Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 18, 2013

R ဇာနည်နှင့် တွေ့ဆုံခြင်း

R ဇာနည်နှင့် တွေ့ဆုံခြင်းကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်သော Rဇာနည်က စတိတ်ရှိုးပွဲ သီဆိုမှုများ ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်ပြီး တစ်လတိတိ အနားယူစဉ် သားငယ်ကို ကျောင်းကြို/ပို့ ပြုလုပ်ရင်း အချိန်ကို ကုန်လွန်စေခဲ့သည်။ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အချိန်တွင် မိသားစု တီဗီကြော်ငြာများကိုလည်း လက်ခံရိုက်ကူးဖြစ်နေပြီး 'အဆိပ်တက်အိပ်မက်' ဗီစီဒီ ထွက်ရှိရန် ပြင်ဆင်နေသော Rဇာနည်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

ကျန်းမာရေးအခြေအနေက ပြန်ကောင်းလာပြီဆိုတော့ အမြဲ ကျန်းမာနေအောင် ဘယ်လိုနေထိုင်ရမယ်လို့ ဆရာဝန်က ညွှန်ကြားထားပါသလဲ။

အခု ဆရာဝန်ကတော့ အနေအထိုင် ဆင်ခြင်ရပါမယ်။ အိပ်တာ၊ အစားအသောက် အချိန်မှန်ရမယ်။ အရမ်းပင်ပန်းတဲ့အလုပ် မလုပ်ခိုင်းသေးဘူးပေါ့။ ကျွန်တော် လူကောင်းတစ်ယောက်လိုပါပဲ။ အားလုံးကောင်းပါတယ်။ ဖြစ်တာကလည်း အအေးပတ်ပြီးတော့ အကြောနည်းနည်းကပ်သွားတော့ ဘန်ကောက်သွားပြီး ကုရတယ်ဆိုတာကလည်း အဲဒီအကြော ပြန်ပြီးသန်မာလာအောင် လေ့ကျင့်ခန်းနဲ့ လေဆာကုထုံးနဲ့လုပ်တာ။ အဲဒီမှာ အဲဒါကြောင့် သွားကုဖြစ်တဲ့ သဘောပါပဲ။

အစ်ကိုနေမကောင်းစဉ်ကာလမှာ လေဖြတ်တယ်ဆိုပြီး ပြောကြသလို အခြားသော ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့တယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်သဲ။

ကျွန်တော့်အတွက် ကောလာဟလက သိပ်အထူးအဆန်းတော့ မဟုတ်တော့ဘူး။ ခဏခဏလည်း သေဖူးတယ်။ လေဖြတ်တယ်ဆိုတော့ နောက်ထပ် အသစ်တစ်မျိုးပေါ့။(ရယ်လျက်) နေမကောင်းတော့ အိမ်ကနေ ကားပေါ်တွဲပြီး တက်သွားတဲ့ဟာကိုကြည့်ပြီးတော့ နေကောင်းမှတော့ ကိုယ့်ဟာကိုယ်လျှောက်သွားမှာပေါ့။ နေမကောင်းလို့ တွဲသွားတာကို အောက်ပိုင်းသေသွားပြီလို့ ပြောတဲ့သူကပြောတယ်။ ကွန်ဒိုကလူတွေတောင် လေဖြတ်နေပြီလို့ ထင်တယ်။ ရေးတဲ့သူက ရေးလိုက်တော့ အဲဒီတော့ ကောလာဟလကတော့ ကောလာဟလပါပဲ။

အစ်ကိုရဲ့အမျိုးသမီးက ဘေးကနေ ပံ့ပိုးပေးနေတာ အမြဲ တွေ့နေရပါတယ်။ သူ့အတွက် လုပ်ပေးချင်ဆုံး ဆန္ဒတစ်ခုက ဘာဖြစ်မလဲ။

