Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 23, 2013

ကျနော်နဲ့ မဖဲဝါ - ၁။ [ဒဿကျော်စွာ]

by Dattha Kyawswar (Notes) on Thursday, 17 November 2011 at 08:22

ကျနော့် အအောင်မြင်ဆုံးစာအုပ်ဟာ `သုသာန်စောင့်မဖဲဝါ´ ဆိုတာ အတော်များများသိကြပါလိမ့်မယ်။ ဒါပေမဲ့ ဘာလို့ မဖဲဝါအကြောင်း ကျနော် ရေးဖြစ်ခဲ့သလဲ? ရေးစရာဇာတ်လမ်းတွေ အများကြီးထဲကမှ ကျနော်ဒါကို ဘယ်လို ရွေးဖြစ်ခဲ့သလဲ? ပြီးတော့ ဒီအကြောင်းတွေကိုရော ကျနော် ဘယ်လို သိလာခဲ့သလဲ?
အဲဒါတွေကိုတော့ ကျနော် ဘယ်သူ့မှ မပြောပြဖြစ်ခဲ့ပါ။ စာအုပ်ထဲ ထည့်ရေးဖို့ ကြံပြန်တော့ ဆင်ဆာက No တဲ့။ မဖဲဝါနာမည်တောင် သုံးခွင့်မရလို့ အခုဒီရက်ပိုင်းမှာတင် ထွက်တဲ့စာအုပ်ကို `သုသာန်မှာ သိမ်းတဲ့ဇာတ်´ လို့ နာမည်ပေးထားရပါတယ်။ တကယ်က အဲဒီစာအုပ်ဟာ `သုသာန်စောင့်မဖဲဝါဇာတ်သိမ်း´ ပါပဲ။ ထားပါတော့။ ဒါတွေပြောရင် ဒေါတွေပါတယ်။ အခု မဖဲဝါအကြောင်းပဲ ဆက်ရအောင်။
မဖဲဝါကို ဘယ်လိုရေးဖြစ်တယ်ဆိုတဲ့ ရေဆုံးရေဖျားကို စပြောခင် မဖဲဝါစာအုပ်ထွက်တဲ့ ကာလလေးကို အရင်ဖောက်ပြောချင်ပါတယ်။ လောလောဆယ် တိုက်ဆိုင်နေတဲ့အကြောင်းမို့ပါ။ ထူးဆန်းတာက ...
မဖဲဝါစာအုပ်ထွက်တိုင်းမှာ ကျနော့်အိမ်နားမှာ အသုဘ ဖြစ်ပါတယ်။
ပထမဆုံး မဖဲဝါစာအုပ်ထွက်တော့ အိမ်အောက်ထပ်ကလူ ဆုံးတယ်။ ခု မဖဲဝါဇာတ်သိမ်းထွက်ပြန်တော့ အခုနေတဲ့တိုက်ခန်းရဲ့ အပေါ်ထပ်ကမိန်းမ ဆုံးလို့တဲ့။ `ဟာ ရုတ်တရက်ကြီးပါလား´ လို့ ကျနော် အံ့သြသွားတယ်။ အဲဒီမိန်းမကို ကျနော် တွေ့တွေ့နေတာဗျာ။ ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းကြီး။ ဟိုတစ်နေ့ကတောင် ကျနော်နဲ့ လှေကားအတက်မှာဆုံတော့ လက်ထဲမှာလည်း ကျနော်က စာအုပ်တွေ ပွေ့ပိုက်ထားတာနဲ့ သူနဲ့ စကားစပ်မိသေးတယ်။
`စာရေးဆရာ လို့ပြောတယ်၊ ဘာစာတွေ ရေးတာတုန်း´ ဆိုတာနဲ့ ကျနော်လည်း ပါလာတဲ့ ကျနော့်စာအုပ်လေးတွေ လက်ဆောင်ပေးလိုက်ပါသေးတယ်။ မှတ်မှတ်ရရ အဲဒီထဲမှာ မဖဲဝါ- ပထမပိုင်း စာအုပ်လည်း ပါသွားတယ်။ အခုလို ရုတ်တရက်ကြီး သူ ဆုံးတာ အဲဒါနဲ့များ ဆိုင်နေမလား? မဆီမဆိုင်တွေးမိပြီး ကျနော်တော့ သူ့အသုဘပို့တောင် မသွားရဲတော့ဘူး။ တိုက်ဆိုင်တာပါလို့ပဲ ကိုယ့်ကိုယ်ကို စိတ်ဖြေပါတယ်။ ဒါပေမဲ့ မဖဲဝါနဲ့ ပတ်သက်ရင် အဲဒီလို တိုက်ဆိုင်မှုတွေက များကို များလွန်းလှတယ်။
ခင်ဗျားတို့ မဖဲဝါစာအုပ် ဖတ်ဘူးသလား?
ဖတ်ဘူးတယ်ဆို ကျနော် တစ်ခုလေးမေးချင်တယ်။ ကြောက်သလား?
ကြောက်တယ်ဆို ထပ်မေးမယ်။ ဘာကို ကြောက်သလဲ?
ဘယ်ကစပြီး ကြောက်သလဲ?
