မေလ ဒုတိယပတ်အတွင်း စီးပွားရေး လုပ်ငန်းရှင်များ အကြားတွင် လည်းကောင်း၊ စီးပွားရေး ပညာရှင်များ အကြားတွင် လည်းကောင်း၊ မီဒီယာ စာမျက်နှာများတွင် လည်းကောင်း၊ အင်တာနက် စာမျက်နှာများတွင် လည်းကောင်း၊ မြန်မာ ကျပ်ငွေနှင့် ဒေါ်လာ ငွေဈေး လဲလှယ်နှုန်းများနှင့် ပတ်သက်ပြီး များစွာ ပြောဆို/ ဆွေးနွေး/ ရေးသား ကြသည်ကို ဖတ်ရှု ရပါသည်။ မေလအတွင်း နေ့စဉ် ဒေါ်လာ ဈေးနှုန်းများ တရိပ်ရိပ် တက်လာ နေမှုများကြောင့် မေလ တတိယပတ် အတွင်း အခြေခံ ကုန်ဈေးနှုန်းများလည်း တဖြည်းဖြည်း တက်လာသည် ကိုလည်း တွေ့ရှိ လာရပါသည်။
ကျွန်တော်သည် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး မဟုတ်သကဲ့သို့ စီးပွားရေး ပညာရှင် တစ်ဦးလည်း မဟုတ်ပါ၊ သာမန်ပြည်သူတစ်ဦီးသာဖြစ်ပါသည်။ သို့ဖြစ်ရာ သာမန်ပြည်သူ တစ်ဦးအပေါ် ရိုက်ခတ် လာသော ကုန်ဈေးနှုန်း များကြောင့် ဒေါ်လာဈေး တက်လာမှု အပေါ် စိတ်ဝင်စားမိ ပါတော့သည်။ လက်လှမ်းမီသမျှ ဖတ်ရှု လေ့လာ ကြည့်ရာတွင် အောက်ပါအတိုင်း တွေ့ရှိ ရပါသည် မြင်ကွင်
မြင်ကွင်း (၁)
၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး (၁၃) ရက် မြောက်နေ့၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ဆွေးနွေး တင်ပြရာတွင် နိုင်ငံစီးပွားရေး အတွက်၊ ပြည်သူလူထု အကျိုးစီးပွား အတွက် ဘဏ်စနစ် ကောင်းမွန်ဖို့ လိုသလို ငွေကြေးမူဝါဒ Monetary Policy နှင့် ဘဏ္ဍာရေး မူဝါဒ Fiscal Policy ဟာလည်း အလွန် အရေးကြီး ပါတယ်။ ထို့အတူ နိုင်ငံစီးပွားရေး အတွက် သင့်တင့် မျှတသော ငွေလဲနှုန်းများ ရှိဖို့ အထူးသဖြင့် ကိုယ့်နိုင်ငံ အကျိုး စီးပွားရှိဖို့ အတွက် ကိုယ့်နိုင်ငံ ထွက်ကုန်၊ ထုတ်ကုန်များ အပေါ် နိုင်ငံသုံးငွေ ထိုက်တန်စွာ ရရှိဖို့အတွက် ဆောင်ရွက် နေရမှာ ဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ရာမှာ ကိုယ့်နိုင်ငံ ငွေကြေးတန်ဖိုး မလိုအပ်ဘဲ မြင့်မားအောင် ဖန်တီး ပြုလုပ်မှုကို မခံဘဲ နိုင်ငံ စီးပွားရေး ဆက်လက် ကောင်းနေအောင် ငွေလဲနှုန်းများကို သင့်လျော်သလို ထိန်းညှိပေးလို့ စီးပွားရေး ကောင်းလာပြီး ဆက်လက် ကောင်းအောင်လည်း ဆောင်ရွက်နိုင်တဲ့ နိုင်ငံများကို သိသာ ထင်ရှားစွာ တွေ့မြင် နေပါလျက်နဲ့ ကျွန်တော်တို့ နိုင်ငံဟာ ထိုနိုင်ငံများ ကဲ့သို့ ဘာလို့ မကျင့်သုံး နိုင်ရတာလဲ ဆိုတဲ့ မေးခွန်းတွေ မေးစရာ ဖြစ်လာပါတယ်။ နိုင်ငံ ဝန်ထမ်းနှင့် အလုပ်သမား များ၏ ဝင်ငွေ၊ တစ်ဦးချင်း ဝင်ငွေ၊ Per Capital Income ကို နိုင်ငံခြားငွေနှင့် ဖော်ပြရာမှာ အမြင်ကောင်းအောင်၊ ကိန်းဂဏန်း များအောင် တစ်ဒေါ်လာ ငွေလဲနှုန်း ၈၅ဝ ကျပ် ဝန်းကျင်မှာပဲ ထားနေတာလား၊ တစ်ဒေါ်လာ ၉၅ဝ-၁ဝဝဝ နှုန်း ဝန်းကျင် ထားရှိ ဆောင်ရွက်မှ နိုင်ငံနှင့် ပြည်သူအတွက် ကောင်းမှာကို သိလျက်နှင့် မျက်ကွယ်ပြု နေကြတာလား ဆိုတဲ့ အသံတွေ၊ ပြည်တွင်း စိုက်ပျိုးရေး၊ မွေးမြူရေး သမားများ သာမက ကုန်ထုတ်လုပ်သူ CMP လုပ်ခ လစာစား နေသူများဟာ ငွေလဲလှယ် နှုန်းကြောင့် အခက်အခဲတွေ ရောက်နေတာကို မျက်ကွယ်ပြု ထားကြတာဟာ ကောင်းကြသလား၊ တာဝန်ကျေ သလား ဆိုတဲ့ ညည်းတွားသံတွေ ကြားသိနေရပြီး ဒီအသံတွေဟာလည်း မှန်နေပြီ ဆိုရင် တကယ်လို့ တာဝန်ယူဖို့၊ တာဝန်ခံဖို့ အခက်အခဲ ရှိနေကြလျှင်လည်း ပြည်သူ့ဆန္ဒ၊ ပြည်သူ့ မျှော်လင့်ချက်ကို ဖော်ဆောင် ပေးပါမယ်လို့ ခံယူထားတဲ့ ကျွန်တော်တို့ လွှတ်တော်က တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ပေးဖို့ လိုပါပြီ၊ လိုပြီလို့ဆိုရင် လိုအပ်သော ညှိနှိုင်း ဆုံးဖြတ် ဆောင်ရွက်မှုတွေ အမြန်လုပ်ဖို့ လိုအပ်ပါတယ်ဟု ဆွေးနွေး ခဲ့ပါသည်။
မြင်ကွင်း (၂)
၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်၍ လွှတ်တော်ရေးရာ ကော်မတီများမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ အသီးသီး တက်ရောက်ကြသော အစည်းအဝေး တစ်ရပ်ကို ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ စီးပွားရေး နယ်ပယ် အသီးသီးမှ လုပ်ငန်းရှင်များ မြန်မာနိုင်ငံ ဘဏ်များ အသင်းနှင့် အသင်း အဖွဲ့အသီးသီးမှ အဖွဲ့ဝင်များ စုံညီစွာ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် စီးပွားရေး လုပ်ငန်းရှင် အချို့မှ မိမိတို့ လုပ်ငန်း ကုန်ကျစရိတ် သက်သာစေရန် ဘဏ်ချေးငွေ အတိုးနှုန်းကို လျှော့ချပေးရေး၊ ပို့ကုန် လုပ်ငန်းရှင် အချို့က ကျပ်ငွေတန်ဖိုးကို တစ်ဒေါ်လာလျှင် ကျပ်ငွေ ၁ဝဝဝ ကျပ် ဝန်းကျင်သို့ ပြောင်းလဲ မြှင့်တင်သင့်ကြောင်း အသားပေး ဆွေးနွေး ခဲ့ကြပါသည်။
မြင်ကွင်း (၃)
၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ထိ ဒေါ်လာဈေးမှာ တည်ငြိမ် ခဲ့သော်လည်း သင်္ကြန် နောက်ပိုင်း ဧပြီလ ၂၂ ရက်နေ့မှစ၍ အတက်ဘက်သို့သာ ဦးတည် ပြောင်းလဲလျက် ရှိရာ ဧပြီလ ၁၁ ရက်နေ့တွင် တစ်ဒေါ်လာ ၈၇၄ ကျပ်မှ သင်္ကြန်ပြီးနောက် ဧပြီလ ၂၄ ရက်နေ့တွင် ၈၈၅ ကျပ်ထိ တက်ခဲ့ပါသည်။ ယခုကဲ့သို့ မြင့်မားစွာ ဈေးတက်ခြင်းသည် အောက်ပါ အချက်များကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါသည်-
(၁) သင်္ကြန်မကျမီ ဧပြီလ ၁၁ ရက်နေ့မတိုင်မီ မြန်မာပြည်သို့ ဝင်လာသော ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ စားအုန်းဆီနှင့် ယာဉ်အမျိုးမျိုး၊ အခြားပစ္စည်း များသည် မြန်မာဆိပ်ကမ်းသို့ ရောက်ရှိနေရာ သင်္ကြန်ပြီးနောက် ဧပြီလ ၂၂ ရက်နေ့မှ စ၍ ရွေးထုတ်ရန် အခြေအနေ ဖြစ်လာခဲ့ပါသည်။ သို့မဟုတ်ပါက ဆိပ်ကမ်းခွန် Demurrage ပေးရမည် ဖြစ်ပါသည်။
ပစ္စည်းများ ရွေးထုတ်ပြီးပါက တစ်လအတွင်း ငွေအကျေချေ ရမည် ဖြစ်၍ ဒေါ်လာများ လိုအပ်လာပါသည်။ ထို့ကြောင့် ဒေါ်လာများ ရှာဖွေ ဝယ်ယူကြရာမှ ဝယ်လိုအား (Demand) များလာပါသည်။
(၂)နိုင်ငံတော်၏ ကုန်သွယ်ရေး မူဝါဒအရ အတားအဆီးများ ဖြေလျှော့ ပြီးနောက် ပါမစ် မလိုသော ကုန်ပစ္စည်းများကို သွင်းကုန် လုပ်ငန်းရှင်များက တင်သွင်း လာကြရာမှ ဒေါ်လာ ဝယ်လိုအားများ ပိုမို လာပါသည်။
(၃)ဈေးနှုန်း ပြောင်းလဲမှုများ ရှိသော်လည်း သွင်းကုန် လုပ်ငန်းရှင် များ၏ ဒေါ်လာ လိုအပ်ချက်အရ ရှာဖွေ ဝယ်ယူနေကြရ သဖြင့် ဒေါ်လာများ ဈေးတက် လာပါသည်။
(၄) FEC များကို ပြန်လည် သိမ်းဆည်း နေပြီဖြစ်ရာ အချို့သော ဌာနများသို့ ပေးသွင်းရသည့် အခွန်အခ များကို FEC ဖြင့် ပေးချေနေရာမှ ဒေါ်လာဖြင့် ပြောင်းလဲ ပေးချေ ရသဖြင့် ဒေါ်လာ ဝယ်လိုအား (Demand) ပိုလာပါသည်။
မြင်ကွင်း (၄)
ဒေါ်လာကျပ် ငွေလဲလှယ် နှုန်းကို အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့၏ အကြံပေးချက် အရ ဗဟိုဘဏ်မှ ပြုလုပ်သည့် နေ့စဉ် လေလံပေါ် အခြေခံ၍ နှုန်းရှင် (Managed Float) သတ်မှတ်ပါသည်။ နိုင်ငံခြားငွေ ရောင်းဝယ်ခွင့် လိုင်စင် (Authorized Dealer licence) ရရှိသော ဘဏ်များက မိမိတို့ ရောင်းဝယ်လိုသော ဈေးနှုန်းနှင့် ပမာဏကို မြန်မာနိုင်ငံ ဗဟိုဘဏ်သို့ တင်သွင်း ရပါသည်။ ဗဟိုဘဏ်မှ တစ်ဖန် ပြင်ပ ဝယ်ဈေး၊ ရောင်းဈေးများနှင့် ဘဏ်များက တင်သွင်းသည့် ဈေးနှုန်းနှင့် ပမာဏတို့ကို အခြေခံ၍ သတ်မှတ် ပါသည်။ ဗဟိုဘဏ်မှ နေ့စဉ် သတ်မှတ်သည့်နှုန်း (Reference Rate) ပေါ် အခြေခံ၍ (+ဝ.၈%) ဘောင်အတွင်း ပုဂ္ဂလိက ဘဏ်များအား ဒေါ်လာများကို တရားဝင် ရောင်းဝယ် ခွင့်ပြုပါသည်။ ဗဟိုဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များ၏ ဒေါ်လာ ဝယ်/ရောင်း ဈေးနှင့် ပြင်ပဒေါ်လာ ဈေးကွက်ရှိ ဝယ်ဈေးများပေါ် မူတည်၍ ဒေါ်လာ/ကျပ် လဲလှယ်နှုန်း ဖြစ်ပေါ် ပါသည်။ Exchange Rate များကို CBM Auction တွင် ဝင်ရောက် လာသည့် ဈေးနှုန်းများပေါ် မူတည်၍ နေ့စဉ်သတ်မှတ်ခြင်း ဖြစ်ရာ မြန်မာနိုင်ငံသားများ ဘဏ်ကဲ့သို့သော ဘဏ်မှ နေ့စဉ် ဈေးနှုန်း တက်၍ လေလံဆွဲဝယ် အောင်မြင်နေရာ ဗဟိုဘဏ်၏ Reference Rate မှလည်း နေ့စဉ် တက်နေရာ US $ ဈေးနှုန်း တက်ရခြင်း၏ အကြောင်းအရင်း တစ်ခုလည်း ဖြစ်ပါသည်။
၎/၂ဝ၁၃ မှ ၂၇-၅-၂ဝ၁၃ ထိ ဝယ်ဈေး/ ရောင်းဈေး ပြောင်းလဲမှုကို ပူးတွဲ ပုံစံပြ ဂရပ်များဖြင့် ဖော်ပြ အပ်ပါသည်။
မြင်ကွင်း(၅)
သာမန်ဈေးကွက် အတွင်းရှိ ကုန်စည်များ၏ ဈေးနှုန်းကို ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဝယ်လိုအားနှင့် ရောင်းလိုအား တို့က ပြဋ္ဌာန်း သတ်မှတ် ပေးပါသည်။ ဝယ်လိုအားနှင့် ရောင်းလိုအား အနည်း/အများ အပေါ် မူတည်၍ ဈေးနှုန်းတက်ခြင်း/ ကျခြင်းနှင့် ဈေးနှုန်း တည်ငြိမ်ခြင်း တို့မှာ အောက်ပါအတိုင်း ဖြစ်ပေါ်လေ့ ရှိပါသည်-
(၁) ဝယ်လိုအား > ရောင်းလိုအား ဈေးနှုန်း
(၂) ဝယ်လိုအား < ရောင်းလိုအား ဈေးနှုန်း
(၃) ဝယ်လိုအား = ရောင်းလိုအား ဈေးနှုန်း တည်ငြိမ်ပါမည်။
ထို့အပြင် ဈေးကွက် အတွင်းရှိ ကုန်ဈေးနှုန်းများ၏ အတက်/အကျသည် ဒေါ်လာဈေး ပေါ်တွင် အခြေပြု နေရပါသည်။
ဒေါ်လာဈေး အတက်/အကျသည် ကုန်ဈေးနှုန်းများကို တက်ခြင်း/ကျခြင်း ဖြစ်ပေါ် စေပါသည်။ ထို့ကြောင့် ဒေါ်လာဈေးသည် ကုန်ဈေးနှုန်းများ၏ မိခင် ဈေးနှုန်းဟုလည်း ပြောဆိုကြပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိနှုန်းရှင် မပေါ်မီ (၁-၁ဝ-၂ဝ၁၁) ရက်မတိုင်မီ အထိ ဒေါ်လာ ဈေးသည် ကျပ် ၁ဝဝဝ ကျော်၊ ကျပ် ၁၃ဝဝ ခန့်အထိ ရှိခဲ့ပါသည်။ ထိုအချိန်က ကုန်ဈေးနှုန်း များသည် အစဉ်တစိုက် တက်နေခြင်း ( Inflation) ကြောင့် စားသုံးသူများ (ပြည်သူများ) ထိခိုက် ခဲ့ရပါသည်။ ဝင်ငွေ ကန့်သတ်ချက် ရှိသော ဝန်ထမ်းများနှင့် လက်လုပ် လက်စားများ (ပျံကျများ) ကို ပိုမို ထိခိုက် စေခဲ့ပါသည်။
