကျောင်းသို့ မြို့နယ်ရဲစခန်း၊ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူ များ သြဂုတ် ၉ ရက်က လာရောက်စစ်ဆေးခဲ့ပြီး သက်သေခံပစ္စည်းများကို အင်ပင်ရဲစခန်းသို့ ယူ ဆောင်သွားခဲ့သည်။
အဆိုပါအမှုကို အင်ပင်တိုက်နယ်ရဲစခန်းက ပြစ်မှုပုဒ်မ ၂၇၇ ဖြင့် အမှုဖွင့်ထားပြီး မူလတန်းကျောင်းမှ ပညာရေးဝန်ထမ်းများကို စစ်ဆေးရမည့်အခြေအနေဖြစ်သောကြောင့် သတိထားလုပ်ဆောင်နေ ကြောင်း စခန်းမှူးရဲအုပ် မင်းသက်လှိုင်က ပြောသည်။
“ပထမတစ်ကြိမ်ဖြစ်တော့ ဆရာမကြီးက ကျောင်းသားမိဘတွေအပါအဝင် ကျောင်းထဲကို အပြင်လူ အဝင်မခံတော့ဘူး။ နောက်တစ်ကြိမ်ထပ်ဖြစ်တော့ ဝန်ထမ်းတွေကိုပဲ စစ်ဆေးရတော့မှာ။ လောလော ဆယ်တော့ သက်သေခံပစ္စည်းတွေကို ချိတ်ပိတ်ပြီး ဓာတုဗေဒရုံးကိုပို့ဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး လက်ထောက်ဆရာနှစ်ဦးနှင့် ကျောင်းစောင့်ဝန်ထမ်းများ ကြားတွင် လူမှုရေးပြဿနာကြောင့် မကျေလည်မှုအချို့ရှိနေပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် သောက်ရေအိုးအတွင်း ဆေးခတ်သည့် ပြဿနာအပြင် ပညာရေးဝန်ထမ်းချင်း ဖြစ်ပွားနေသည့် ပြဿနာများကိုပါ အမြန်ဆုံးဖြေရှင်းပေးရန် အရေးတကြီး လိုအပ်နေကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။ ထိုကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၄၈ ဦး ပညာသင်ကြားနေသည်။
7Day Daily

No.111. AUGUST 13, 2013

No comments:

Post a Comment