CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
"ကြင်ဖော်ဈေးကွက်"
၁၉၆ဝ
ပြည့်လွန်နှစ်များက ကြော်ငြာများတွင် လိုလားချက် အဖြစ်ဖော်ပြခဲ့သော
အပျိုဖြစ်ရမည်၊ ချောမောလှပရမည်ဆိုသည့် အချက် အစား ရုပ်ရည်သန့်ပြန့်ရမည်၊
ဝင်ငွေရှာနိုင်ရမည်ဆိုသော အချက်က အားကောင်းလာသည်ကို တွေ့ရသည်။
"ကြင်ဖော်ဈေးကွက်"
အေးထွန်းမင်း
သတို့သမီးအလိုရှိသည်။ ဖော်ပြပါ အရည်အချင်းနှင့် ပြည့်စုံသူ
အိန္ဒိယပျိုဖြူများသာ လျှောက်ထားရန် ဖြစ်သည်။ သွယ်သွယ်လျလျ၊ အရပ်မြင့်မြင့်၊
အသားလတ်လတ်၊ ကွန်ဗင့်ကျောင်းထွက်၊ အလုပ်အကိုင်ရှိသူ၊ အိမ်ထောင်မှု
နိုင်နင်းသူ၊ ရိုးသားသူ ဖြစ်ရမည်။
ကျား-မ တန်းတူအခွင့်ရေးရရှိရေး၊
အမျိုးသမီးများ စီးပွားရေးနှင့် နိုင်ငံရေးတွင်
ဆုံးဖြတ်ပိုင်ခွင့်ရရှိရေးတို့ အားကောင်းတွင် ကျယ်နေ သည့်
ယနေ့ခေတ်ကာလတွင်ပင် အထက်ဖော်ပြပါ ကြော်ငြာပေါင်းများစွာသည်
အိန္ဒိယသတင်းစာများတွင် အထင်ကရ နေရာယူဆဲ။
သတို့သားဘက်မှ
လိုလားချက်စာရင်းသည် ခေတ်အလျှောက် တဖြည်းဖြည်း ရှည်လျားလာနေသည်။
ကြော်ငြာပါအချက်များကို စူပါ အမျိုးသမီးကသာ စွမ်းဆောင်နိုင်မည် ဖြစ်သည်။
ငွေရှာနိုင်ရမည်ဆိုသော လိုအပ်ချက်နှင့် အိမ်ထောင်ထိန်းသိမ်းနိုင်ရမည်ဆိုသော
လိုအပ်ချက်မျိုးသည် ဝိရောဓိ ဖြစ်နေသည်။ ငွေရှာနေရသူသည်
အိမ်ထောင်ထိန်းသိမ်းရန် အချိန်ရှိမည်မဟုတ်။ အိမ်ထောင် ထိန်းသိမ်း နေရသူသည်
ငွေရှာရန် အခွင့်အလမ်းနည်းပါးသည်။ ထို့ကြောင့် သတို့သမီးအစား တန်ခိုးရှင်မ
နတ်သမီး အလိုရှိသည် ဟု ကြော်ငြာသင့်ကြောင်း ကာတွန်းဖြင့်
လှောင်ပြောင်ရေးသားမှုများ ရှိခဲ့သည်။
မိဘတို့ဝတ္တရားရှိသည့်အတိုင်းဆိုသည့် တံဆိပ်ကို ခတ်နှိပ်လျက်
စပ်ဟပ်ပေးစားသည့် စနစ်၊ မိဘတို့က ကြင်ဖက် လိုက်လံ ရှာဖွေ ပြီး
ပေးစားသည့်စနစ်သည် ယခုအခါ အပြောင်းအလဲနှင့် ကြုံတွေ့နေရပြီဖြစ်သည်။
ပညာပေးခြင်း၊ ဥပဒေပြင်ဆင်ရေးဆွဲခြင်း တို့ဖြင့် အမျိုးသမီးတို့၏
ကိုယ်ပိုင်ဆုံးဖြတ်ခွင့်များ အိန္ဒိယတွင် ရရှိလာသည်။ နိုင်ငံရေးတွင်
အမျိုးသမီးများ ပါဝင်လှုပ်ရှားခွင့် ရလာကြသည်။ သို့သော်
နှစ်ပေါင်းထောင်ချီလျက် အမြစ်တွယ်နေခဲ့သည့် မိဘများ စိတ်တိုင်းကျ ကြင်ဖက်
ရှာဖွေပေးစားသည့် ထုံးစံသည် ရှင်သန် နေဆဲ။ အထူးသဖြင့် ကျေးလက်တွင်
ထိုဓလေ့ထုံးစံသည် အရိုးစွဲနေဆဲ။
လွန်ခဲ့သော အနှစ်သုံးဆယ်အတွင်း
အိန္ဒိယတွင် အိမ်ထောင်ဖက်ရှာဖွေမှုပုံစံကို လေ့လာသည့်အခါ