ကိုယ့်အမျိုးသမီးနဲ့ကိုယ်ကတော့ ဆိုးတိုင်ပင်ကောင်းတိုင်ပင် ဖြစ်တာပေါ့နော်။ ကိုယ်ကလုပ်ပေးချင်တာထက် ကိုယ့်ကို သူက လုပ်ပေးတာပိုပါတယ်။ ကိုယ့်အတွက် အမြဲတမ်း စဉ်းစားပေးတယ်။ သူ့ဘာသာသူ စီမံခန့်ခွဲတာပေါ့။ အဲဒီအပေါ်မှာ ကိုယ်က အကောင်းဆုံး ပြန်ခွဲခြားပြီးတော့ လက်ခံတာပေါ့နော်။ သူဖြစ်ချင်တဲ့ဟာဆို လုပ်ပေးချင်ပါတယ်။

ကျန်းမာရေးကြောင့် ရှိုးပွဲတွေလည်း ဖျက်ခဲ့ရပြီး ပရိသတ်နဲ့ အနေဝေးနေတော့ အခု ပရိသတ်နဲ့ ဘယ်တော့လောက် တွေ့ဆုံပြီး အနုပညာအလုပ်တွေကို ဘယ်လိုလုပ်ဆောင်သွားမလဲ။

ရှိုးပွဲတွေ ဖျက်လိုက်တဲ့အထဲမှာ နောက်ထပ်လာတဲ့ပွဲတွေကို လက်မခံတာလည်းပါတယ်။ ဘာလို့လဲဆိုတော့ တစ်လလောက် အတိအကျ နားလိုက်တယ်ဆိုတဲ့ သဘောမျိုးဆိုတော့ 'အဆိပ်တက် အိပ်မက်' ဗီစီဒီထွက်ဖို့ လုပ်ထားတာ။ အခုတော့ သင်္ကြန်ပြီးလောက်မှပဲ ထွက်ဖြစ်တော့မယ်။ တခြား အင်တာဗျူးတွေကိုတောင် ဖြေထားတယ်။ ၂၈ ရက်ထွက်မယ်လို့၊ မမီတော့ဘူး။ စင်ကာပူမှာ အခွေကူးတာနဲ့ဘာနဲ့ဆိုတော့ မမီတော့ဘူး။ မနက်ဖြန် ပဲခူးမှာ သွားဆိုမယ်။ ပြန်လာလို့ရှိရင် ၂၆၊ ၂၇ မန္တလေးမှာဆိုမယ်။ ပြီးရင် ၂၈ အခွေထွက်မယ် လုပ်ထားတာ မထွက်ဖြစ်တော့ဘူး။ နောက်လထဲမှာ တောက်လျှောက် ပွဲတွေရှိမယ်။ ဒီလကုန်မှာလည်း ချန်ချန်ဦးစီးပြီးလုပ်တဲ့ အလှူပွဲလေးတစ်ခု ရှိတယ်လေ။ ချန်ချန်ကတော့ ပြောတယ်။ ဈေးရောင်းပွဲဆိုတော့ အစ်ကို ဘာရောင်းမလဲ။ မအားတာနဲ့ ရောင်းတော့ မရောင်းတော့ဘူးလို့၊ ဒီအတိုင်း အလှူငွေ လာထည့်ပြီးတော့ သူများတွေရောင်းတာကိုပဲ စားပြီးတော့ အားပေးမယ်လို့ ပြောထားတယ်။ တောက်လျှောက် ပွဲတွေရှိပါတယ်။ သင်္ကြန်လည်း မန္တလေးအယ်လ်ပိုင်းမှာ ရှိမယ်။

အစ်မတင်ဇာမော်ပွဲမှာ အစ်ကို့သီချင်းနဲ့ ညီဖြစ်သူ Mသီဟ ပါဝင်ခဲ့တယ်။ ညီအစ်ကိုနှစ်ယောက် ပေါင်းပြီးတော့ တစ်ခုခုလုပ်ဖို့ ရှိလား။ ညီဖြစ်သူကိုရော ဂီတနဲ့ပတ်သက်လို့ ဘာတွေလုပ်ပေးဖြစ်လဲ။

