- 25 June 2013 |
- By The Voice Journal
သတင်းစာနှင့် ဂျာနယ်တွေမှာ အနယ်နယ် အရပ်ရပ်က ဘုရားထီးတင်ပွဲ သတင်းတွေ မကြာခဏ ဆိုသလို ဖတ်ရပါတယ်။ ဘုရား ထီးတင်တယ် ဆိုပေမယ့် မူလစေတီရဲ့ ပျက်စီးယိုယွင်းတဲ့ အခြား အပိုင်းတွေကိုပါ တစ်ပါတည်း ပြုပြင်မွမ်းမံပြီးမှ ထီးတင်ပွဲလုပ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရား ပြုပြင်မွမ်းမံပွဲလို့တော့ ဘယ်သူကမှ ခေါ်ဆိုတာ မရှိပါဘူး။ ဒီလို ပြုပြင် မွမ်းမံပြီး ထီးတင်တာကို ရပ်ရွာအလိုက်၊ လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် လုပ်ဆောင်ကြတာအပြင် ဆရာတော် သံဃာတော်ကြီးများက ဦးဆောင်ကြ တာလည်း ရှိပါတယ်။
တချို့သော ဆရာတော်၊ သံဃာတော်ကြီးများ ဦးဆောင်ပြုပြင်တဲ့ ဘုရား၊ စေတီများဆိုလျှင် လွန်ခဲ့သော နှစ်ပေါင်း တစ်ရာ၊ နှစ်ရာလောက် ကတည်းက တည်ထားခဲ့တာဖြစ်ပြီး ဘယ်မင်းကြီး တည်ထားခဲ့တဲ့ ဘုရား၊ ဘယ်လို သမိုင်းဝင်ဘုရား စသည်ဖြင့် ပြောစမှတ်ပြုလောက်တဲ့ ရှေးဟောင်း ဘုရားတွေ ဖြစ်ပါတယ်။ ဒီလို ဘုရားပြုပြင်ပြီး ထီးတင်ဖို့ စီစဉ်တဲ့အခါမှာ ဘယ်သူကပဲ ဦးဆောင်၊ ဦးဆောင် ဗုဒ္ဓဘာသာဝင် အပေါင်းတို့ကတော့ အားတက်သရော ထပ်မံ ပါဝင်ပြီး ထည့်ဝင် လှူဒါန်းကြမြဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရဟန်းခံ၊ ရှင်ပြု၊ ဘုရားတည်၊ ကျောင်းဆောက်ဆိုတာတွေက ဗုဒ္ဓဘာသာဝင်တွေ အတွက် သာသနာ့အမွေ ခံယူတာပါ။ ရှေးကထက်ပိုပြီး သပ္ပာယ် ခံ့ညားအောင် တိုးချဲ့ မွမ်းမံ ကြတာတွေဟာလည်း သာသနာ့အမွေ ခံယူတာ ပါပဲ။
ဒါကြောင့် ပြုပြင်မွမ်းမံပြီး ဘုရားများကို ထီးတင်ပွဲ လုပ်တဲ့အခါမှာ တက်ရောက်ကြတဲ့ ဧည့်ပရိသတ်တွေက အထူး များပြားပြီး ခြိမ့်ခြိမ့်သဲ စည်ကားနေတတ်ပါတယ်။ ဒီလိုပြုပြင်ပြီး စေတီပုထိုးများဟာလည်း ချုံနွယ် ပိတ်ပေါင်းများအောက်မှာ နစ်မြှုပ် ပျောက်ကွယ်နေရာက သပ္ပာယ် ခံ့ညား ပြီး နှလုံးစိတ်ဝမ်း အေးချမ်းရာ နယ်မြေ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ဗျာ ဒီလိုလုပ်ဆောင်ချက် သတင်းမျိုးကျတော့ ရှေးဟောင်း အမွေအနှစ်တွေကို မပြင်သင့်ဘူး။
