(ကျနော်
ဒီစာလေးကို မနှစ်က ရေးထားဖြစ်တာပါ။ ကိုယ့် ဘာသာစိတ်ထဲရှိတာ ချ ရေးပြီးမှ
Only Me ပဲ လုပ်ထားဖြစ်တယ်။ ခုတော့ မ Spring Flowers ရဲ့
ပန်းချီကားအကြောင်းရေးထားတဲ့ စာ တစ်ခုကိုဖတ်လိုက်ရလို့ ဒီ စာကိုအနည်းငယ်
ပြင်ဆင်ပြီး မိတ်ဆွေများကို ပြန် ဝေမျှလိုက်ပါတယ်။)
ဆရာမ ဂျူး ရဲ့ "သူရဲကောင်းတွေ မများလွန်းဘူးလား " ၀တ္တုလေးကို ဖတ်ရင်း ဒီ ပန်းချီကားအကြောင်း ပါလာတာနဲ့ စိတ်ဝင်စားလို့ Google ကနေ စပ်စုကြည့်တာပါ။ ပန်းချီကား နာမယ်က 'တုတ်တိုများဖြင့် စိန်ခေါ်သတ်ပွဲ (Duel with Cudgels)' ဖြစ်ပါတယ်။ပန်းချီဆရာကြီး ဖရန်စစ် ကို ဒီဂိုရာ ရဲ့ လက်ရာပါ။ ဆရာမ ရဲ့ စာအုပ်မှာတော့ ဒီ ပန်းချီကားနဲ့ အစ္စရေး-ပါလက်စတိုင်း စစ်ပွဲကို ခိုင်းနှိုင်းသရုပ်ဖော်သွားပါတယ်။ ဖရန်စစ် ဒီဂိုရာက (၁၈) ရာစုအတွင်း အကျော်ကြားဆုံး စပိန်လူမျိုး ပန်းချီဆရာ တစ်ယောက်ဖြစ်ပြီးတော့ သူ့လက်ရာတွေက သူနောက်ပိုင်းမျိုးဆက်တွေဖြစ်တဲ့ Manet, Picasso တို့လို့ ပန်းချီကျော်တွေအတွက် စံ ထားစရာတွေဖြစ်ခဲ့ပါသတဲ့။
အင်တာနက် မှတ်တမ်းတွေအရတော့ (၁၈၂၀) ကနေ (၁၈၂၃) ကြား ကာလတစ်ခုမှာ ဒီပန်းချီကိုရေးခဲ့ပြီးတော့ ဂိုရာကိုယ်တိုင် Fight with Cudgels ဆိုပြီး အမည်ပေးခဲ့ပါသတဲ့။ လက်ရှိဒီပန်းချီကားမူရင်းကတော့ မက်ဒရစ်မြို့က Museo del Prado (National Art Museum) ဆိုတဲ့ပြတိုက်မှာ ချိတ်ဆွဲထားရှိပါတယ်။
ပုံမှာ ကြည့်လိုက်ရင် အမုန်းတရား ကိုယ်စီနဲ့ လူနှစ်ယောက် တင်းပုတ်ကိုယ်စီ နဲ့ ရိုက်နှက် သတ်ပုတ် နေကြ တာကို မြင်ရ မှာပါ။ နှစ်ယောက်စလုံး သဲဝဲနွံထဲမှာ နစ်နေကြရတယ်။ ပါတ်ဝန်းကျင်မှာလည်း သဲမုန်တိုင်းက တိုက်ခတ်နေတယ်။ သူတို့ နှစ်ယောက်ကတော့ သတ်လို့ကောင်းတုန်း၊ သဲတွေက ဒူးဆစ်အထိ နစ်နေပြီ။ ဘယ်သူနိုင်တယ်ဆိုတာ မသေချာသလို၊တစ်ယောက်ယောက်က နိုင်သွားခဲ့ရင်တောင်မှ အနိုင်ရသူကိုယ်တိုင် သဲနွံထဲက ရုန်းထွက်နိုင်ပါ့မလား ဆိုတာ ခံစားသူတွေးတောနိုင်အောင် ရေးခြစ်ထားတာပါ။ ပုံက Landscape (မြင်ကွယ်းကျယ်) ဖြစ်ပြီးတော့ အလင်းဖျော့ဆွဲပြီး အမှောင်ရိပ်တွေ ကြီးစိုးနေလို့ သွေးဆာနေတဲ့ ရူးသွပ်မှု (Bloody madness) ကို ကြည့်ရှု့သူရင်ထဲ စိမ့်ဝင်အောင် ရေးသားနိုင်တဲ့ လက်ရာမြောက် ပန်းချီကားတစ်ချပ်လည်း ဖြစ်ပါတယ်။