သူနဲ့ကျွန်တော် ဟိုးအရင်တုန်းက နှစ်ယောက်တွဲအခွေတစ်ခွေ စီစဉ်ထားတာရှိတယ်။ အဲဒီအခွေက ပရိုဂျူဆာတွေက ဆက်မလုပ်တော့ဘူး။ အဲဒီနောက်ပိုင်း သူ့ဟာသူ အခွေတစ်ခွေ စီစဉ်နေတယ်။ ဒီလိုပဲ ကြိုကြားကြိုကြား ရှိုးပွဲတွေမှာတော့ သူပါတယ်။ သင်္ကြန်ကျရင်လည်း သူလည်း ရှိုးဆိုရမယ်ထင်တယ်။ သူကတော့ နေပြည်တော်များ သွားရမလားမသိသေးဘူး။ ဘာပဲဖြစ်ဖြစ် သူလိုတဲ့ အကူအညီကို လုပ်ပေးဖြစ်ပါတယ်။ ကိုယ်က ဘယ်လောက်လုပ်ပေးလုပ်ပေး သူကိုယ်တိုင် အားစိုက်ပြီးလုပ်မှ အဆင်ပြေ အောင်မြင်မှာလေ။ အားလုံးက သူ့အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ်ကတော့ ရံပေးရုံပါပဲ။

အခုနောက်ပိုင်း လူငယ်အများစုက ဂီတကို ပိုစိတ်ဝင်စားပြီးတော့ လုပ်နေကြတော့ ဂီတလောကကို ပိုကောင်းလာစေမယ်လို့ မျှော်လင့်လား။

ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အကုန်လုံး သူ့ဟာနဲ့သူ ဥပဒေတွေ၊ စည်းကမ်းတွေ ရှိလာတဲ့အခါကျတော့ အင်တာနေရှင်နယ်ဆန်လာတယ်လေ။ အရင်ထက်စာရင်တော့ ပိုကောင်းလာမှာပေါ့။ နောက်ပိုင်း သီချင်းတွေဆိုရင်လည်း ကော်ပီမလုပ်ကြတော့ဘူး။ မလုပ်ကြတော့ဘူးဆိုပေမယ့် အခုအချိန်ထိ နိုင်ငံခြားမှာ သူများသီချင်းတွေကို ဒီဘက်ခေတ်အဆိုတော်လေးတွေ ပြန်ဆိုတာ ရှိနေတာပဲလေ။ မြန်မာပြည်မှာလည်း အဲလိုပဲ အင်္ဂလိပ်သီချင်း သံစဉ်တွေယူ၊ တရုတ်သီချင်း သံစဉ်တွေယူပြီး မြန်မာလိုဆိုပေါ့ကွာ။ ကိုယ်တွေလုပ်ရတာ ပင်ပန်းတယ်။ ငွေကြေးကုန်ကျ သိပ်မခံနိုင်ဘူးဆိုတော့ နည်းနည်းလွယ်တဲ့လမ်းကို သွားဖြစ်ကြတာပေါ့။ ဒါပေမဲ့ အားစိုက်ကြိုးစားပြီး လုပ်ထားတဲ့ အရာတွေပါပဲ။ ရှေ့လျှောက်ကတော့ Own Tune တွေပေါလာမယ်။ ဂီတမျိုးဆက်သစ်တွေ ပေါ်ပေါက်လာမယ်ဆိုတော့ ရှေ့လျှောက် ဥပဒေနဲ့ဆိုတော့ ကောင်းလာမယ်ထင်ပါတယ်။