ဘာလို့ အဲဒီမေးခွန်းတွေ ကျနော်မေးနေရသလဲဆိုတော့ ကျနော်လဲ မဖဲဝါနဲ့ ပတ်သက်ပြီး ကြောက်လို့ပါပဲ။ တကယ်တော့ ကျနော်ဟာ ခင်ဗျားတို့လိုပဲ မဖဲဝါနဲ့ပတ်သက်ရင် ခံစားကြောက်ရွံ့တတ်သူပါ။ ပြောရင် ယုံပါ့မလား မသိဘူး။ အခု ရေးရင်းနဲ့တောင် ကြက်သီးထနေတယ်ဗျာ။ ဒါတောင် လူတော်တော်များတဲ့ ကော်ဖီဆိုင်မှာ Laptop လေးနဲ့ ထိုင်ရေးနေတာ။ မဖဲဝါဆိုတာ ကျနော့်အတွက်တော့ အရင်းနှီးဆုံးနဲ့ ထိတ်လန့်စရာအကောင်းဆုံး ပုံရိပ်တစ်ခုပါပဲ။
ကျနော်က မဖဲဝါနဲ့ ပတ်သက်ရင် စာအုပ်အဖုံးကနေ စကြောက်တာဗျ။
အဲဒါနဲ့ ပြောရဦးမယ်။ ပထမစာအုပ်အဖုံးကိုရော။ ဒုတိယ စာအုပ်အဖုံးကိုရော လုပ်ပေးတဲ့ သူက ဟောဒီလောကကြီးမှာ မရှိတော့တဲ့သူတစ်ယောက်။ ကျနော့် သူငယ်ချင်းရဲ့ အဖေပါ။ သူက ဒီဇိုင်နာ။ သူ့ကွန်ပြူတာထဲမှာ ထူးထူးခြားခြား သရဲပုံအဖုံးနှစ်ခုလုပ်ထားခဲ့တာတွေ့တယ်။ ကျနော်က ကြိုက်တာနဲ့ သူငယ်ချင်းဆီက အကူညီတောင်းပြီး ကျနော့်ဝတ္ထုနာမည်တပ် ယူသုံးလိုက်ပါတယ်။ အခု မဖဲဝါဇာတ်သိမ်းလုပ်ထားတဲ့ ဒုတိယအဖုံးပုံက ပိုကြောက်ဖို့ကောင်းတယ်။ အဲဒါ သရဲပုံအစစ်လို့ ကျနော့်သူငယ်ချင်းက ပြောပြပါတယ်။ နိုင်ငံခြားမှာ အဲဒီလို သရဲတွေဘာတွေ ဓာတ်ပုံလိုက်ရိုက်တဲ့ အဖွဲ့တွေရှိ တယ်တဲ့။ သူတို့က ပြီးရင် မဂ္ဂဇင်းတွေ ဘာတွေ ထုတ်ပြီးလည်း ပြန်ရောင်းကြတယ်။ အဲဒီမဂ္ဂဇင်းမှာပါတဲ့ ပုံလို့သိရပါတယ်။ ထားပါတော့။ မဖဲဝါစာအုပ်ထုတ်ပြီးကာစက အဖြစ်ကို ကျနော်ပြောပြမယ်။
အဲဒီတုန်းက စာအုပ်လုပ်အပြီးမှာ ကျနော် မဖြန့်ရသေးဘူး။ (ဒီတုန်းက ကျနော့်မှာ ထုတ်ဝေသူ မရှိပါ။ ကိုယ်တိုင် ပခုံးထမ်းလိုက်ဖြန့်ခဲ့တာပါ) ဒီတော့ စာအုပ်တွေက အိမ်ကိုပဲ ယူလာရတာပေါ့။ အပုံလိုက်ကြီး။ ထားစရာ နေရာလည်းမရှိတာနဲ့ ကျနော့်အိပ်ရာခြေရင်းမှာပဲ ထားပါတယ်။ အဲ ... ညကျတော့ ပြဿနာက စရောဗျို့။
ဖြစ်ချင်တော့ ညဘက်မီးပျက်သွားတယ်။ အဲဒီတုန်းက မီးတွေ ပိုးဆိုးပက်စက်ပျက်နေသေးတဲ့အချိန်ပေါ့။
ကျနော်က ဟိုလူး ဒီလှိမ့်နဲ့ အိပ်မရဘူး၊ အိပ်ယာပေါ်မှာ တောင်တွေးမြောက်တွေး။ သန်းခေါင်ကလည်း ကျော်လာပြီ။ မကြာခင်ဖြန့်ရတော့မယ့် စာအုပ်အတွက် စိတ်ပူနေတာလဲ ပါတာပေါ့လေ။
အဲဒီအချိန်မှာ သန်းခေါင်ကျော် လူခြေတိတ်ချိန်လောက်လည်းကျရော ... အသံတစ်သံ စကြားရတော့တာပဲ။
`ဂျစ်ဂျစ် ... ဂျစ်ဂျစ်´
နဲ့ ကြောင်လက်သည်းနဲ့ ခြစ်နေသလို အသံမျိုး။ ကျွန်တော်တို့ အိမ်မှာ ဘာကြောင်မှလဲ မရှိပါ။
အစကတော့ ကျနော်သတိမပြုမိသေးဘူး။ နောက်တဖြည်းဖြည်း အသံက ကျယ်ကျယ်လာတယ်။ ပြီးတော့ တစ်ဆက်တည်း အသက်ရှုသံလိုလို ကြားရတယ်။ စစချင်းတော့ ကျွန်တော် မလန့်သေးပါဘူး။ ယောက်ျားလေးပဲ၊ တော်ရုံနဲ့ ဘယ်လန့်မလဲ။ အကောင်တစ်ကောင်ကောင်များလားပေါ့။

`ဟိတ် ရှုး ... သွားစမ်း´
မောင်းထုတ်လိုက်တယ်။ ချက်ချင်းငြိမ်ကျသွားတယ်။ ဒါပေမဲ့ ခဏပဲ။ ခဏလောက်နေတာနဲ့ ....

`ဂျစ်ဂျစ် ... ဂျစ်ဂျစ်´ အသံက ပေါ်လာပြန်ရော။ ပီးတော့ အသက်ရှုသံလို အသံခပ်တိုးတိုး။ ကျနော်တို့အိမ်မှာက အဖေရယ် အမေရယ်၊ ကျနော်ရယ် ၃ယောက်ထဲ။ ကလေးငယ်လည်း မရှိပါ။ လာစနောက်စရာလည်း မရှိ။ ကျနော်ကလဲ အခန်းထဲမှာ တစ်ယောက်ထဲ အိပ်တာ။ ညဆို အခန်းတံခါးသော့ကို Lock အမြဲချတယ်။

အော်သံကြားတဲ့ နေရာကို စူးစမ်းတော့ မဖဲဝါစာအုပ်တွေ ထားတဲ့ နားကဗျ။ ကျနော် စိတ်ပူသွားတယ်။ ငါ့စာအုပ်ကို ပိုးဟပ်တို့ ကြွက်တို့များ လာစားနေသလားပေါ့။ တော်ကြာ မဖြန့်ရသေးခင် သူတို့သမသွားမှဖြင့်။ ဒါနဲ့ ဖယောင်းတိုင် ထထွန်းတယ်။ ဖယောင်းတိုင်ရဲ့ မှုန်တိမှုန်မွှား အလင်းအောက်မှာ ကျနော်ကြည့်တော့ အားလုံး ရှင်းလို့ လင်းလို့။ ဘာဆို ဘာမှကို မရှိဘူး။
ပိုစိတ်ချရအောင်ဆိုပြီး ပိုးသပ်ဆေးတွေ ကျနော်ဖြန်းလိုက်သေးတယ်။