ထို့ကြောင့် (၁-၁ဝ-၂ဝ၁၁) ရက်နေ့မှစ၍ နိုင်ငံခြား ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်မှ နှုန်းရှင် အဖြစ် စတင်သတ်မှတ် ပြဋ္ဌာန်းခဲ့ရာ တစ်ဒေါ်လာသည် ဝယ်ဈေးကျပ် ၈၃ဝ နှင့် ရောင်းဈေး ကျပ် ၈၃၅ ရှိခဲ့ပါသည်။ ထို့ကြောင့် ကုန်ဈေးနှုန်းများ အတန်အသင့် လျော့ကျ/ တည်ငြိမ် နေခဲ့ပါသည်။
အထက်ပါ မြင်ကွင်း အသီးသီးအရ ဒေါ်လာဈေး မြင့်တက်လာခြင်းသည် ပို့ကုန် လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ ဒေါ်လာဖြင့် လစာ ရရှိကြသော ဝန်ထမ်းများ အတွက် အကျိုး ရှိသည်ကို တွေ့ရှိ ရပါသည်။
စီးပွားရေး လုပ်ငန်းရှင်များ တင်ပြချက်များသည် သက်ဆိုင်ရာ လုပ်ငန်း အသီးသီးတွင် အမှန်တကယ် ကြုံတွေ့နေရသော အခက်အခဲများ လိုအပ်ချက်များ ဖြစ်၍ ၄င်းတို့ ရှုထောင့်မှ ကြည့်လျှင် သဘာဝ ကျပါကြောင်း တွေ့ရပါသည်။ သို့ရာတွင် စီးပွားရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ရှုထောင့်များ သုံးသပ်လျှင် နိုင်ငံ၏ လက်ရှိ စီးပွားရေး အခြေအနေများ ကိုပါ ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါသည်။
စီးပွားရေး မူဝါဒ အဓိက ရည်မှန်းချက်များမှာ- (၁) စီးပွားရေး တိုးတက်မှုနှုန်း (GDPgrowth) မြန်ဆန်ရေး (၈.၉%)
(၂)အလုပ်အကိုင်များ ဖြစ်ထွန်း ပေါ်ပေါက်ရေး (Employment)
(၃) ဆင်းရဲနွမ်းပါးမှု လျှော့ချရေး (Poverty Reduction) နှင့် ဝင်ငွေ ကွာဟမှု လျော့နည်း စေရန်နှင့် မျှတသော ဝင်ငွေများ ဖြစ်ပေါ်စေရေး (Income Distribution) စသည်တို့မှာ အရေး
ကြီးပါသည်။ အဓိက စီးပွားရေး ရည်မှန်းချက်များ ရရှိအောင် မှန်ကန်သော ဘဏ္ဍာရေး မူဝါဒ (Fiscal Policy) နှင့် ငွေရေးကြေးရေး မူဝါဒများ (Monetary Policy) ချမှတ် အကောင်အထည် ဖော်ရန် လိုအပ်လျက် ရှိပါသည်။
ဘဏ္ဍာရေး မူဝါဒတွင် ရင်းနှီးမြှုပ်နှံမှု အပါအဝင် အသုံးစရိတ်ပိုင်း ပြည်တွင်းပြည်ပ ချေးငွေများကို စီမံခန့်ခွဲမှု အပိုင်းနှင့် အခွန်စနစ်၊ အခွန် ကောက်ခံမှုတို့ ပါဝင်ပါသည်။ အခွန်ကောက်ခံမှု ဂျီဒီပီ အချိုး (Tax/GDP ratio) မှာ အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အလွန်နည်း နေပါသည်။ လက်ရှိ (၅-၆) ရာခိုင်နှုန်းမှ အနည်းဆုံး (၁ဝ-၁၅) ရာခိုင်နှုန်း အထိ တိုးတက်လာ စေရန် ဆောင်ရွက် ရပါမည်။ အခွန်ရှောင်မှု၊ အခွန်မဆောင်မီ (Tax Avoidance/Tax Evasion) အခွန်ကောက်ခံမှုတွင် မသမာမှု၊ လာဘ်စားမှုများ (Corruption) ပပျောက်အောင် အထူး စီမံကိန်း တစ်ရပ် ချမှတ် အကောင်အထည် ဖော်ရန် လိုအပ်ပါသည်။
စီးပွားရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်ရာတွင်လည်း အလျင်စလို ဆန္ဒစော လုပ်ဆောင်မှုများကို ရှောင်ကြဉ်၍ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေ အရပ်ရပ်နှင့် လိုက်လျော ညီထွေ ဖြစ်စေရန် လက်တွေ့ကျကျ ဆောင်ရွက် သင့်ပါသည်။
ကျပ်ငွေ လဲလှယ်နှုန်းကို ချခြင်းဖြင့် (Devaluation) ပို့ကုန်များ တိုးတက် လာဖွယ်ရာ ရှိသည်ဟု တင်ပြချက်မှာ အတိုင်းအတာ တစ်ခုအထိ စီးပွားရေး သဘောတရား တစ်ခုအနေနှင့် လက်ခံနိုင်ဖွယ်ရာ ရှိသော်လည်း အခြား တစ်ဖက်တွင် ကျပ်ငွေဖြင့် သင့်သည့် သွင်းကုန် ပစ္စည်းအားလုံး၏ (စားသုံးကုန်၊ ကြားကုန်၊ ရင်းနှီးကုန်များ) ကျပ်ငွေ ကုန်ကျ စရိတ်များ ပိုမိုတိုးလာမည် ဖြစ်ပါသည်။ သွင်းကုန်များ၏ ကျပ်ငွေ ကုန်ကျစရိတ် တိုးတက်လာ၍ နိုင်ငံပိုင်နှင့် ပုဂ္ဂလိက ကဏ္ဍများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၊ လောင်စာ ဈေးနှုန်းများမှာလည်း ကုန်ကျစရိတ် အချိုးအစားထက် ပို၍ တိုးမြင့် လာပါမည်။ ဤအချက်မှာ မရှောင်လွှဲ နိုင်သော စီးပွားရေး လုပ်ငန်းများ၏ ဈေးနှုန်း သတ်မှတ်ခြင်း သဘောတရား ဖြစ်ပါသည်။ ၂ဝ၁၂-၂ဝ၁၃ (ဧပြီ- ဒီဇင်ဘာ) အထိ ကာလ အတွင်း သွင်းကုန် တန်ဖိုး ဒေါ်လာ ၆၇၇၄.၄ သန်း၊ ပို့ကုန်တန်ဖိုး ၆၆၄၁.၃ သန်းရှိပြီး သွင်းကုန် တန်ဖိုးများမှာ ပို့ကုန် တန်ဖိုးထက် ဒေါ်လာ ၁၃၃ သန်း ပိုမို များပြားခဲ့ကြောင်း တွေ့ရပါသည်။ မိမိတို့ နိုင်ငံ အနေဖြင့် သွင်းကုန် တန်ဖိုး ပိုမိုများပြားနေသော အခြေအနေ မျိုးတွင် ဒေါ်လာ/ကျပ်ငွေ တန်ဖိုး ပြောင်းလဲမှု (Devaluation/ Depreciation) မှ ပေါ်ထွက် လာမည့် အကျိုးအမြတ်နှင့် အခြားတစ်ဖက်တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာမည့် အကျိုးဆက် များကို နှိုင်းယှဉ်ချိန် ထိုးရန် လိုအပ်မည်ဟု ယူဆပါသည်။
နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြဿနာများကို ဖြေရှင်းရာတွင် ဘက်စုံ ရှုထောင့် အထွေထွေမှ ဓမ္မဓိဋ္ဌာန် ကျကျ (Holistic Approach) စဉ်းစား သုံးသပ်ရပါမည်။ စီးပွားရေး လုပ်ငန်း တစ်စု၊ လုပ်ငန်းစုတစ်စု (Interest Group) အကျိုးစီးပွား အတွက် ကွက်၍ စဉ်းစားခြင်းမျိုး မဖြစ်သင့်ပါ။ တစ်နိုင်ငံလုံး လူမှုအဖွဲ့အစည်း တစ်ခုလုံး စီးပွားရေးစနစ် တစ်ခုလုံး အတွက် ခြုံငုံစဉ်းစားမှ သာလျှင် ရေရှည်တည်တံ့ ခိုင်မြဲပြီး တရားမျှတမှု ရှိနိုင်မည် ဖြစ်ပါသည်။ အထူးသဖြင့် စီးပွားရေး မူဝါဒများ ချမှတ်ရာတွင် မက်ခရို-မိုင်ခရို (Macro-Micro) ရှုထောင့်များမှ ပြည့်ပြည့်စုံစုံ စဉ်းစားပြီးမှ ဆောင်ရွက် သင့်ပါသည်။