ဒီအတိုင်းပဲ ထားသင့်တယ်လို့ ပြောကြတာ မတွေ့ရဘူးခင်ဗျ။ သို့သော် ပုဂံ ရှေးဟောင်း ဘုရားပုထိုးတွေ ပြန် လည် ပြုပြင်ရာမှာတော့ ဒါဟာ မှားယွင်းတယ် ဆိုတဲ့အကြောင်း၊ ဒီအတိုင်း အကျိုးအပဲ့ အုတ်ခဲပုံအတိုင်း ထားသင့်တယ်ဆိုတဲ့အကြောင်း ရေးကြ၊ ပြော ကြတာတွေ မဆုံးနိုင်အောင် တွေ့ရပါတယ်။ အကြောင်းပြချက်ကတော့ ရှေး လက်ရာတွေဖြစ်လို့ သမိုင်းဝင် အမွေအနှစ်တွေကို မူလ လက်ရာမပျက် ထိန်းသိမ်းတဲ့အနေနဲ့ ဒီအတိုင်းပဲ ထားသင့်တာလို့ ဆိုပါတယ်။ (အမှန်တော့ ကျိုးပဲ့နေပြီဆိုကတည်းက မူလလက်ရာတွေက ပျက်နေပြီးသားပါ)။ ဒါမှ လည်း ကမ္ဘာ့ အမွေအနှစ် စာရင်း ဝင်နိုင်မယ်။
နိုင်ငံတကာ ခရီးသွားများ ကလည်း ဒီလို ကမ္ဘာ့ အမွေအနှစ်၊ သမိုင်း အမွေအနှစ်တွေကိုပဲ ကြည့်ရှု လေ့လာချင်ကြတာလို့ ဆိုပါတယ်။ ဒါလည်း ဟုတ်သင့်သလောက် ဟုတ်မှာပါ။ ဒါပေမဲ့ မြန်မာတို့ရဲ့ ပုဂံ ရှေးဟောင်း နယ်မြေဟာ နန်းတော်ရာလို၊ သရပါတံခါးလို သမိုင်း အမွေအနှစ်မျိုးသာမက သာသနာနယ်မြေလည်း ဖြစ်တယ်ဆိုတာ မြင်ရုံနဲ့ သိသာပါတယ်။ ဒါကြောင့် ရှေးဟောင်း အမွေအနှစ်ဆိုတဲ့ သာမန် အမြင် တစ်မျိုးတည်းနဲ့တော့ ပျက်စီးနေတဲ့ ဘုရားပုထိုးများကို မပြင်ဘဲ ဒီအတိုင်း ထားပေးရမယ်ဆိုတာက ဘာသာဝင် အစစ်အမှန်တိုင်း ဘယ်သူမဆို လက်ခံနိုင်စရာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တို့အတွက် ဘုရား စေတီပုထိုးတွေဟာ သပ္ပာယ် ကြည်ညို စရာ ဖြစ်နေဖို့ လိုပါတယ်။
ဖြစ်အောင်လည်း လုပ်ကြပါတယ်။ (တခြား ဘာသာတွေမှာလည်း ၎င်းတို့ရဲ့ ဘာသာရေး အထိမ်းအမှတ်တွေကို ခံ့ညား ထည်ဝါအောင် လုပ်ကြတာပါပဲ။) ဒါမှလည်း ရုပ်ဝတ္ထုရှေ့မှာ ဗုဒ္ဓရှင်တော်မြတ် ကို စိတ်အာရုံ ရည်စူး ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ကျိုးပဲ့ပျက်စီးနေတဲ့ အုတ်ခဲပုံရှေ့မှာ စိတ်မချမ်းမြေ့စွာထိုင်ရင်း သက်တော်ထင်ရှား ရှိစဉ်က ဗုဒ္ဓမြတ်စွာကို ဘယ်လို အာရုံရောက်နိုင်မှာလဲဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။
ကျွန်တော်တို့ ငယ်စဉ်က လူကြီးတွေက စေတီပုထိုးတွေ ရှေ့ မှာ ထိုင်ပြီး မြတ်စွာဘုရားကို အာရုံပြုပြီး ရှိခိုးပါလို့ပဲ သင်ပေးခဲ့တာပါ။ ပြီးတော့ အဲဒီ စေတီပုထိုးတွေထဲမှာ မြတ်စွာဘုရားရဲ့ ဓာတ်တော်၊ မွေတော်တွေကို ဌာပနာထားတယ်လို့လည်း ဆိုပါတယ်။ ဘုရားစေတီတွေဆိုတာကလည်း ဓာတ်တော် မွေတော်တွေကို အဆင့်ဆင့် ပွားများ ဌာပနာခဲ့တာချည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျိုးပဲ့နေတဲ့ အုတ်ခဲပုံတွေ ထဲမှာတော့ ဓာတ်တော်မွေတော်၊ ဌာပနာတော်များ မရှိနိုင်တော့ဘူးလို့ပဲ မှတ်ယူကြပါတယ်။