ဒါကြောင့် မဖဲဝါ- ပထမပိုင်းထွက်ခါစက ပရိသတ်တစ်ချို့က ပြောကြတာပါ။ `ဆရာ့စာအုပ်က ကြောက်ဖို့ ကောင်းရုံတင် မကဘူး၊ အနံ့ကလည်း တစ်မျိုး ကြီး´ တဲ့။

ပိုးသတ်ဆေးတွေဖြန်းပြီးတော့ ကျနော်လည်းခုတင်ပေါ်ပြန်တက် ပြန်အိပ်တာပေါ့။ ဒီတစ်ခါတော့ လူကအိပ် ချင်နေပြီမို့ မှေးကနဲ အိပ်မောကျသွားတယ်။ မှေးကနဲမှ တကယ့်ကို ဖျပ်ကနဲ တမှေးလေးပါပဲ။ အဲဒီအချိန်မှာ နားနဲ့ဆတ်ဆတ်ကြီး ကြားလိုက်ရတာဗျာ။

"နင့် ခြေနင်းဘတ်မှာ ထားရသလား"

တဲ့။ အသံနက်ကြီး။ အံကြိတ်သလို အသံကြီးနဲ့ ပြောတာ။ သွားနှစ်ခုကို တင်းတင်းစေ့။ ရင်ခေါင်းထဲက ထွက်လာတဲ့ အသံနဲ့ ဟောက်ရင် ဘယ်လို ကြားရသလဲ။ ရှတတ လေသံမျိုးတောင်စွန်းသေးတယ်။ ပြီးတော့ မာန်အပြည့်၊ ဟိန်းဟောက်သံကလည်း အပြည့်။

အဲဒီအသံကြီး ခုထိ ကျနော့် နားထဲကကို မထွက်ဘူး။ သေချာတယ်၊ အဲဒါ မိန်းမတစ်ယောက်ရဲ့အသံ။ အဲဒီတုန်းကတော့ ကျနော့်အမေများ အခန်းအပြင်က လှမ်းငေါက်လိုက်သလား ထင်မိပါတယ်။ လူက အိပ်ချင်မူးတူးလည်း ဖြစ်နေတော့ မသဲကွဲဘူးလေ။ ဒါပေမဲ့ အမေက ကျနော် စာအုပ်တွေ ခြေရင်းဘက်မှာ ထားတာ ဘယ်လိုသိမလဲ? စာအုပ်တွေ ယူလာတုန်းက သူ ဈေးသွားနေတယ်။ ပြီးတော့ ကျနော့်အခန်းထဲလဲ သူ သိပ်ဝင်လေ့မရှိပါ။ နောက် သူငေါက်တယ်ထားဦး ဒီလောက် အသံနက်ကြီး ထွက်လာစရာ မရှိပါ။

ဒါနဲ့ပဲ ကျနော် ရင်တုန်ပန်းတုန်နဲ့ အိပ်ယာက နိုးလာရတာပါပဲ။

ကျနော်က အဲဒီအချိန်ထိ ကြောက်ရကောင်းမှန်းမသိသေးဘူး။ အမေပြောတာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ အိပ်မက်ယောင်တာပဲ ဖြစ်ဖြစ်ပါဆိုပြီး စာအုပ်တွေကို နေရာရွှေ့ပါတယ်။ ခေါင်းရင်းဘက်မှာက စာကြည့်စားပွဲထားတော့ အဲဒီပေါ်ပဲ ပုံရတာပေါ့ဗျာ။ အဲဒီတုန်းက ကျနော်က မွဲနေတာလေ။ ကွန်ပြူတာလဲ မရှိသေးဘူး။ သစ်သားစာကြည့်စားပွဲရိုးရိုးကလေးပဲ။ ပြီးတော့ ကျနော် အိပ်တယ်။

