Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 7, 2013

အင်တာနက်သုံးသူများ၏သတင်းအချက်အလက် အမေရိကန်အစိုးရ လျှို့ဝှက်ရယူဟု ထောက်လှမ်းရေးအကြီးအကဲ အတည်ပြု

The Voice Weekly  
 ဝါရှင်တန်၊ ဇွန် ၇

အမေရိကန်အစိုးရသည် အင်တာနက် ဝန်ဆောင်မှုပေးသော ကုမ္ပဏီများဖြစ်သည့် Google နှင့် Facebook စသည်တို့မှ သတင်းအချက် အလက်များကို ရယူလျက်ရှိသည်ဟု အမေရိကန် အမျိုးသား ထောက်လှမ်းရေး ဒါရိုက်တာက အတည်ပြုပြောကြား လိုက်ကြောင်း နယူးယောက်တိုင်းမ် သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်တွင်းရှိ တယ်လီဖုန်းခေါ်ဆိုမှု မှတ်တမ်းများကို အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီက ခုနစ်နှစ်ကြာ ကာလအတွင်း ရယူခဲ့သည်ဟု အစိုးရ တာဝန်ရှိသူများက ပြောကြားလိုက်ပြီး နာရီပိုင်းအကြာတွင် ယခုကဲ့သို့ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီကြီးများထံမှ သတင်းအချက်အလက်များ ကို ရယူနေကြောင်း အတည်ပြုပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

PRISM ဟု အမည်ပေးထားသော အင်တာနက် စုံစမ်းစစ်ဆေးရေး အစီအစဉ် အရ အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီသည် Microsoft၊ Google၊ Facebook စသည့် အိုင်တီ ကုမ္ပဏီကြီးများထံမှ အင်တာနက် သုံးစွဲသူများ၏ သတင်းအချက်အလက်များကို ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်အရ Microsoft၊ Google၊ Facebook၊ PalTalk၊ YouTube၊ Skype၊ AOL၊ Apple တို့၏ ဝန်ဆောင်မှုများကို အသုံးပြုနေကြသော လူများ၏ အီးမေးလ်၊ တိုက်ရိုက်စကားပြော (Chat Services) ဗီဒီယိုများ၊ ဓာတ်ပုံများ၊ သိမ်းထားသော အချက်အလက်များ၊ အချင်းချင်းပေးပို့သော သတင်းအချက်အလက်များ၊ ဗီဒီယိုကွန်ဖရင့်များရှိ သတင်း အချက်အလက် များကို အမေရိကန်အစိုးရက ရယူခဲ့သည်။

အမေရိကန်အစိုးရသည် အင်တာနက်သုံးစွဲသူများနှင့် ပတ်သက်သော သတင်းအချက်အလက်များရယူရန် Microsoft ကုမ္ပဏီနှင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ၊ Google ကုမ္ပဏီနှင့် ၂၀၀၉ ခုနှစ် ဇန်နဝါရီလ၊ Facebook နှင့် ၂၀၀၉ ခုနှစ် ဇွန်လ၊ PalTalk နှင့် ၂၀၀၉ ခုနှစ် စက်တင်ဘာလ၊ YouTube ကုမ္ပဏီနှင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလ၊ Skype နှင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ၊ AOL နှင့် ၂၀၁၁ ခုနှစ် မတ်လ၊ Apple ကုမ္ပဏီနှင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလက စတင်၍ သဘောတူညီ ခဲ့ကြခြင်းဖြစ်ကြောင်း Times မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရ၏ အင်တာနက် စုံစမ်းစစ်ဆေးရေး အစီအစဉ်ကို သဘော တူခဲ့ကြသော အထက်ပါ ကုမ္ပဏီကြီးများက ၎င်းတို့သည် အမေရိကန်အစိုးရ ကို အလုံးစုံ ဝင်ရောက်ကြည့်ရှုခွင့် မပေးသော်လည်း၊ ဥပဒေအရ လိုအပ်သည့် သတင်းအချက်အလက်များကိုမူ ပေးအပ်ကြောင်း အထက်ပါ အင်တာနက် ကုမ္ပဏီကြီးများက ပြောကြားသည်။