စိတ်ဝင်စားဖွယ်အချက်များ ကိုတွေ့ရသည်။ နှစ်ဖက်မိဘ၊ သတို့သား၊
သတို့သမီးတို့၏ လက်ထပ်ထိမ်းမြားခြင်းပေါ် အမြင်နှင့်လိုလားချက်များကို
သုတေသနက စူးစမ်းခဲ့သည်။
အိန္ဒိယတွင် ထုတ်ဝေလျက်ရှိသည့် ထိပ်တန်း
သတင်းစာ နှစ်စောင်ဖြစ်သော The Times of India နှင့် Hindustan Times
တို့တွင် ဖော်ပြခဲ့သည့် ကြင်ဖက်အလိုရှိသည် ကြော်ငြာပေါင်း ၃၂ဝဝ ကို
လေ့လာသုတေသန ပြုခဲ့သည်။
၁၉၆ဝ ပြည့်လွန်နှစ်များက ကြော်ငြာများတွင်
လိုလားချက် အဖြစ်ဖော်ပြခဲ့သော အပျိုဖြစ်ရမည်၊ ချောမောလှပရမည်ဆိုသည့် အချက်
အစား ရုပ်ရည်သန့်ပြန့်ရမည်၊ ဝင်ငွေရှာနိုင်ရမည်ဆိုသော အချက်က
အားကောင်းလာသည်ကို တွေ့ရသည်။ ဇာတ် အမျိုးအနွယ် သည်လည်း အရေးတကြီး ထည့်သွင်း
စဉ်းစားသောအချက် ဖြစ်သည်။
အချင်းထက် အဆင်းကို
ဦးစားပေးခဲ့သော်လည်း ပြောင်းလဲမှုများ မြင်တွေ့လာရသည်။ သတို့သမီးဘက်မှ
ငွေတင်တောင်းနိုင်မှု - Dowry သည် အဓိက ဖြစ်ခဲ့သည်။ ပညာတတ်မြောက်မှုနှင့်
ဇာတ်အမျိုးအနွယ်သည် ၁၉၇ဝ ပြည့် လွန်နှစ်များတွင် အရေးပါသော အချက် ဖြစ်သည်။
ကွန်ဗင့်ကျောင်းထွက် (အင်္ဂလိပ်စကားပြောဆိုနိုင်မှု)၊ ပါးနပ်သွက်လက်မှုကိုလည်း
ကြော်ငြာများတွင် ဝေါဟာရ အမျိုးမျိုးဖြင့် ဖော်ညွှန်းထားသည်ကို တွေ့ရသည်။
အရပ်အမောင်းနှင့် အသားအရေဖြူစင်မှုကိုလည်း လိုလားချက် အဖြစ် ကြိုကြား
ကြိုကြား မြင်တွေ့လာရသည်။
၁၉၈ဝ ပြည့်လွန်နှစ်များတွင်
အရပ်အမောင်းနှင့် အသားအရေသည် ရှေ့ဆုံးတန်းသို့ တက်လာသည်ကို တွေ့ရသည်။
ချောမော လှပရမည်၊ အပျိုစင် ဖြစ်ရမည်ဆိုသောအချက်သည်
အနည်းငယ်မှေးမှိန်သွားသည်။ ဝင်ငွေရှာနိုင်မှုသည် ယောက္ခမများ ဂုဏ်ယူ
ကြွားဝါစရာဖြစ်သဖြင့် အရေးပါလာသည်။ ထိုဆယ်စုနှစ်တွင် ကမ္ဘာတစ်လွှား၌
အနောက်နိုင်ငံများသို့ ပြောင်းရွှေ့အခြေစိုက်မှု များပြားလာသည့်အတွက်
သတို့သမီးလောင်း၏ နောက်ခံအခြေအနေသည် အရေးပါလာသည်။ သတို့သမီးလောင်းသည်
အနောက်နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသူအဖြစ် ခံယူထားပါက သတို့သားလောင်းဘက်က
ပိုမို လိုလိုလားလားရှိလာသည်။ သတို့သား အဖို့ ထိုနိုင်ငံတွင်
အလုပ်လုပ်ကိုင်နိုင်ရန် အခွင့်အလမ်း ရလာမည် ဖြစ်သည်။
၁၉၉ဝ
ပြည့်လွန်နှစ်များသို့ ရောက်သောအခါ ရုပ်ရည်ရူပကာ၏ အရေးပါမှု လျော့ကျလာသည်။
ဆရာဝန် ၊ ရှေ့နေ၊ အင်ဂျင်နီယာ ကဲ့သို့ ပညာရှင် သတို့သမီးလောင်းများက
ပိုမိုရေပန်းစားလာသည်။ သို့ရာတွင် ရိုးသားတည်ကြည်သော ချွေးမလောင်းကို မိဘ