ဆရာမ က Time မဂ္ဂဇင်းမှာပါတဲ့ အသက် (၁၆) နှစ်အရွယ် ပါလက်စ်တီးနီးယန်း သူကလေး အစ္စရေးနယ်မြေထဲမှာ အသေခံဗုံးခွဲတာကို အခြေပြုရေးထားတာပါ။ အဲဒါနဲ့ တဆက်ထဲ ရေးထားတာက အဲလိုပဲ တိုက်ပွဲတွေ ကြား၊ အကြမ်းဖက် တိုက်ခိုက်မှု့တွေ ကြားက လူတွေရဲ့ နေ့စဉ်ဘ၀ပါ။ မမျှော်လင့်ပဲ ဗုံးကွဲ၊ သေကြေ ဒါဏ်ရာရနိုင်တယ်ဆိုတဲ့ကြောက်ရွံ့မှု့တွေ ကြားမှာ ရှင်သန်နေထိုင် နေကြရတယ်။ အကြမ်းဖက်မှု့ ရဲ့ ရလာဒ်တွေဟာ ကိုယ်ပေါ်မှာသာမက စိတ်မှာပါ အမာရွတ် ထင်ကျန်ရပါသတဲ့။ ဘယ်အချိန်မှာ ပြေလည်မလည်း အားလုံးက မျှော်လင့်နေကြတယ်။
ဆရာမ ဂျူးရဲ့ စာထဲမှာတော့ အခုလို ရေးပြထားပါတယ်။
" ...... အစ္စရေး ပြည်သူတို့အနေဖြင့် ဘာမှ စွမ်းအားမရှိ၊ ကူကယ်ရာမဲ့ အခြေအနေတို့ ဖြင့် ဒါဏ်ရာတို့သည် ထုံနေတတ်သည်။ ဆတ်ဆတ်ထိ နာကျင်မှု့နှင့် ထုံအမ်းမှု့ အကြားမှာ သူတို့ ယိမ်းခါနေခဲ့သည်။ ခရီးသွားလုပ်ငန်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့၊ ပညာရေး အရာရာသည် ပျက်စီးကာ အလုပ်လက်မဲ့ တွေ စုပုံလာခဲ့သည်။ အလုပ်ရှိနေသူတို့ ပင်လျှင် နောင် အနာဂါတ် စိတ်ကူး ကြံစည်မှု့ဆိုတာ ဝေးလို့ တစ်ပါတ်စာ ကြိုတင်ကြံစည်မှု့တွေပင် လုပ်လို့ မဖြစ်နိုင်အောင် အနာဂါတ် မဲ့ကုန်ကြသည်"
ကျနော်ကတော့ ပန်းချီကားရယ်၊ ဆရာမရေးထားတဲ့ စာ သားတွေရယ်၊ အဲဒီနောက် လွတ်လပ်ရေးနဲ့အတူ ဖွားဖက်တော် အဖြစ်ပါလာတဲ့ ကျနော်တို့နိုင်ငံက ပြည်တွင်းစစ်ရယ်ကို ဆက်စပ်တွေးကြည့်နေမိတော့တယ်။ နှစ်ခြောက်ဆယ် နီးပါး ကျနော်တို့ သဲဝဲနွံနဲ နစ်ခဲ့ရပြီးပြီ။ တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန် ဆိုသလို ပန်းချီကားထဲကအတိုင်း ပါတ်ဝန်းကျင်မှာလည်း မုန်တိုင်းတွေ ထန်ခဲ့တယ်။ ပုံမှာ ပြထားသလိုပဲ ကျနော်တို့ ခြေထောက်တွေကို သဲတွေက နွံနစ်သလို နစ်နေပြီ။ ရုန်းထွက်ရမယ့် အချိန်ရောက်ပါပြီ။ ပြသနာ အဖြေမရှာတွေ့သ၍ ( ရန်ဖြစ်နေသ၍) သဲဝဲနွံထဲမှာ နစ်နေကြရမယ် ဆိုတာကို ပန်းချီကားလေ့လာ လိုက်ရုံနဲ့ အားလုံး ဆက်စပ် စဉ်းစားမိနိုင်မှာပါ။ ကိုင်ထားတဲ့ တုတ်တွေ လွှတ်ချပြီး ... တယောက် နဲ့ တယောက် ချစ်ကြည်ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက် (Shaking Hands) လုပ်နေတဲ့ မြင်ကွင်းမျိုး ... စိတ်ကူးနဲ့ တွေးကြည့်ရုံ နဲ့ ကြည်နူးမိပါတယ်။
ကြုံကြိုက်လို့ လူတွေ ဘာလို့ လက်ဆွဲ နှုတ်ဆက် (Shaking Hands) ရတယ် ဆိုတာလေးကို မှတ်ထားမိတာ ပြောပြချင်ပါသေးတယ်။ ဒါကတော့ ဒဏ္ဍာရီလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
Civilised society မဖြစ်သေးတဲ့ ဟိုး ကျောက်ခေတ်က လူတွေ တယောက်ကိုတယောက် မြင်ရင် တွေ့ရာလက်နက် တခုခု နဲ့
