ရန်ကုန်၊ သြဂုတ် ၂၅
ကမ္ဘာ့ လက်ဝှေ့အားကစားလောက၏ ဘုရင် တစ်ဆူအဖြစ် ကျော်ကြား ခဲ့သော ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံဟောင်း မိုက်တိုင်စန်က ၎င်းဘဝတွင် မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် အရက် သောက်သုံးမှုကြောင့် သေ မလို ဖြစ်ခဲ့ရသည်ဟု ပြောကြားခဲ့ကြောင်း Reuters သတင်းဌာန၏ ဖော်ပြ ချက်အရ သိရသည်။
မိုက်တိုင်စန်က “ကျွန်တော့် ဘဝကို အသောက်အစား ကင်းကင်းနဲ့ နေထိုင် ချင်ပါတယ်။ ကျွန်တော် မသေချင်သေးပါဘူး။ အရက် အရမ်းသောက်ခဲ့တဲ့ အတွက် သေမလိုတောင် ဖြစ်ခဲ့ရဖူးပါတယ်။ ကျွန်တော်အခု အရက် မသောက်တာ၊ ဆေး မသုံးတာ ခြောက်ရက်လောက် ရှိပါပြီ။ ဒါဟာ ကျွန်တော့်အတွက်တော့ အံ့သြစရာပါပဲ။လူတိုင်းကို ကျွန်တော်ဟာ အသောက်အစား ကင်းပြီလို့ လိမ်ခဲ့ဖူး ပါတယ်။ အဲ့ဒါ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုကနေစပြီး အရက်သေစာ မသောက်စားတော့ပါဘူး” ဟု Espn သတင်း ဌာနနှင့် ပြုလုပ်ခဲ့သော Friday Night Fights တွေ့ဆုံ မေးမြန်းခန်း အစီအစဉ်တွင် ဖွင့်ဟ ပြောကြားခဲ့သည်။
မိုက်တိုင်စန်က ၎င်းသည် တစ်ခါက လူဆိုးတစ်ယောက် ဖြစ်ခဲ့ဖူးပြီး ဆိုးဝါးသော အပြုအမူများကိုလည်း ပြုလုပ်ခဲ့ဖူးကြောင်း၊ လုပ်ရပ်များကို အားလုံးက ခွင့်လွှတ်ပေးစေလိုပြီး ၎င်းကိုယ်တိုင်လည်း ဘဝသစ် တစ်ခုကို ပြန်စချင်သည်ဟု ပြောကြားခဲ့ကြောင်း Reuters သတင်းဌာန က ဖော်ပြခဲ့သည်။
လက်ဝှေ့ကစားသမား ဘဝတစ်လျှောက်တွင် WBA၊ WBC၊ IBF စသော ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံ ဘွဲ့များကို ဆွတ်ခူးခဲ့သော အမေရိကန် လက်ဝှေ့ ချန်ပီယံ မိုက်တိုင်စန်သည် ၂၀၀၆ ခုနှစ်တွင် ထိုးသတ်ခဲ့သော ပြိုင်ပွဲများ၌ Danny Willians နှင့် Kevin Mcbride တို့ကို နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ ပြီးနောက် လက်ဝှေ့ကစားသမား ဘဝမှ အနားယူ လိုက်ကြောင်း ကြေညာခဲ့သည်။ ၎င်း၏ ကစား သမားဘဝတစ်လျှောက် လက်ဝှေ့ပွဲ ၅၈ ပွဲ ထိုးသတ်ခဲ့ရာတွင် ပွဲ ၅၀ နိုင် ၆ ပွဲ ရှုံးခဲ့ပြီး၊ အနိုင်ရခဲ့သည့် ပွဲများတွင် ၄၄ ပွဲမှာ အလဲထိုး အနိုင်ရခဲ့ခြင်း ဖြစ်သည်။
No comments:
Post a Comment