များက လိုလားဆဲဖြစ်သည်။ ဇာတာချင်း တိုက်ဆိုင်စစ်ဆေးသော အလေ့အထလည်း
ရှင်သန်နေဆဲ။
သတို့သမီးဈေးကွက် တစ်ခုလုံးကို ခြုံကြည့်လျှင်မူ
ရုပ်ရည်ရူပကာက အလေးသာနေဆဲ ဖြစ်သည်ကို သုတေသီတို့ တွေ့ရှိရသည်။
သတို့သားလောင်းနှင့် သတို့သမီးလောင်းတို့ ဆရာဝန်၊ အင်ဂျင်နီယာကဲ့သို့
အသက်မွေး ဝမ်းကျောင်းဘွဲ့ ရရှိမှုကို ၁၉၉ဝ ပြည့် လွန်နှစ်များတွင် အလေးထား
ဦးစားပေးလာကြသည်။ သတို့သမီးဘက်က သတို့သားများ၏ အလုပ်အကိုင်ကို အဓိကထားလာကြ
သည်။ ထိုဆယ်စုနှစ်၏ ထူးခြားချက်မှာ ကြော်ငြာများတွင် တစ်ဦးတည်းသောသား
ဖြစ်ရမည်ဆိုသောအချက်တွေ့မြင်လာရခြင်းဖြစ် သည်။ သတို့သား၏
မောင်နှမသားချင်းတို့ အိမ်ထောင်များနှင့် တွဲဖက်မနေထိုင်လိုသောသဘော
ဖြစ်သည်။ တစ်ဦးတည်းသော သား ဖြစ်သဖြင့် အမွေကို တစ်ဦးတည်း
ဆက်ခံခွင့်ရမည်ကိုလည်း မျှော်ကိုးဟန်တူသည်။
မိဘများက ချွေးမလောင်း
ရွေးချယ်ရာတွင် ဇာတ်အမျိုးအနွယ်၊ မွေးဖွားရာဇာတိ၊ မိသားစုနောက်ခံတို့ကို
အလေးထားစဉ်းစားလျက် ရှိနေသေးသည်။ သတို့သားလောင်းများကို စဉ်းစားရာတွင်လည်း
ဇာတ်အမျိုးအနွယ်သည် အရေးပါနေဆဲ။
ရွာဖြစ်လာနေသော ကမ္ဘာတွင်
လူသုံးကုန် ဇိမ်ခံပစ္စည်း အသစ်အဆန်းများ ပေါ်ပေါက်လာလျက်ရှိသည်။ သတို့သမီးက
တင်တောင်း ရမည့် ရွှေငွေ- Dowry အပြင် ရေခဲသေတ္တာ၊ ၅၂ လက်မ ရုပ်မြင်သံကြား
စသည့် အဖိုးတန် ပစ္စည်းများ ပါဝင်ရမည်ဟု သတို့သား ဘက်က တောင်းဆိုကြသည်။
အိမ်ထောင်ရေးတွင် သတို့သမီးသည် သင့်တင့်သော ရုပ်ရည်ရှိရမည်၊ ငွေကြေး
(တင်တောင်းရမည့်ရွှေငွေအပါအဝင်) ရှာဖွေ ပေးနိုင် ရမည်ဆိုသည့်အချက် ကို
ပိုမိုအလေးပေးလာသည်။
ကျေးလက်မင်္ဂလာဆောင်များတွင် သတို့သမီးလက်တွင်
ရွှေလက်ကောက် ဘယ်နှကွင်း ဝတ်ထားသည်ကို ပြောင်ပြောင်တင်းတင်း ပင်
စူးစမ်းကြသည်။ နွမ်းပါးသူများသည် သမီးမိန်းကလေး မွေးထားပါက တင်တောင်းရမည့်
ငွေကြေး- Dowry ကို မတတ်နိုင်ရှာ ကြ။ တောင်းသလောက် ငွေကြေး
မတင်နိုင်သည့်အတွက် သတို့သမီးများသည် ယောက္ခမ နှိပ်စက်မှုကို ခံရသည်။
ရေနွေးပူလောင်း၊ ငရဲမီး နှင့် အပက်ခံရသော ချွေးမများ ရေတွက်၍ပင်မကုန်နိုင်။
အချို့ဆိုလျှင် မီးရှို့အသတ်ခံရသည်။
သတို့သမီးဘက်က
တင်တောင်းရသောစနစ်ကို ထောက်ခံသူအများအပြား ရှိသည်။ အမျိုးသမီးများသည်
အချို့သော မျိုးနွယ်စု တွင် အမွေဆက်ခံခွင့် မရှိကြသဖြင့် တင်တောင်းလိုက်သော
ရွှေငွေများသည် သတို့သမီးအား မိဘက ပေးလိုက်သော အမွေဖြစ်ကြောင်း
ထောက်ခံသူများက ဆိုသည်။ လက်တွေ့တွင်မူ တင်တောင်းလိုက်သော ငွေကို