တချို့ နာမည်ကြီးအဆိုပြိုင်ပွဲတွေမှာ အဆိုပိုင်းအပြင် ပါဖော့မန့်ကို အားထားပြီး ပြိုင်လာကြတယ်။ အဆိုတော်ကောင်းတစ်ယောက်အတွက် အဓိက လုပ်ဆောင်သင့်တာ ဘာများပါလဲ။

ကျွန်တော်သိသလောက်တော့ လုပ်ယူလို့ရတာထက် ကိုယ်ပိုင်ဟန်ပန်ကတော့ ကိုယ့်ရဲ့အောင်မြင်မှုကို အဓွန့်ရှည်စေပါတယ်။ တချို့ဆိုရင် အသံကို လုပ်ယူတာပဲဖြစ်ဖြစ်၊ ပါဖော့မန့်ကို လုပ်ယူတာပဲဖြစ်ဖြစ်၊ မအောင်မြင်ဘူးလို့ အစ်ကိုမဆိုလိုဘူး။ သူတို့ လုပ်ယူထားတဲ့ဟာကို ကြည့်ရတဲ့အခါ အဓွန့်ရှည်ချင်မှ ရှည်မယ်။ ကိုယ့်ရဲ့ တကယ့်မူ၊ တကယ့်ဟန်ပန်နဲ့ ပါဖော့မန့်နဲ့ အလိုအလျောက် ဖြစ်တဲ့ဟာမျိုးက ပိုပြီးတော့ အဓွန့်ရှည်မယ်လို့ ထင်ပါတယ်။

၂၀၁၃ က အစ်ကို့အတွက် ဘယ်လိုနှစ်မျိုးလဲ။ ဖြတ်သန်းခဲ့တဲ့ နှစ်ထဲမှာ ဘယ်နှစ်က အကျေနပ်ဆုံးလဲ။

၂၀၁၃ မှာ မွေးနေ့မတိုင်မီ အဆိုးရွားဆုံး နေမကောင်းဖြစ်တာတို့၊ ပွဲတွေရွှေ့ရတာတို့က ကျွန်တော့်အတွက် မကောင်းဖြစ်တဲ့ သဘောလေးပေါ့။ အဲဒီဟာတွေ ကျော်လာပြီဆိုတော့ ၂၀၁၃ မှာ ရှေ့ဆက်ပြီး ကြိုးစား၊ အားထုတ်ပြီးတော့ ပိုမိုကောင်းမွန်တဲ့ ဘ၀ကို ဆက်ပြီး လျှောက်လှမ်းမှာပါ။ အားလုံးကတော့ ပုံမှန်ပါပဲ။ မှတ်မှတ်ရရ ပြောရမယ်ဆိုရင် ကျွန်တော် အိမ်ထောင်လဲ ကျပြီးခါစ ၂၀၀၄/၀၅ လောက်ဖြစ်မယ်ထင်တယ်။ 'ဂန္တ၀င်ဆည်းဆာ' ထွက်တဲ့အချိန်မှာ ကျွန်တော် သိသိသာသာ အောင်မြင်လာတဲ့အချိန်မှာ အလုပ်တွေ အများကြီးပဲ လုပ်ရတယ်လေ။ အဲဒီအချိန်ကနေ အခုထိ တောက်လျှောက် သွားနေတာပေါ့။ အဲဒီနှစ်ကို မှတ်မိနေတာပေါ့။ အကျေနပ်ဆုံးရယ်တော့ မဟုတ်ပါဘူး။

City FM 10 နှစ်ပြည့်မှာဆိုခဲ့တဲ့ 'အိပ်မက်ထဲကအဖြေ' ကိုယ်ပိုင်သီချင်းက အစ်ကိုသီဆိုနေကျ ပုံစံနဲ့ ခွဲထွက်ပေမယ့် ပရိသတ်တွေ ကြိုက်ခဲ့ကြတယ်။ နောက်ထပ် အဲဒီလိုမြူးဇစ်ပုံစံအသစ်တွေ သီဆိုဖို့ လုပ်နေတာ ရှိပါသလား။

အဲဒီသီချင်းက လင်းလင်း ရေးပေးထားတာ။ အဲဒီလိုမျိုး Own Tune ကတော့ ကိုယ့်အတွက် ကိုယ်ပိုင်ဖြစ်တာပေါ့။ ရှေ့လျှောက် ကိုယ်လည်း Own Tune စတည်နေပြီ။ အဲဒီထဲမှာလည်း လင်းလင်းကို သီချင်းအပ်ထားတယ်။ 'အဆိပ်တက်အိပ်မက်' ပြီးမှပဲ စလုပ်မယ်လို့ စဉ်းစားထားတာ။ အခု သီချင်းတွေ စုနေပြီ။ Music ပုံစံမျိုးစုံပါမှာပေါ့။ ကိုယ်ဆိုနေကျ ပုံစံမျိုး၊ သီချင်းအသစ်ဆိုတော့ အသစ်ခံစားရတာပေါ့။

'အဆိပ်တက်အိပ်မက်' ဗီစီဒီကို သင်္ကြန်ပြီးမှ ထွက်မယ်ဆိုတော့ အရှေ့မှာ ပါဝင်ရိုက်ကူးမှုအကြောင်း ပြောပေးပါ။

အားလုံးပြီးပြီ။ စင်ကာပူပို့ပြီးတော့ စီဒီတွေ ပြန်လာမယ့်ဟာကို စောင့်နေတယ်။ ဒါပေမဲ့ သင်္ကြန်ခံသွားတဲ့အတွက် သင်္ကြန်ပြီးမှပဲ ထွက်တော့မယ်။ ငါးလပိုင်းနောက်ဆုံး Target ထားထားတယ်။

ဖစ်ဖစ်တုန်လေးက ကျောင်းတက်နေပြီဆိုတော့ ဖခင်တစ်ယောက်အနေနဲ့ ကလေးအပေါ် စိုးရိမ်စိတ်၊ အနာဂတ်အတွက် ဘယ်လိုစဉ်းစားထားလဲ။

သားလေးကို တီချယ်နီလာမှာ ထားထားတယ်။ ပြီးတော့ နှစ်ပတ်တစ်ရက် ဒိုရေမီမှာ Music School ထားထားတယ်။ သူပျော်နေတယ်။ အခု သူပျော်တော့ ကိုယ်လည်း စိတ်ချမ်းသာတယ်။ သူ့ကို ကျောင်းကြို/ပို့ လုပ်ပေးရတယ်။ ကိုယ်ကတော့ သူတို့ကို ဘာမှ အတင်းအကျပ် ခိုင်းမှာ မဟုတ်ပါဘူး။ သူလုပ်ချင်တာ သူဝါသနာပါတာကို သူလုပ်နိုင်အောင် လမ်းပြပေးမယ်။

Music School ထားတယ်ဆိုတော့ သားအပေါ် ဂီတနဲ့ပတ်သက်ပြီး ဘယ်လိုမျှော်လင့်ထားလို့လဲ။

အဲဒီလိုပါပဲ Music School ထားဖြစ်တာက အပျော်ပါ။ သူ့အရွယ်လေးကို အများကြီး ဖိနှိပ်သင်တာမဟုတ်ဘဲ ကဗျာလေးရွတ်တာတို့ အဲဒီလိုမျိုးဆိုတော့ သူဝါသနာပါရင် သူလုပ်ချင်တာလုပ်ပေါ့။ ကိုယ်က နောက်ကနေ ပံ့ပိုးပေးရုံပဲ သူလုပ်ချင်တာတွေက ဖြစ်သင့်သလား၊ ဖြစ်နိုင်ခြေရှိလား အဲဒါကိုပဲ ချိန်ပြီးတော့ လုပ်ပေးမှာပါ။

ကျေးဇူးတင်ပါတယ်။

Credit: ကြူကြူဟန် (7Day News Journal)

No comments:

Post a Comment