ထိုးကြိတ်ရန်ဖြစ်ကြသတဲ့။ လက်နက်တခုစီတော့ ကွယ်ဝှက်ယူသွားပြီး တွေ့တာနဲ့ ဆော်ကြတော့တယ်။ အဲတော့ ခံရသူမှာလည်း မသက်သာသလို၊ တိုက်ခိုက်လိုက်တဲ့သူမှာလည်း ဘယ်အချိန်များ ငါ့ကိုချောင်းမြောင်းလုပ်ကြံမလည်း ဆိုတဲ့အသိနဲ့
လုံခြုံမှု မရှိတော့ဘူး။ နောက်ပိုင်း ယဉ်ကျေးမှုတွေ ဖွံ့ဖြိုးလာတယ်။ အသိဥာဏ်တွေ ဖွံ့ဖြိုးလာတော့ တယောက်ကို တယောက် မသတ်ဖြတ်ကြတော့ဘူး။
"ဟေ့လူ .. ဒီမှာ ကြည့် .. ကျုပ်လက်ထဲမှာ ဘာလက်နက်မှ ပါ မလာဘူး။ ခင်ဗျား နဲ့ ကျုပ် နဲ့ ပိစိ၊ ပိစိ (peace) ဗျာ" ဆိုတဲ့ အဓိပ္ပါယ် နဲ့ တယောက်ကို တယောက် လက်ဝါးဖြန့်ပြကြရင်း လက်ဆွဲ နှုတ်ဆက်တဲ့ အလေ့အထ ပေါ်ပေါက်လာတယ် မှတ်သားဖူးရဲ့။
It was a way of showing a stranger you weren't carrying a weapon in the old days.
(Cold War ကာလမှာ အားပြိုင်ခဲ့တဲ့ အမေရိကန် နဲ့ ဆိုဗီယက် ရုရှတောင် ခု Snowden ကိစ္စမှာ အပေးအယူ တည့်တည့်နဲ့ သံခင်းတမန်ခင်း ဆက်ဆံရေးမပြတ်အောင် ဆောင်ရွက်နေတာကို ကြည့်ရင် အခုနောက်ပိုင်း သူနိုင် ကိုယ်နိုင် အပြိုင်ကျဲတာထက် Partnership ပုံစံပူးပေါင်းဆောင်ရွက်နေတာကို ကျနော်တို့ တွေ့မြင်ရတယ် မှတ်လား။)
လက်ဆွဲနှုတ်ဆက်ခြင်းအကြောင်း ထပ်ပြောရရင် .. (အမှတ်မမှားခဲ့ရင်) ဆရာ အတ္တကျော် ရဲ့ "ပျူငှာတဲ့ မူရာ" စာအုပ်မှာတဦးနဲ့ တဦး လက်ဆွဲနှုတ်ဆက်ရာမှာ .. အရင်ဆုံး လက်စဆွဲ နှုတ်ဆက်သူဟာ ပိုပြီး ယဉ်ကျေးသိမ်မွေ့သူ၊ ကိုယ့် ကို ကိုယ်ယုံကြည်မှု့ ပိုရှိတဲ့သူ၊ ပြည့်ဝတဲ့သူ အဖြစ်ရေးထားတာ မှတ်သားဖူးပါတယ်။ အဲတော့ .. ဘယ်သူနဲ့ပဲ ကြုံကြုံ ဘယ်သူကို မဆို ကိုယ့်ဘက်က စတင်ပြီးသာ လက်ဆွဲနှုတ်ဆက်ဖို့ စိတ်ကူးလိုက်တော့။ သေချာပါတယ် .. အဲလိုဆိုရင်တော့ ခင်ဗျား ဟာရန်ပြုတိုက်ခိုက်ချင် စိတ် မရှိတဲ့သူ၊ ငြိမ်းချမ်းရေးအတွက် တစ်ထောင့် တစ်နေရာက ကြိုးစားအားထုတ်နေတဲ့သူ အဖြစ်ကိုယ့် ကို ကိုယ် ခိုင်ခိုင်မာမာ ယုံကြည်လိုက်နိုင်ပြီလို့ ဆိုချင်ပါရဲ့။ ရိုးသားတဲ့စိတ်နဲ့ ဖြန့်ထုတ်လိုက်တဲ့ လက်ဖြစ်ဖို့တော့ လိုတာပေါ့လေ။
*** ဆရာမ ဂျူး ၏ "သူရဲကောင်းတွေ မများလွန်းဘူးလား" ၀တ္တုတိုကို ဆင့်ပွားခံစားပါသည်။
Photo @ http://upload.wikimedia.org/wikipedia/commons/4/45/Francisco_de_Goya_y_Lucientes_-_Duel_with_Cudgels_-_WGA10102.jpg
Wunna Than Htun
Sunday, March 11, 2012

No comments:
Post a Comment