သတို့သမီးခမျာ လက်ဖြင့် တို့ထိခွင့် မရလိုက်ရှာ။ ယောက္ခများက
သိမ်းယူသွားသည်သာ ဖြစ်သည်။
အိန္ဒိယတွင် အချို့မျိုးနွယ်များ၌
မီးဖွားရန် ဆေးရုံစရိတ်ကို သတို့သမီးဘက်မှပင် အကုန်အကျ ခံရသည်။
ဇနီးသေဆုံးသည့် အခါ အသုဘစရိတ်ကို ဇနီးသည်ဘက်မှ ပေးရသည်။ မိန်းကလေး
မွေးရသည်မှာ ဒုက္ခအပေါင်းကို ဖိတ်ခေါ်လိုက်သည်နှင့် အတူတူ ပင် ဖြစ်သည်။
ထို့ကြောင့် မိန်းကလေးကို မမွေးလိုကြ။ ဖျက်ချလိုက်ကြသည်။
ကိုယ်ဝန်ဖျက်ချပေးသောဆေးခန်းကလည်း ပြောင်ပြောင် တင်းတင်း ပင်
ကြော်ငြာနေကြသည်။ ''သမီးအတွက် မင်္ဂလာကြေးတင်ရမည့် ရူပီးငါးသောင်း (ဒေါ်လာ
၁၁ဝဝ) အစား၊ ရူပီးငါးရာ (၁၁ ဒေါ်လာ) သာ အကုန်အကျ ခံလိုက်ပါ'' ဟု အတိအလင်း
အပြိုင်အဆိုင် ကြော်ငြာသည်။
သန္ဓေကို ဈေးပေါပေါဖြင့်
ဖျက်ချနိုင်သဖြင့် ဖျက်ချသူ အများစုသည် ဆင်းရဲသားများ
ဖြစ်လိမ့်မည်ဟုတွက်ဆရသည်။ အမှန်တွင်မူ ထိုသို့မဟုတ်။ ဖျက်ချနေသူ အများစုသည်
ငွေကြေးတတ်နိုင်သူများ ဖြစ်သည်ဟု ဆိုသည်။
နယူးဒေလီမြို့
မြောက်ဘက်ရှိ ဟာယာနာ- Haryana ပြည်နယ်တွင် တစ်ဦးချင်း ဝင်ငွေသည်
အိန္ဒိယအတွင်း ဒုတိယ အမြင့်ဆုံး ဖြစ် သည်။ ကျား-မ အချိုးအစား
အကြီးမားဆုံးကွာဟမှု ဒုတိယ အကြီးမားဆုံးပြည်နယ်
(ပန်ဂျပ်ပြည်နယ်ပြီးလျှင်)လည်း ဖြစ်သည်။ ၂ဝဝ၁ ခုနှစ်တွင် ယောက်ျားလေး ၁ဝဝဝ
မွေးလျှင် မိန်းကလေး ၈၂ဝ သာရှိသည်။ ၁၉၉၇ ခုနှစ်တွင် မိန်းကလေး မွေးနှုန်းမှာ
၈၇၅ ယောက် ဖြစ်သည်။
သန္ဓေသားကို အာလ်ထရာဆောင်းဖြင့်
ကြိုတင်စစ်ဆေးသော ကုန်ကျစရိတ်ကို ချမ်းသာသူများသာ တတ်နိုင်ကြသဖြင့်
မိန်းကလေး သန္ဓေကို စောစီးစွာ ဖျက်ချနိုင်သူများ ဖြစ်သည်။ ယင်းသို့ဆိုလျှင်
ဆင်းရဲသားမိသားစုတွင် မိန်းကလေးအများစု မွေးဖွားမည့် သဘော ဖြစ်သည်။
မိန်းကလေးများ မွေးဖွားနှုန်း ကျလာသည်။ ရေရှည်တွင် ရွှေငွေတင်တောင်းရသောစနစ်
ပျောက်ကွယ်သွားလိမ့်မည်ဟု မျှော်လင့်ရ သည်။ သို့သော် နှစ်အနည်းငယ်အတွင်း
ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ ထိုအချိန်အတွင်း မိန်းကလေး သန္ဓေအများ
အပြား ဖျက်ချခံရလိမ့်မည်။
ဆရာဝန်များသည် သန္ဓေဖျက်ချမှုတွင်
ပတ်သက်နေသူများ ရှိသလို မပတ်သက်သူများလည်း ရှိကြသည်။ ပါဝင်ပတ်သက် နေသူ
များသည် အများစုဖြစ်သည်။ ထို့ကြောင့် လူနည်းစု ဖြစ်နေသော မပတ်သက်သော
ဆရာဝန်များ သည် နှုတ်ဆိတ်နေကြရသည်။
တစ်ဦးနှင့်တစ်ဦး မေတ္တာသက်ဝင်
ချစ်ခင်လျက် အိမ်ထောင်ပြုကြခြင်းဆိုသည်မှာ အိန္ဒိယတွင် ရှားရှားပါးပါးဟု
မဆို နိုင်သော်လည်း မိဘက စီစဉ်အိမ် ထောင်ချပေးမှုများ ထွန်းကားနေဆဲ ဖြစ်သည်။
လက်ထပ်ထိမ်းမြားရာတွင် မိဘများက သဘောတူကြည်ဖြူရန် အရေးကြီးဆုံးဖြစ်သလို
ဆွေ မျိုးသားချင်းများကလည်း လိုလို လားလားရှိရန် လိုအပ်သည်ဟု ယူ ဆထားကြသည်။
တစ်ဦးနှင့်တစ်ဦး မေတ္တာမျှလျက် ပြုကြသော အိမ်ထောင်က မိဘများ စီစဉ်ပေးသော
အိမ်ထောင်လောက် တန်ဖိုးမရှိ ဟူသော အယူအဆကို စွဲကိုင်သူ အများအပြား
ရှိကြသည်။
အိန္ဒိယနိုင်ငံ၏ လူများစုသည် ကျေးလက်တွင် နေထိုင်သူများ
ဖြစ်ကြသည်။ စီးပွားရေးသည် လယ်ယာအခြေပြုစီးပွားရေး ဖြစ်သည်။ ရာသီဥတု၊
ရေရရှိမှုအပေါ်တွင် တည်မှီနေရသော စီးပွားရေးပုံစံ ဖြစ်သည်။ ရာသီဥတု
ဖောက်ပြန်မှုကြောင့် သီးနှံမအောင်၊ စီးပွား ပျက်သည့်အခါတွင် မိဘ၏
စီစဉ်မှုဖြင့် အိမ်ထောင်ကျထားသူများသည် နှစ်ဖက်မိဘနှင့်
ဆွေမျိုးသားချင်းများ၏ ကူညီစောင်မမှုကို ရရှိနိုင်သည်။ မွေးဖွားလာသော
သားသမီးများကို နှစ်ဖက်မိဘများက ထိန်းသိမ်းစောင့် ရှောက်ပေးသည်။ လင်မယား
အကြား သဘောထားကွဲသည့်အခါတွင်လည်း နှစ်ဖက်မိဘဆွေမျိုးများက
ဝင်ရောက်ဖြေရှင်းပေးကြ သည်။
မိမိ သဘောအလျောက်
အိမ်ထောင်ပြုထားသူများသည် ထိုကဲ့သို့ အကူအညီကို မမျှော်လင့်နိုင်ပေ။ မိဘ
ဆွေမျိုးအသိုင်းအဝိုင်း ကလည်း ဒင်းထိုက်နှင့်ဒင်းကံ နေပလေ့စေဆိုသည့်
သဘောထားမျိုး ရှိကြသည်။ ထိုကြောင့် ကြင်ဖော် ဈေးကွက်ကို မိဘများက
ချုပ်ကိုင် ထားနိုင်ခြင်းဖြစ်သည်။
ခေတ်ပညာတတ်မြောက်ထားကြသည့်
မျိုးဆက်သစ်များအဖို့ တစ်ခါမျှ မမြင်ဖူးသူတစ်ယောက်ကို မိဘများက ရွေးချယ်
ပေးသည် ဆိုသည့် အကြောင်းအချက်တစ်ခုတည်းကြောင့် လက်ထပ်ရန် မဖြစ်နိုင်ကြ။
လက်မခံနိုင်ကြ။ သူတို့ အိမ်ထောင်ဖက် ဖြစ်လာမည့် သူအကြောင်းကို
ကြိုတင်သိလိုသည်။ ထူထောင်ကြမည့် အိမ်ထောင်ရှေ့ရေးကို ဆွေးနွေးလိုကြသည်။
သူတို့ အဆင်ပြေစေရန် နည်းပညာက ရှိနေသည်။ လက်ကိုင်ဖုန်းနှင့်
အင်တာနက်တို့သည် သတို့သား/သတို့သမီးလောင်းများ အတွက် အကောင်းဆုံး
ဆက်သွယ်ရေးကိရိယာ ဖြစ်သည်။
မိဘများက စပ်ဟပ်ပေးသူကို မိမိက
သဘောမမျှနိုင်ပါက မိဘများ လိုလားသည့် အသိုင်းအဝိုင်း၊ အရည်အချင်းတူသူ၊
မိမိက လည်း နှစ်သက်နိုင်သူကို အင်တာနက်ဖူးစာရေးနတ်များ- Online Dating
Services မှတစ်ဆင့် ရှာဖွေနိုင်သည်။ ထိုနည်းဖြင့် မိဘများ၏အလိုနှင့် မိမိ
နှစ်သက်မှုကို ထပ် တူကျစေနိုင်သည်။
ယခုအခါ အိန္ဒိယတိုက်ငယ်