ယင်းကဲ့သို့သော တယ်လီဖုန်းနှင့် အင်တာနက် စုံစမ်းစစ်ဆေးရေး အစီ အစဉ်များကို ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက် ခံရမှုအပြီးတွင် ယင်းအချိန် သမ္မတဖြစ်သူ ဂျော့ဘွတ်ရှ်က စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ သမ္မတအိုဘားမား လက်ထက်တွင် ပိုမိုကျယ်ပြန့်လာကြောင်း နယူးယောက်တိုင်းမ် သတင်းတွင် ဖော်ပြထားသည်။

အဆိုပါအစီအစဉ်များသည် အမေရိကန်ကွန်ဂရက်က မကြာသေးမီက ထပ်မံ သက်တမ်းတိုး အတည်ပြုခဲ့သည့် နိုင်ငံခြားထောက်လှမ်းရေး ဥပဒေအရ ဖြစ်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြား သည်။

အဆိုပါဥပဒေအရ အမေရိကန်နိုင်ငံသားနှင့် အမေရိကန်တွင် နေထိုင်သူ များအပေါ် အင်တာနက်ဆိုင်ရာ စုံစမ်းထောက်လှမ်းမှုမပြုလုပ်ဘဲ ပြည်ပနိုင်ငံ သားများကိုသာ စုံစမ်းထောက်လှမ်းခြင်းဖြစ်ကြောင်း အမေရိကန်အမျိုးသား ထောက်လှမ်းရေးဒါရိုက်တာ ဂျိမ်းကလက်ပါ က ပြောကြားသည်။

ယခုကဲ့သို့သော စုံစမ်း ထောက်လှမ်းမှုများသည် အမေရိကန်ကို အကြမ်းဖက် ခြိမ်းခြောက်မှုများမှ ကာကွယ်ရန်၊ အကြမ်းဖက်သမားဟု သံသယရှိသူများ ကို ရှာဖွေ ဖော်ထုတ်နိုင်ရန်အတွက် အရေးပါကြောင်း အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂျော့ရှ်အားနက်က အမေရိကန်သမ္မတ စီးနင်းသော Air Force One လေယာဉ်ပေါ်တွင် သတင်းထောက် များကို ပြောကြားသည်။

သမ္မတ အိုဘားမားအနေနှင့်လည်း လုံခြုံရေးနှင့် လူ့အခွင့်အရေးအကြား အလျှော့အတင်းပြုရခြင်းနှင့် ပတ်သက်သည့် ဝေဖန်ငြင်းခုံမှုများကို ကြိုဆိုကြောင်း ၎င်းက ထပ်မံပြောကြားသည်။

လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသို့ တရုတ်သမ္မတရှီကျင့်ဖျင် အလည် အပတ် ရောက်ရှိနေပြီး အမေရိကန်သမ္မတ အိုဘားမားနှင့် ထိပ်သီးဆွေးနွေး ပွဲပြုလုပ်ကြမည်ဖြစ်သည်။

ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန် နှင့် ကမ္ဘာတစ်ဝန်းရှိ ကွန်ပျူတာ ကွန်ရက်ကို တရုတ်ဟက်ကာများ ဖောက်ထွင်း ဝင်ရောက်သည့် ကိစ္စ ဆွေးနွေးမည်ဖြစ်ရာ ယင်း ဆွေးနွေးပွဲမတိုင်မီ အမေရိကန်အစိုးရက လူအများ၏ အင်တာနက်သုံးစွဲမှုကို စောင့်ကြည့်နေသည်ဟု ဆိုရမည့် ယခုဖြစ်ရပ်ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။

No comments:

Post a Comment