ပို့ကုန်များမှ ရရှိလာမည့် ကျပ်ငွေများ တိုးတက်လာမည် ဖြစ်၍ ကျပ်ငွေအမြတ် အစွန်းများ ပိုလာပြီး လယ်ယာထွက် သီးနှံဝယ်ဈေးများ ပိုမိုပေးနိုင်မည် ဖြစ်ကြောင်း တောင်သူ လယ်သမားများ လယ်ယာထွက် သီးနှံ ဈေးနှုန်းများ ဈေးပိုရ၍ ပိုမို စိုက်ပျိုးနိုင်ဖွယ် ရှိကြောင်း ပို့ကုန်များ တိုးတက်လာမည် ဖြစ်ကြောင်း တွေ့ရှိရပါသည်။
လယ်ယာထွက် သီးနှံများ ထုတ်လုပ်မှု တိုးတက်သင့်သလောက် မတိုးတက်ခြင်းတွင် လယ်ယာ ထွက်သီးနှံများ ဝယ်ဈေး၊ ပို့ကုန် ဈေးနှုန်းများနှင့် အတိုင်းအတာ တစ်ခုအထိ သက်ဆိုင်ပါသည်။ လယ်ယာသီးနှံများ ထုတ်လုပ်ရာတွင် အခက်အခဲများ ဖြစ်သည့် မျိုးစေ့၊ ဓာတ်မြေသြဇာများ ရရှိမှု၊ ရေရရှိမှု၊ လယ်လုပ် ကိရိယာများ၊ စိုက်ပျိုးရေး နည်းစနစ်များ၊ နည်းပညာ အသုံးပြုမှု တို့နှင့် ပို၍ သက်ဆိုင်ပါသည်။ ထုတ်လုပ်ပြီးသော သီးနှံများ တင်ပို့ရာတွင် အရည်အသွေး ကောင်းမွန်ရေးနှင့် ဈေးကွက် ရရှိရေးသည် အဓိက ကျပါသည်။ ဒေါ်လာဈေး မည်မျှပင် ရှိနေစေကာမူ၊ ဆန်ဈေး မည်မျှပင် ကောင်းနေ စေကာမူ ဈေးကွက် မရရှိပါက တင်ပို့ ရောင်းချနိုင်မည် မဟုတ်ပေ။ ရောင်းချရာတွင် ဈေးကောင်း ရရှိမှုသည် အရည်အသွေးနှင့်သာ သက်ဆိုင်ပါသည်။
သာဓက တစ်ခုမှာ မကြာမီက ဆန်တန်ချိန် တစ်သန်းကျော် ပို့နိုင်ပါသည်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ဆန်ပို့ကုန် စံချိန် ဖြစ်ပါသည်။ ဈေးကွက် ရရှိသဖြင့်သာ တင်ပို့ ရောင်းချနိုင်ခြင်းဖြစ်ပါသည်။
ပြိုင်ဘက်နိုင်ငံ များနှင့် ယှဉ်ပြိုင်မှုတွင် ကုန်ပစ္စည်း ထုတ်လုပ်မှု၊ အရည်အသွေး ကောင်းမှု၊ ပို့ကုန် တိုးမြှင့်လာမှု တို့တွင် အခြေခံ ကျသော ပြဿနာများ (Structural Problems) နှင့် ထုတ်လုပ်မှုပိုင်း ဆိုင်ရာ ပြဿနာများ (Supply Side Problems) အရေးပါမှု တို့သည် အဓိက အချက်များ ဖြစ်ပါသည်။ သို့ပါ၍ ပို့ကုန် တိုးတက်ရန် အတွက် ထုတ်လုပ်မှု အရည်အသွေး၊ ဈေးကွက်နှင့် ယှဉ်ပြိုင် နိုင်မှုများ၏ အတိမ်အနက်ကို သုတေသနပြု၍ ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ် အဖြေရှာ သင့်ပါသည်။ ပို့ကုန်တိုးတက် ထုတ်လုပ်၊ တင်ပို့နိုင်ရေး အတွက် ဒေါ်လာဈေးအား ဆွဲတင်ခြင်းမှာ အဖြေမှန် မဟုတ်ကြောင်း တွေ့ရှိရပါသည်။