အနွယ်ဖွား မြောက်များစွာ သည် ကမ္ဘာအရပ်ရပ်တွင် လုပ်ကိုင်နေထိုင်ကြလျက် မိဘ၏
ထောက်ပံ့မှုကို မမှီခိုဘဲ နေကြသူများ ဖြစ်သည်။ သို့စဉ်ပါလျက် ထို
သူများသည်လည်း မိဘက စပ်ဟပ် ပေးစားသူများထဲ တွင်ပါဝင်နေခြင်း မှာ
စဉ်းစားဖွယ်ရာဖြစ်နေသည်။ အရိုးစွဲနေသည့် ဓလေ့ထုံးစံကြောင့် ဖြစ်သည်ဟု
လူမှုရေးပညာရှင်များက ဆိုသည်။
သတို့သား/သတို့သမီးလောင်းကို
မိဘများက အချိန်ယူ ရှာဖွေပေးသည့်အတွက် သားသမီးများသည် အိမ်ထောင်ဖက်ကို အထူး
တလည် ရှာဖွေရန်မလိုတော့။ ထို့ကြောင့် အချို့သော သားသမီးများက မိဘများ
ရှာဖွေပေးသည်ကို နှစ်သက်သည်။ ပြောင်းလဲ လာသော ခေတ်နှင့်အညီ မိဘများက
သားသမီးများ နှစ်သက်သဘောကျသူတို့ တွေ့လျှင် သူတို့အား အသိပေးရန် ပြောထား
သည်။ အချို့သားသမီးများသည် ကြင်ဖက်ကို ရှာမတွေ့နိုင်သည့်အခါမှသာ မိဘများ
သဘောအတိုင်းစီစဉ်ရန် ပြောရတော့သည်။
အနောက်နိုင်ငံများတွင်
ပညာသင်ကြား ကြီးပြင်းလာသူများ ဇာတိတိုင်းပြည်နှင့် အချိန်ကြာမြင့်စွာ
အလှမ်းဝေးနေခဲ့ကြသည်။ ဇာတိ တိုင်းပြည်၏ ဓလေ့ထုံးစံတို့ နှင့် အံမဝင်တော့။
သို့သော် မိဘများမှာမူ ဇာတိတိုင်းပြည်သို့ မကြာခဏ အလည်သွားကာ သား သမီး
များအတွက် အိမ်ထောင်ဘက် ရှာဖွေကြသည်။
အသက် ၂၅ နှစ်အရွယ်
မဒီဟာစန္ဒကူးသည် အမေရိကန်သို့ ငါးနှစ်သမီးအရွယ်တွင် မိဘများနှင့်အတူ
ရောက်လာသည်။ နယူး ဂျာစီပြည်နယ်တွင် မိဘများ နှင့်အတူ နေထိုင်လျက်ရှိသည်။
ဂျင်းဘောင်းဘီ၊ ဒေါက်မြင့်ဖိနပ်ကို အမြဲဝတ်ဆင်သည်။ သူမ၏ မျက်နှာပေါ်တွင်
မိတ်ကပ်က အမြဲလို နေရာယူထားသည်။ ခေါင်းစည်းပဝါကိုလည်း အမြဲရစ်ပတ်ထားသည်။
မိဘများက သူမနှင့် လက်ဆက်ပေးလိုသူများက သူမသည် ရှေးရိုးဆန်လွန်းသည်ဟု
ဆိုကြသည်။ ထိုသူများက သူမခေါင်းတွင် စည်းထားသောပဝါကို ရည်ညွှန်းဟန်တူသည်။
သို့သော် သူမ ကိုယ်သူမ အမေရိကန်နှင့် ပိုမို နီးစပ်သည်ဟု ယူဆသည်။ သူမကို
မွေးဖွားခဲ့သော ဇာတိနှင့် အလှမ်း ဝေးသွားခဲ့ပြီဖြစ်သည်။
''
ပါကစ္စတန်က ကျွန်မ နဲ့ဝေးသွားပြီ။ ပါကစ္စတန်မှာဆိုရင် ကျမ
လျှော်ဖွပ်ချက်ပြုတ်နဲ့ ဘဝကို အပြီးသတ်သွားမှာပဲ'' ဟု သူမက ဆိုသည်။
မိဘများကမူ သူမ အား ပါကစ္စတန်သားတစ်ယောက် နှင့်သာ ပေးစားလိုသည်။
မိဘများက စန္ဒကူးနှင့် ရည်မှန်းထားသူသည် အမေရိကန်တွင် မရှိ။
ပါကစ္စတန်သားတစ်ယောက် ဖြစ်သည်။ သူမ၏မိဘများသည် သူတို့ စွန့်ခွာခဲ့သော
မွေးရပ်မြေ၏ ဓလေ့ထုံးစံကို အသေစွဲကိုင်ထားဆဲဖြစ်သည်။ သူမက မိဘများကို
ချစ်ခင်လေးစားသည်။ မိရိုး ဖလာကို မပယ်လို။ မိဘများ အလိုဆန္ဒကို
လိုက်လျောသည်။ သို့သော် ထိုလိုက်လျောမှုသည် အကန့်အသတ်ရှိနေသည်။ သူမသည်
ပါကစ္စတန်ကို ပြန်လည် နေထိုင်ရမည်ကို အကြောက်ဆုံး ဖြစ်သည်။ သူမ
တတ်မြောက်ထားသောပညာများ အလဟဿ ဖြစ်ကုန် မည်ကို စိုးရိမ်သည်။
သူမအား
မွေးရပ်မြေသို့ အလည်လိုက်ရန် မိဘများက ခေါ်နေသည်ကို အကြောင်းအမျိုးမျိုး
ပြလျက် ငြင်းပယ်နေခဲ့သည်။ သင်တန်း တစ်ခုပြီးတစ်ခု တက်လျက် သင်တန်းကို
အကြောင်းပြကာ မလိုက်ဘဲနေသည်။
မိဘများက စပ်ဟပ်ပေး စားရာတွင် လူမမယ်
အရွယ်လေးများ ပါဝင်လာသည့်အခါ ဥပဒေပညာရှင်များ၊ လူမှုရေးပညာရှင်များနှင့်
အုပ်ချုပ်ရေးပိုင်းအရာရှိ များ ခေါင်းခဲစရာဖြစ်လာသည်။
မက္ကဆီကိုနိုင်ငံ
'တရီကွီ' မျိုးနွယ်စုဝင်များတွင်လည်း မိဘများက သားသမီးများကို စပ်ဟပ်
ပေးစား အိမ်ထောင်ချပေးသော ထုံးစံ ရှိသည်။ စပ်ဟပ်ပေးစားသည် ဆိုသော်လည်း
အလဲအလှယ်လုပ်ကာ ရောင်းချသည့် ပုံစံမျိုး ဖြစ်နေ သည်။
လူကုန်ကူးခြင်းတစ်မျိုးဟု ဆိုနိုင်သည့် အနေအထား ဖြစ်သည်။
မွန်ထရီခရိုင်တွင် အသက် ၃၆ နှစ်အရွယ် 'ဂျီးဇက်မာ တင်နေး'သည် ၁၄ နှစ်အရွယ်
သမီးအား ဒေါ်လာ တစ်သောင်း ခြောက်ထောင်၊ ဘီယာ သေတ္တာ အလုံးတစ်ရာဖြင့်
တင်တောင်းမည့် သူအား စောင့်ဆိုင်းနေစဉ် ရဲ၏ ဖမ်းဆီးခြင်းကို ခံရသည်။
ထိုအဖြစ်အပျက် သည် ကမ္ဘာ့မီဒီယာများ၏ ထိပ်စည်းသတင်း ဖြစ်သွားသည်။ 'သမီးကို
ဘီယာနဲ့ လဲသောက်သူ' ဟု ခေါင်းတပ်ကာ ပွက်လော ရိုက် ကုန်ကြသည်။
လူသားကို ရောင်းချခြင်း ဖြစ်သဖြင့် လူကုန်ကူးခြင်းဖြစ်သည်ဟု
စွဲချက်တင်ကြသည်။ မွန်ထရီရဲအရာရှိက ''လူကုန်ကူးတယ် လို့ ပြောနိုင်အောင်
အချက်နှစ်ချက် လိုပါတယ်။ ကာယကံရှင်ရဲ့ သဘောဆန္ဒမပါဘဲ လုပ်သလား၊
ခြိမ်းခြောက်တာ ရှိသလားဆိုတဲ့ အချက်တွေ လိုအပ်ပါတယ်။ အခုကိစ္စမှာ ကာယကံရှင်က
သဘောတူထားတဲ့အတွက် လူကုန်ကူးမှု မမြောက်ပါဘူး။ ပြီးတော့လည်း မိဘက စီစဉ်ပြီး
အိမ်ထောင်ချပေး တယ်ဆိုတာ တရားဥပဒေကို ချိုးဖောက်တာလည်း မဟုတ်ပါဘူး'' ဟု
ပြောသည်။
ဥပဒေက ခွင့်ပြုထားသော လက်ထပ်ထိမ်းမြားနိုင်သည့်
သတို့သမီး အသက်မှာ ၁၆ နှစ်ဖြစ်သည်။ သို့သော် ထရီကွီ မျိုးနွယ်စု အတွင်း
အသက် ၁၂ နှစ် အရွယ်လေးများကို အိမ်ထောင်ချပေးနေမှု အများအပြားရှိသည်ဟု
ဆိုသည်။ တိုင်းရင်းသား မျိုးနွယ်စု ၏ ဓလေ့ထုံးစံ ဖြစ်နေသဖြင့် ဗဟို
အစိုးရကလည်း မတို့သာ မထိသာ ဖြစ်နေသည်။
မိန်းကလေးမွေးဖွားမှု
ကျဆင်းလာသည့်အတွက် တရုတ်၊ ထိုင်ဝမ်၊ တောင်ကိုရီးယားနှင့် ဘင်္ဂလားဒေ့ရှ်
