မိတ်ဆွေ တစ်ယောက် ပိုင်တဲ့ အင်တာနက်ဆိုင်ကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ နက်ဝက် ဂိမ်းကစားနေတဲ့ ကလေးတွေအားလုံးကို မောင်းထုတ် နေတာပါပဲ။ ( မင်းဘာလုပ်နေတာလဲ ) ဆိုတော့ ( ဒီကောင်တွေ ဂိမ်းကစားတာ တစ်နာရီ ပြည့်သွားလို့ ပြန်ခိုင်းနေတာ .. မောင်းမထုတ်ရင် တစ်နေကုန်ကစားနေမှာကွ ) တဲ့။ ( တစ်နေကုန် ကစားတော့ မင်းပိုက်ဆံရတာပေါ့ ) ဆိုတော့ ...
" ဟေ့ကောင် .. မင်းသူ့မိဘနေရာက စဉ်းစား၊ ဒီကောင်တွေ တနေကုန် ကစားနေလို့ ဘာအကျိုးကျေးဇူးမှ မရဘူး။
၁။ ခန္ဓာကိုယ်ချည့်နဲ့လာမယ်။
၂။ ရိုင်းစိုင်းကြမ်းတမ်းတတ်လာမယ်။
ဟိုကောင်ပြေးလာပြီ ဓားနဲ့ထိုး၊ နောက်ကကောင်ကို ဝင်ရိုက်လိုက်၊ ယီးတဲ့မှပဲ . မအေရိုး .. ဆိုတာတွေ မင်းမှ မကြားဖူးပဲ ..." တဲ့။ ( တခါတလေ ဖေ့ဘုတ် အကောင့်ဖွင့်ပြီး သုံးနေတာ၊ ပွန်းဆိုက်တွေ လိုက်ကြည့်နေတာလည်း တွေ့ရတတ် ပါတယ်။ )
ဒါဆိုဘာလို့ သူတို့ကို မင်းဆိုင်မှာ ကစားခွင့် ပေးနေသေးလည်း ဆိုတော့ တစ်နာရီလောက် စိတ်ထွက်ပေါက် ပေါ့ကွာတဲ့။ မင်းဆီမကစားရလည်း တခြားသွားဆော့မှာပဲ ဆိုတော့ ဒါတော့ ဘယ်တတ်နိုင်မလဲတဲ့။
ချတ်တင်ထိုင်ရင်း အသက် ၄၀ လောက် လူတစ်ယောက်နဲ့ ငြိစွန်းသွားတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် အကြောင်း trust ရုပ်ရှင်ကလည်း သင်ခန်းစာပါ။ facebook ကနေ လူကုန်ကူးမှု ဖြစ်သွားတာတွေ၊ လိင်ဖျော်ဖြေမှု လုပ်ငန်းဘက် ရောက်သွားတာတွေလည်း ကျနော်တို့ဆီမှာ မြင်တွေ့နေရပြီ။
အခု ပိုဆိုးလာတော့မယ့် ပြသနာက ၁၅၀၀ ဖုန်းတွေ။ အရင်က ကျနော့ ကျူရှင်ကို ဖုန်းယူလာ တတ်တာဟာ ၁၀ တန်းသမားတွေပဲ ရှိပေမယ့် အခုဆို ၈ တန်း၊ ၉တန်း ကလေးတွေပါ ဖုန်းကိုင်လာကြပါပြီ။ ဆရာအလစ် ဂိမ်းခိုးနှိပ် တယ်။ မက်ဆေ့နဲ့ ချတ်တယ်။ ဒါနဲ့ ကျူရှင်ကို ဖုန်းမယူလာဖို့ ဖုန်းမြည်သံ ကြားရင် အပြီးသိမ်းမယ်လို့ စည်းကမ်း ထုတ်လိုက်ရပါတယ်။ ဒါလည်း ခိုးယူလာ ကြတာပါပဲ။
တစ်ရက်တော့ နဝမတန်း စာသင်ခန်းထဲမှာ ဖုန်းမြည်သံ ကြားတာနဲ့ အကုန် လိုက်စစ်လိုက်တော့ ဖုန်းငါးလုံးရတယ်။ မိန်းကလေးက သုံးလုံး၊ စိတ်ပေါက်ပေါက်နဲ့ မက်ဆေ့တွေ အကုန်ဖွင့် ဖတ်လိုက်တော့ မက်ဆေ့ အားလုံးရဲ့ တူညီတဲ့အချက်က ....
" အရမ်း သတိရတာပဲ " .... ... "ဘယ်နေ့ တွေ့ခွင့် ရဦးမှာလဲ " .. .. "အရင်နေရာကို လာခဲ့ရဦးမှာလား "
ဒါမျိုးတွေချည်းပါ။ မိဘများကိုယ်စား အလွန်ရင်ပူ မိပါတယ်။ မိဘတွေကရော မိမိတို့ ကလေးတွေရဲ့ လွယ်အိတ်တွေ ဖုန်းတွေ ဘယ်နှစ်ခါများ စစ်ဆေးဖူးကြ ပါသလဲ။ မဝယ်ပေးနဲ့ မဟုတ်ပါဘူး၊ ဝယ်ပေးကြပါ။ စစ်လည်း စစ်ဆေးကြပါ။ ကလေးတွေရဲ့ အသိဥာဏ် ရင့်သန်အောင်လည်း လေ့ကျင့်တည့်မတ် ပေးကြပါဦး။ ကျနော်တို့ မရှိတော့ရင် ဒီကလေးတွေရဲ့ လက်ထဲမှာ အရာရာ အားလုံး ချန်ထားခဲ့ရမှာပါ။ ကျနော်ကတော့ သူတို့အားလုံးကို အရွယ်မတိုင်မှီ လမ်းမလွဲကြဘဲ ရင့်ကျက်တည်ငြိမ်စွာနဲ့ လျှောက်လှမ်းနိုင်သူတွေ ဖြစ်စေချင်တာ ပါပဲ။
" သိပ်ချစ်လွန်းလို့ ၈ တန်း ကျောင်းသားလေးကို ဆိုင်ကယ် ဝယ်ပေးတာဟာ သင်္ချိုင်းကုန်းမှာ မြေဝယ်ပေးလိုက် သလိုပါပဲ။ သိပ်ချစ်လွန်းလို့ ၈ တန်း၊ ၉ တန်း ကျောင်းသူလေးကို ဖုန်းဝယ်ပေး လိုက်တာဟာ အနာဂါတ်ကို တွင်းတူး မြှပ်နှံ လိုက်သလိုပါပဲ ... .. "
မိဘများလည်း စဉ်းစားကြဖို့ပါ။
သည်းထန် - The Yangon Times Daily
ကိုယ့် ကလေးတွေကို ခေတ်နဲ့ လျော်ညီအောင်လည်း နေပါစေ။ မျက်ခြေလည်း မပြတ်ပါစေနဲ့လို့ အကြံပြု လိုက်ပါတယ် ခင်ဗျာ ..
by: Royal Hero Media
No comments:
Post a Comment