တိုင်ဆိုင်တာက အဲဒီအချိန်ကစပြီး
`ဂျစ်ဂျစ် ... ဂျစ်ဂျစ်´ အသံ လုံးဝပေါ်မလာတော့ဘူး။

အမှန်ဆို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားဖို့ပါ။ ဒါပေမဲ့ စိတ်က သွားတွေးမိတယ်။ ခုနက ဘယ်သူပြောတာလဲ။ အမေတော့ မဟုတ်လောက်ဘူး ထင်တယ်။ အဲဒီအချိန်မှာ ဖြစ်ချင်တော့ ခုန ထွန်းထားတဲ့ ဖယောင်းတိုင်မီးက ကုန်ခါနီးမို့ မီးစာထတောက်တယ်။ ဖယောင်းတိုင်တွေ ကုန်ခါနီးရင် မီးစာက ပိုကြီးပြီး ပိုတောက်လာတတ် တယ်လေ။ ဒါပေမဲ့ ငြိမ်းခါနီးဆဲဆဲ ထတောက်တဲ့ အဲဒီ မီးရောင်က နီကျင်ကျင်ကြီးနဲ့ တစ်မျိုးကြီး။ ပြီးတော့ ငြိမ်းကာနီးမို့ မတည်ငြိမ်တော့တာမို့ သူ့ကြောင့်ဖြစ်လာရတဲ့ အလင်းတွေကလည်း ယိမ်းလှုပ်နေကြတာလေ။

ဖယောင်းတိုင်တော့ ငြှိမ်းလိုက်မှပဲ တော်ကြာ မီးညွှန့်က ကျိုးကျပြီး မီးစွဲကုန်မှ အခက်လို့ ဖယောင်းတိုင်ရှိရာဆီ ကျနော် ကြည့်လိုက်မိတယ်။ ခေါင်းရင်းဘက်မှာ ကျနော် ထွန်းထားခဲ့တာပါ။ မဖဲဝါစာအုပ်ပုံကိုလည်း ခုနတင် ခေါင်းရင်းဘက် ရွှေ့လိုက်တော့ အဲဒီနေရာနဲ့ တတန်းထဲပေါ့။

ဖယောင်းတိုင်ဆီ ကြည့်ရင်း မဖဲဝါ စာအုပ်ပုံဆီ အကြည့်က ရောက်တယ်။

အဲဒီနေရာမှာ ...
စာအုပ်ပုံကြီး ရှိမနေတော့ဘူး။
မိန်းမတစ်ယောက် ...။
ကျောပေးပြီး ထိုင်နေတယ်။
ဆံပင်ရှည်ကြီးတွေကို ဖြန့်ချထားတယ်။
သူ့ဝတ်ရုံက အ၀ါ။

ကျနော့်မှာ လန့်အော်မိမလိုဖြစ်သွားပါတယ်။ အဲဒီတုန်းက အဲဒီလိုပဲ ကျနော် တကယ်မြင်လိုက်မိတာပါ။ ယောက်ျားကြီး တန်မဲ့ပေမယ့် ချင်ချင်း ကျနော့်မှာ ခြေဖျားလက်ဖျားတွေ အေးသွားတယ်။ ရင်ထဲဗြောင်းဆန်အောင် ဗလောင်ဆူသွားတော့တာပဲ။
ဝုန်းကနဲ ထပြေးမလို့ပါ။

သူသာ ကျနော့်ဘက်လှည့်လာရင် နေရာတင် လဲသေသွားနိုင်တယ်။ ဒါပေမဲ့ ထလိုက်လို့ တံခါးပေါက်ဝရောက်တော့ Lock ချထားတာကို တော်တော်နဲ့ဖွင့်မရဘူး။ ကြောက်တဲ့အရာကို ပြန်လှည့်ကြည့်တတ်တဲ့ လူသားတွေရဲ့ ညာဉ်အတိုင်း တစ်ဘက်က အသည်းအသန် တံခါးဖွင့်နေရင်း ကျနော် မဖဲဝါစာအုပ်ပုံဖက် တစ်ကြိမ်တော့ လှည့်ကြည့်လိုက်မိတယ်။
အဲဒီတော့မှ ကျနော် အမြင်မှားတယ်ဆိုတာ သိလိုက်ပါတယ်။

စာအုပ်ပုံပေါ် ကျနော့်စောင်ကြီးအုပ်နေတာပါ။

ငြိမ်းလုလုမီးရောင်မှာ အဲဒါကို ရုတ်တရက်ကြည့်တော့ အ၀ါရောင်မိန်းမတစ်ယောက် ကျောပေးထိုင်နေသလို မြင်မိတာပေါ့။ ဒါပေမဲ့ ကျနော့်စောင်က ပန်းေ၇ာင်ပါ။ အခု မီးရောင်ကြောင့်ပဲ အ၀ါလိုမြင်မိတာနဲ့တူပါရဲ့။ အရိပ်ကလည်း စွန်းနေသေးတော့ ရုတ်တရက်ကြည့်ရင် ကျောလည်ထိဖြန့်ချထားတဲ့ ဆံပင်တွေနဲ့ ကျောလှည့်ထိုင်နေတဲ့ အ၀ါရောင်မိန်းမပုံ အတိအကျပါပဲ။
ကျနော့်စောင်ကို စာအုပ်ပုံပေါ် ဘယ်လို လွှမ်းမိသလဲ? ကျနော် မသိတော့ပါ။ ခုနက စာအုပ်တွေ ရွှေ့အပြိးမှာပဲ လုပ်လိုက်မိသလား?

ကျနော်က အိပ်ရင် စောင်ကို ဟိုကန်ဒီပစ်တော့ လုပ်တတ်တယ်။ ဒါပေမဲ့ ခေါင်းရင်းက စာအုပ်ပုံပေါ်ထိရောက်အောင် ပစ်လိုက်မိလိုက်မယ်လို့တော့ မထင်ပါ။ သေချာတာက အဲဒီညက ဘာကိုမှ စဉ်းစားမရအောင် တုန်လှုပ်သွားတဲ့အဖြစ်ပါပဲ။

ကျနော့် အိပ်ခန်းဆီက အသံတွေ ကြားရလို့နဲ့တူပါတယ်။ အဖေနဲ့ အမေက နိုးလာပြီး လာကြည့်တယ်။
`ဟဲ့ ဘာဖြစ်တာလဲ´
သူတို့အပြင်က ကူဖွင့်တော့မှ တံခါးဖွင့်လို့ရပါတယ်။ ကျနော်ဟာ တံခါးမပွင့်မချင်းပဲ မဖဲဝါ စာအုပ်ပုံဆီ မျက်လုံးက မခွာနိုင်ခဲ့ပါ။

ဖယောင်းတိုင်မီးရောင်က တဖြည်းဖြည်း အားနည်းလာပြီး ငြိမ်းသေသွားတယ်။ မှိန်မှိန်လိုက်လာတဲ့အလင်းရောင် အားနည်းနည်းမှာ အရိပ်တွေ တစစ ပိုအားကောင်းလာတဲ့အခါ မဖဲဝါစာအုပ် ပုံပေါ်က စောင်လွှမ်းထားတဲ့ မြင်ကွင်းဟာ မိန်းမတစ်ယောက်ကျောလှည့်ထိုင်နေတာနဲ့ တူသထက် တူလာသလို၊ တဖြည်းဖြည်း အဲဒီပုံရိပ်က အမှောင်ထဲ စုန်းစုန်းမြုပ်သွားပြီး လေပြေအဝှေ့ လက်ကျန်မီးစာလေး ယိမ်းအလှုပ်မှာ ရုန်းထလာတော့မလို မြင်ခဲ့ရတဲ့ မြင်ကွင်းကို ကျနော့်တစ်သက် ဘယ်တော့မှ မေ့နိုင်တော့မယ် မဟုတ်ပါ။

သေချာတာက လူလားမြောက်အပြီးမှ အဲဒီတစ်ညသာ အဖေတို့ အမေတို့ အိပ်ခန်းထဲ ၀င်အိပ်ဖြစ်ခဲ့ရခြင်းပါပဲ။

(နောက် အလျဉ်းသင့်ရင် မဖဲဝါနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေ ကျနော် ဆက်ရေးပါဦးမယ်။)

လေးစားစွာဖြင့် ...
ဒဿကျော်စွာ
Dattha Kyawswar

No comments:

Post a Comment