စသည့် အာရှနိုင်ငံများတွင် သတို့သမီး ရှားပါးလာသည်။
မိန်းကလေးအဖြစ် မွေးဖွားလာမည့် သန္ဓေသားကို ဖျက်ချခြင်းဖြင့် မိန်းကလေး
မွေးဖွားမှုနှုန်း လျော့ကျလာခြင်းဖြစ်သည်။ ကိုယ်ဝန် ဖျက်ချရန် အလို့ငှာ
အာလ်ထရာဆောင်းကို အသုံးမပြုရန် ၁၉၉၅ ခုနှစ် တွင် ကိုးရီးယား အစိုးရက
တားမြစ်ခဲ့သည်။ ၁၉၈ဝ နှင့် ၂ဝဝ၅ ခုနှစ်အတွင်း မွေးဖွားခဲ့သည့် ကလေးများတွင်
မိန်းကလေး ဦးရေထက် ယောက်ျားလေးက ကိုးသိန်းနီးပါး ပိုနေခဲ့သည်။
ဥရောပသို့ ပြောင်းရွှေ့ အခြေချနေထိုင်ကြသော အာရှနွယ်ဖွား အသိုင်းအဝိုင်းတွင်
မိဘက စီစဉ်ပေးသည့် လက်ထပ်ထိမ်း မြားမှု များသည် အထူးအဆန်း မဟုတ်ပေ။
ထိုထုံးစံကို အာရှနွယ်ဖွား အသိုင်းအဝိုင်းတွင် ရာသက်ပန်အိမ်ထောင်ကို
ဖန်တီးပေးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဟု ယုံကြည်သူ အများအပြား ရှိကြသည်။
သို့စဉ်တိုင် ယင်းသို့သော စီစဉ်ပေးမှုသည် မကြာခဏဆိုသ လို အတင်းအကျပ်
စီစဉ်မှုဖြစ်လာသည့်အခါ အငြင်းပွားဖွယ် ဖြစ်လာရသည်။ မိသားစုဝင်များအကြား၊
ယဉ်ကျေးမှုများအကြား၊ စနစ်ဟောင်းနှင့် စနစ်သစ်တို့အကြား၊
အရှေ့နှင့်အနောက်အကြား ပြင်းထန်စွာ တိုးတိုက်မိသော အဖြစ်အပျက်များ ဖြစ်သည်။
မိဘများ စီစဉ်သည့်အတိုင်း လက်မခံခြင်းသည် မိဘများကို
အရှက်ခွဲခြင်းဖြစ်သည်ဟုဆိုကာ သတို့သမီးလောင်းများကို ခြိမ်းခြောက် သည်။
အတင်းအကျပ် လက်ထပ်ခိုင်းသည်။ မိမိ စိတ်ကြိုက်ကို ရွေးချယ်မိသော သမီးများကို
ဖခင်နှင့် ဆွေမျိုးများက သတ်ဖြတ် သည့် အဖြစ်အပျက်များ ရှိလာသည်။
အတင်းအကျပ် လက်ထပ်ပေးသည့် ကိစ္စသည် ဗြိတိန်တွင် ဟိုးလေးတကျော်ဖြစ်လာသည့်
အတွက် လူမှုရေးအဖွဲ့အစည်းများ၊ တရားသူကြီးများ၊ ရဲ ဝန်ထမ်းများက စနစ်တကျ
ကိုင်တွယ်ဖြေရှင်းပေးနေရသည်။
ဗြိတိန်နိုင်ငံတွင် မိဘများက
အတင်းအကျပ်စီစဉ်သော လက်ထပ်ပွဲများ နှစ်စဉ် တစ်ထောင်မက ရှိသည်ဟု ဆိုသည်။
၎င်းတို့ တွင် တောင်အာရှသားများ ဖြစ်ကြသည့် ဟိန္ဒူ၊ ဆစ်ခ်နှင့်
မွတ်စလင်ဘာသာဝင်များ ပါဝင်ကြသည်။ ပြင်သစ်နိုင်ငံတွင် အတင်း အကျပ်
လက်ထပ်စေသောကိစ္စ များတွင် ပတ်သက်နေသည်များမှာ အာဖရိကမြောက်ပိုင်း
အနွယ်ဝင်များ ဖြစ်ကြသည်။
ayetunmin@gmail.com
Ref:The Marriage Market
(ဈေးကွက်ဂျာနယ်မှ ကူးယူဖော်ပြပါသည်။)
"ကြင်ဖော်ဈေးကွက်"
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
May 13, 2013
Rating:
5
No comments:
Post a Comment