ကောင်းမွန်စွာ တည်ထားတဲ့ စေတီ ပုထိုးတွေထဲမှာပဲ ဓာတ်တော်မွေတော်တွေ ရှိတယ်လို့ ယုံကြည်ပါတယ်။ ဒီလို မှတ်ယူ ယုံကြည် တဲ့ စေတီပုထိုးများ ရှေ့မှောက်မှာ တစ်ချိန်က ပွင့်တော်မူခဲ့တဲ့ ရှင်တော်မြတ် ဗုဒ္ဓကို မှန်းဆရည်စူးပြီး ရှိခိုး ဦးခိုက်ကြတာ ဖြစ်ပါတယ်။ အဓိပ္ပာယ်က ဗုဒ္ဓဘာသာဟာ အုတ်ခဲပုံကို ရှိခိုးကိုးကွယ်တာ မဟုတ်ဘူးဆိုတဲ့ သဘောပါ။
ဒါကြောင့် ဘယ်စာရင်းမှ ဝင်ဝင် မဝင်ဝင် ပျက်စီးနေရင်တော့ ပြင်သင့်တယ် လို့ ထင်ပါတယ်။ အဲဒီလို ပြင်ဆင်ထားတဲ့ ယနေ့ ပုဂံဟာ အရင်ကထက်ပိုပြီး စည်ကားနေ ပါပြီ။ ပြန်လည် ပြုပြင်ထားတဲ့ အုတ်ခဲပုံ တစ်ဖြစ်လဲ စေတီပုထိုး အသစ်တွေ ဟာလည်း အလွန် သပ္ပာယ်ခံ့ညားပြီး ကြည်ညိုဖွယ် ဖြစ်လာပါတယ်။ လာလိုက်ကြတဲ့ ဘုရားဖူးတွေဆိုတာလည်း တစ်နှစ်ထက် တစ်နှစ် တိုးလို့သာ လာပါတယ်။ ဒီနှစ် နှစ်ဆန်းပိုင်းကဆိုရင် တည်းခိုခန်းတွေတောင် မလောက်ငှ တဲ့အထိ ဖြစ်လို့ ကမ္ဘာလှည့်တချို့ ဘုရားစောင်းတန်းမှာပဲ အိပ်လိုက်ကြရ တယ်ဆိုတဲ့ သတင်းမျိုး ကြားရပါတယ်။
တကယ်တော့ ပုဂံမှာပဲဖြစ်စေ၊ တခြား ဘယ်နေရာမှာပဲဖြစ်စေ စေတီ ပုထိုး များရဲ့ ပျက်စီးသွားတဲ့အပိုင်းကို ပြုပြင်ဖို့ လိုအပ်ရင် ရှေးမူလက်ရာ မပျက်အောင် တတ်နိုင်သမျှ ထိန်းသိမ်းပြီး ပြင်ကို ပြင်ရမှာပါ။ ကောင်း မွန်နေသေးတဲ့ ရှေးလက်ရာတွေကိုလည်း ဆက်လက် တည်တံ့ ခိုင်မြဲနေအောင် စီမံရမှာပါ။ ဒါဟာ ဗုဒ္ဓဘာသာဝင်တို့ လုပ်ကိုလုပ်ရမယ့် တာဝန်ပါ။ တခြား ကိုးကွယ်ရာမဟုတ်တဲ့ ရှေးဟောင်း အမွေအနှစ်ဆိုတဲ့ ရုပ်ဝတ္ထုတွေကိုတော့ အရှိအတိုင်းပဲ ထားပေးဖို့ဆိုတာ ဖြစ်သင့်ပါတယ်။
လက်ရှိ ရွှေတိဂုံဘုရားသည်ပင်လျှင် မူလ တည်ခဲ့တဲ့ လက်ရာ မဟုတ်တော့ ပါဘူး။ ပြန်လည် မွမ်းမံပြင်ဆင်ရင်း ဒီလို သပ္ပာယ်ခံ့ညားမှု အရှိဆုံး အခြေအနေကို ရောက်လာတာပါ။ ဒါကြောင့် ပုဂံက ဘာသာရေးဆိုင်ရာ ရုပ်ဝတ္ထု အမှတ်အသားတွေဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကိုးကွယ် ရာသာဖြစ်ပြီး ရှေးဟောင်း ပစ္စည်းများ အဖြစ် ပြစားဖို့ မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။
ပြန်ပြင်ထားလို့ ဗုဒ္ဓဘာသာဝင် မဟုတ်သူတို့က လာမကြည့်ချင်၊ မလေ့လာချင်ရင်လည်း သူတို့ ဆန္ဒပါ။ ကမ္ဘာ့အမွေ အနှစ်အဖြစ် စာရင်း မဝင်ရင်လည်း ဝမ်းနည်းစရာ မလိုဘူးလို့ပဲ မှတ်သင့်ပါတယ်။ ဒါပေမဲ့ ပုဂံဟာ ကမ္ဘာမှာ အစားထိုးလို့မရတဲ့ ဗုဒ္ဓဘာသာဝင် တို့ရဲ့ အထွတ်အမြတ်ထားရာ နေရာတစ်ခုအဖြစ် ထာဝစဉ် တည်ရှိနေမယ် ဆိုတာကတော့ မလွဲဧကန်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment