Lotcos Web Studio ဟာ Web Development နဲ့ Mobile Development ပိုင်းတွေကို အဓိကထား လုပ်ကိုင်နေတဲ့ ပြည်တွင်း ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
လက်ရှိမှာ Website တွေ မြန်မာမိုဘိုင်း Apps တွေကို ရေးဆွဲပေးလျှက်ရှိတာ ဖြစ်ပါတယ်။ ဒါကြောင့် Lotcos Web Studio ရဲ့ CEO ဖြစ်သူ ကိုဇော်မင်းတင်နဲ့ ဆွေးနွေးဖြစ်ခဲ့တဲ့ စကားဝိုင်းကို Smart Pro ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
ပထမဆုံး ကုမ္ပဏီ တည်ထောင်ဖြစ်ခဲ့ပုံကို ပြောပြပေးပါ။
ကုမ္ပဏီကို ၂၀၁၁ ခုနှစ်၊ ၅ လပိုင်း ၆ ရက်နေ့မှာ စတင် တည်ထောင်ဖြစ်ခဲ့တာပါ။ အခုဆိုရင်တော့ ၂ နှစ်ပြည့်တော့ မှာပေါ့နော်။ စစချင်းကတော့ Website ကိုပဲ အဓိက လုပ်တာပေါ့နော်။ ကျွန်တော် ကလည်း အစကတည်းက Web Developer ပါပဲ။ Website ရေးရတာ ကိုလည်း ပျော်ပါတယ်။ နဂိုကတော့ ကြားထဲမှာ Freelance လုပ်ခဲ့တယ်။ ဒီလို ကုမ္ပဏီ တည်ထောင်မယ် ဆိုပြီး ရည်ရွယ်ချက် ရှိခဲ့တယ်။ နောက်ပြီး ပိုက်ဆံစုတယ်။ နောက်ပိုင်း ရှိတဲ့ ပိုက်ဆံလေးနဲ့ ကုမ္ပဏီ တည်ထောင်ခဲ့ပါတယ်။
Developer တစ်ယောက် အနေနဲ့ မဖြစ်ခင် ကြိုးစား ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ လေးကို လည်း ပြောပြပေးပါ။
ကြိုးစား ဖြတ်သန်း ခဲ့ရတာတွေ ကတော့ အများကြီးပါပဲ။ အခက်အခဲ တွေလဲ အများကြီး ရှိခဲ့ပါတယ်။
ရေးဆွဲခဲ့ဖူးတဲ့ Website အကြောင်း ပြောပြပေးပါ။
အခုဆိုရင်တော့ တော်တော်တော့ များနေပြီ။ လုပ်ငန်းရှင် တွေကိုပဲ ကျွန်တော်တို့က အဓိကထား ရေးဆွဲပေး နေတာပါ။ ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ ထွက်ထားတာ ဆိုရင်တော့ Mobile Review နဲ့ Movie Review ရှိပါတယ်။ သူတို့ကို ရေးဆွဲပြီးတာ သိပ်မကြာ သေးပါဘူး။ နောက်ပြီး ရှည်လျားတဲ့ Link URL တွေကို အတိုဆုံး ပြင်ဆင်ပေးမယ့် ygn.me ဆိုတာ ရှိတယ်။ အဲဒါကတော့ ကြာပြီ၊ ရုံးစဖွင့် ကတည်းက ရေးဆွဲခဲ့တာပါ။
လက်ရှိ ဘယ်လို Apps တွေကို ရေးထုတ်ပြီးသွားပြီလဲ။
Mobile Application အနေနဲ့ကတော့ mTarot ဆိုတဲ့ မြန်မာ တာရော့ဗေဒင် App တစ်ခုနဲ့ mTouch ဆိုတဲ့ မြန်မာ လက်ထောက် ဗေဒင် App ကို ထုတ်ထားပါတယ်။ mTarot ကတော့ iOS ရော Android မှာပါ အသုံးပြု နိုင်ပေမယ့် mTouch ကတော့ iPad အတွက် သီးသန့်ပါပဲ။
App တွေကို တန်ဖိုး ဘယ်လောက်နဲ့ ဘယ်မှာ ဝယ်ယူနိုင်မလဲ။
mTarot မြန်မာတာရော့ ဗေဒင်ကို Android အတွက်ကတော့ မြန်မာကျပ်ငွေ ၂၀၀၀ နဲ့ http://mtarot.ygn.me မှာ ဖော်ပြထားတဲ့ ဖုန်းဆိုင်တွေမှာ ဝယ်ယူနိုင်ပါတယ်။ iOS အတွက် Apple Store မှာ $1.99 နဲ့ ဝယ်ယူနိုင်ပါတယ်။ mTouch ကတော့ လက်ထောက် ဗေဒင် အမျိုးအစားဖြစ်လို့ iPad ပေါ်မှာပဲ အသုံးပြုနိုင်ပါတယ်။ mTouch ကိုလဲ Apple Store မှာ $0.99 နဲ့ ဝယ်ယူနိုင်ပါတယ်။
App ထုတ်လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကို သိပါရစေ။
မြန်မာဘာသာနဲ့ အသုံးပြုလို့ရတဲ့ ဗေဒင် App တွေ မရှိသေးတဲ့ အချိန်မှာ မြန်မာ ဘာသာနဲ့ အသုံးပြုလို့ရတဲ့ Tarot ဗေဒင်ရှိရင် ကောင်းမှာပဲဆိုတဲ့ အတွေးနဲ့ လုပ်ဖြစ်သွားတာပါ။ အစ ကတော့ ငွေကြေးအတွက် မဟုတ်ပါဘူး။ ဒါပေမဲ့ ကုန်ကျစရိတ်နဲ့ ပေးခဲ့ရတဲ့ အချိန်တွေ အတွက် အသက်သာဆုံး မြန်မာကျပ်ငွေ ၂၀၀၀ နဲ့ ရောင်းချခဲ့ရတာပါ။
နောက်ထပ် ထုတ်လုပ်ဖို့ရှိတဲ့ App တွေက ပြည်တွင်းအတွက် အဓိက ရည်ရွယ်ထားလား၊ ပြည်ပ အတွက် ရည်ရွယ်ထားလား။
လောလော ဆယ်တော့ အသစ်ထုတ်ဖို့ မရှိသေးပါဘူး။ မူရင်း အလုပ်ဖြစ်တဲ့ Web Development ပိုင်းကိုပဲ ပိုပြီး အားစိုက် ထားပါတယ်။
နိုင်ငံတကာ ပညာရှင်တွေက သူတို့ App တွေကို အခမဲ့ပေးတဲ့ ဗားရှင်းနဲ့ အခပေးဝယ်ရတဲ့ ဗားရှင်း ဆိုပြီး ထုတ်ကြတာ တွေ့ရတယ်။ အဲဒီအပေါ်မှာ သုံးသပ်ချက် အမြင်လေး သိချင်ပါ တယ်။
တစ်ယောက်နဲ့ တစ်ယောက် အတွေးကတော့ မတူကြပါဘူး။ အခမဲ့ဆိုတဲ့ version တွေကလဲ Lite တွေနဲ့ ကြော်ငြာပါတာတွေ များပါတယ်။ တစ်ချို့ အခမဲ့ဆိုရင် In App Purchase တွေ ပါပါတယ်။
လက်ရှိ ထုတ်လုပ်ပြီး App တွေ အပေါ်မှာရော စိတ်ကျေနပ်မှု ရှိရဲ့လား။
ကျေနပ်ပါတယ်။ ကျွန်တော် မျှော်လင့်ထားတာထက် ပိုပြီး စိတ်ကျေနပ်မှု ရခဲ့ပါတယ်။
တစ်ခုထုတ်ပြီး After sale service တွေ အနေနဲ့ ဘယ်လိုမျိုး ကိုယ်ရဲ့ ဝယ်ယူသူတွေကို ဆွဲဆောင်မှုတွေ ပေးပါသလဲ။
တစ်ယောက်ချင်းစီအတွက် After sale service မပေးနိုင်ပေမယ့် လူပြောများတဲ့ feedback တွေကို နားထောင်ပြီး တတ်နိုင်သလောက် update တွေ လုပ်ပေးနေပါတယ်။
မြန်မာနိုင်ငံရဲ့ နည်းပညာ ပြောင်းလဲမှု အခြေအနေကို သုံးသပ်ပေးပါ။
ကျွန်တော်တို့ခေတ်တုန်းကဆိုရင် အင်တာနက်က တစ်နာရီကို (၂၀၀၀) ပေး သုံးရတယ်လေ။ အိမ်တွေမှာ အင်တာနက် တပ်ဆင်နိုင်တယ်ဆိုတာ တော်တော်ရှားတယ်။ နောက်ပြီး တစ်ခုခု ဖြစ်ရင် ဘယ်သူကို မေးရမလဲဆိုတာ မသိဘူး။ ဒီဘက်ခေတ်ကျတော့ အင်တာနက်လိုင်း ကလည်း အရမ်း ကောင်းလာတယ်။ တစ်ခုခုဖြစ်ရင် မေးလို့ရတဲ့ လူတွေလည်း ပတ်ဝန်း ကျင်မှာ ရှိတယ်။ အဲလိုတော့ ကွာသွားတာပေါ့နော်။
နောက်ပိုင်း မိုဘိုင်းကဏ္ဍက ဘယ်လောက်အထိ မြင့်မားလာမယ်လို့ ယူဆပါသလဲ။
အခုဆိုရင် ၁၅၀၀ တန် ဖုန်းက ထွက်နေပြီဆိုတော့ လူတိုင်း ဖုန်းကိုင်နိုင်မယ့် အခြေအနေ ရောက်လာပြီး လူတိုင်းက မိုဘိုင်းကို ပိုစိတ်ဝင်စားလာကြတယ်။ အဲဒီအတွက် Mobile Market ကလည်း ပိုကျယ်လာမယ်။ ပိုပြီး ဖြစ်ထွန်းလာမယ်လို့ ထင်တယ်။ လူငယ်တွေ တော်တော် များများ မိုဘိုင်း Apps တွေကို ပိုပြီး အာရုံစိုက်လာတာ တွေ့ရတယ်။
မြန်မာ့မိုဘိုင်း ဈေးကွက်ကို ပြည်ပနိုင်ငံတွေက လာပြီး ရင်းနှီးမြှုပ်နှံတဲ့အပေါ် သုံးသပ်ပေးပါ။
ကြိုဆိုပါတယ်။ အမှန်တိုင်း ပြောရင် ကျွန်တော်တို့အတွက် သိပ်မကောင်းဘူးလို့ ပြောလို့ရ တယ်။ သူတို့ ရောက်လာတဲ့အခါကျရင် သူတို့ရဲ့ စည်းကမ်းတွေ၊ စနစ်တွေကို ကျွန်တော်တို့ လေ့လာခွင့် ရလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက အောက်တစ်ဆင့် နိမ့်သွားလိမ့်မယ်။ သူတို့က ကျွန်တော်တို့ အပေါ်မှာပဲ ဦးဆောင်တော့မှာဆိုတော့လေ။ သူတို့ဆီက နည်းပညာ တွေ လေ့လာနိုင်တဲ့ အတွက် နောက်လာမယ့် မျိုးဆက်သစ်တွေ အတွက်ကတော့ ကောင်းတဲ့ ရလဒ်တစ်ခုပါ။
ဒီမှာက Developer တွေ တော်တော်များများ ထွက်ပေါ်လာနေပြီပေါ့နော်။ သူတို့တွေကကော ပြည်ပနဲ့ယှဉ်နိုင်တဲ့ အနေအထားရှိလား။
ရှိပါတယ်။ တော်တော်တော်တဲ့ Developer တွေ တွေ့ဖူးပါတယ်။
ပြည်တွင်း မိုဘိုင်း Apps တွေ ထုတ်တဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကရော။
ကျွန်တော် ပထမဆုံး mTarot Android ဗားရှင်း စရောင်းတုန်းကဆိုရင် ရေးဆွဲပြီးနေတာ ကြာပြီ ဘယ်လို စရောင်းရမလဲ မသိဘူး။ ပြည်တွင်းမှာ ဘယ်လို စရောင်းရမလဲဆိုတာ အခက် အခဲ ဖြစ်ခဲ့တယ်။ အဲဒါကိုပဲ အချိန်တော်တော် ယူခဲ့ရတယ်။ အခြား Developer တွေနဲ့ တိုင်ပင် ကြည့်တဲ့ အခါမှာလည်း အဲဒီပြဿနာကိုပဲ အားလုံး ကြုံတွေ့နေရတယ်ဆိုတာ သိလာရတယ်။
ပြည်တွင်းမှာ Developer တွေ တော်တော်များများက ပြည်ပကိုသွားပြီး အလုပ်လုပ်ကြတဲ့ အပေါ် အမြင်။
ကျွန်တော်ကတော့ ပြည်တွင်းကို ပိုအားပေးတယ်။ ကိုယ်ရေကိုယ်မြေမှာ ကြိုးစားရင် ကြိုးစားသလောက် ရတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ ကိုယ်မြေမှာပဲ တိုးတက်အောင် လုပ်တာကို ပိုအားရတယ်။ ဟိုဘက်ကို ရောက်သွားတဲ့လူတွေက ပိုတော်သွားတယ်ပေါ့နော်။ ဒါပေမယ့် သူတို့ အလုပ်နဲ့ သူတို့ဆိုတော့ မြန်မာပြည်ကို ပြန်လုပ်ပေးနိုင်တာ နည်းတယ်။ လူတော်တွေ ထွက်သွား တယ်ဆိုတော့ ဒီဘက်မှာ အားလျော့သွားတယ်လို့ ပြောနိုင်တာပေါ့။
နောက်ပိုင်း ပြည်တွင်း မိုဘိုင်း Developer တွေရဲ့ အလားအလာကရော။
မိုဘိုင်း Developer ပိုင်းက အခုမှ စဖြစ်ခါစပဲ ရှိသေးတယ်။ တက်ဖို့ပဲ ရှိတယ် ကျဖို့ဆိုတာ လုံးဝ မရှိပါဘူး။
အခြား ဖြည့်စွက် ပြောကြားလိုတာများ ရှိရင်လည်း ပြောကြားပေးစေလိုပါတယ်။
အခုလက်ရှိမှာတော့ http://www.mobilereview.ygn.me နဲ့ http://www.moviereview.ygn.me ဆိုပြီး mobile application review တွေနဲ့ Movie review တွေကို မည်သူမဆို အခမဲ့ ဖတ်ရူလေ့ လာနိုင်ဖို့ online ပေါ်မှာ တင်ပေးထားပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ ကြော်ငြာများ ထည့်သွင်း လိုရင် http://www.network.vigona.com မှာ လေ့လာနိုင်ပါတယ်။
ကိုဇော်မင်းတင်
CEO
Yatanarpon
No comments:
Post a Comment