ဒေါ်လာဈေး မြင့်တက်ခြင်းသည် ပို့ကုန် လုပ်ငန်းရှင်နှင့် ထုတ်လုပ်သူများ အတွက် အကျိုး ရှိသော်လည်း သွင်းကုန် တင်သွင်းသူများနှင့် စားသုံးသူများ အတွက် ထိခိုက်စေပါသည်။ သွင်းကုန် လုပ်ငန်းရှင်သည် ဒေါ်လာဈေး တက်ခြင်းကြောင့် ထိခိုက်မှု များလာလျှင် ၄င်းတို့၏ သွင်းကုန်များအပေါ် ဈေးတင် ရောင်းချခြင်းဖြင့် ထိခိုက်မှုကို ကာကွယ်မည် ဖြစ်ပါသည်။ ထိုအခါတွင် ဒေါ်လာဈေး မြင့်တက်ခြင်းကြောင့် ကုန်ဈေးနှုန်း မြင့်တက်လာသည့် ဒဏ်ကို စားသုံးသူများ ကသာ အဓိက ခံစားရမည် ဖြစ်ပါသည်။
စားသုံးသူဟု ဆိုရာတွင် ပို့ကုန် လုပ်ငန်းရှင်များ၊ ပြည်တွင်း ထုတ်လုပ်သူ၊ သွင်းကုန် လုပ်ငန်းရှင် တို့သည်လည်း ပါဝင်ပါသည်။ ပို့ကုန် လုပ်ငန်းရှင်နှင့် ပြည်တွင်း ထုတ်လုပ်သူများသည် ဒေါ်လာဈေး တက်လာသည့် အကျိုးကို ခံစားရပြီး ပြည်တွင်း ကုန်ဈေးနှုန်း တက်ခြင်းကြောင့် ထိခိုက်မှုကိုလည်း ခံစားရသဖြင့် မျှတ နိုင်ပါသည်။ သွင်းကုန် လုပ်ငန်းရှင်သည် ဒေါ်လာဈေး တက်ခြင်းကြောင့် သွင်းကုန် ဈေးကိုတင်၍ ပြန်လည် ရောင်းချ နိုင်ခြင်းကြောင့်လည်း ထိခိုက်မှုကို နည်းအောင်/မရှိအောင် ကာကွယ်သွားမည် ဖြစ်ပါသည်။
သို့ပါ၍ ဒေါ်လာဈေးများစွာ မြင့်တက်လာခြင်းကြောင့် ထိခိုက်မှုကို အများဆုံး ခံစားရမည့် သူများမှာ ဝင်ငွေကန့်သတ်ချက် ရှိသော ဝန်ထမ်းများ၊ လက်လုပ် လက်စားများ၊ အောက်ခြေ လူတန်းစားများသာ ဖြစ်ပါသည်။ ယခု ဒေါ်လာဈေး တက်ရခြင်းသည် ဈေးကွက် အတွင်းရှိ ဝယ်လိုအားနှင့် ရောင်းလိုအားက ပြဋ္ဌာန်း သတ်မှတ်ခြင်းကြောင့် ဈေးတက်ရခြင်းမျိုး မဟုတ်ဘဲ
ဆွဲတင်သကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် များစွာ တက်ရခြင်းမျိုး ဖြစ်နေပါသဖြင့် ဈေးကွက် တည်ငြိမ်မှုကိုလည်း ထိခိုက်စေမည် ဖြစ်ပါသည်။ ဒေါ်လာဈေးနှုန်း မြင့်တက်မှု လျင်မြန်နေပါက ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့်လည်း ရောင်းမှား/ဝယ်မှား ဖြစ်နိုင်သဖြင့် လုပ်ငန်းများ တုံ့ဆိုင်း နှေးကွေး လာနိုင်ပါသည်။ ထို့အပြင် ငွေကြေး ဈေးကွက်တွင် သာမက ဒေါ်လာနှင့် ဆက်နွှယ်နေသော ကုန်စည် ဈေးကွက် အတွင်းရှိ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ စက်သုံးဆီ စသည့် ဈေးနှုန်းများပါ တက်လာမည့်အပြင် ဝန်ဆောင်မှု ကဏ္ဍ ဈေးနှုန်းများပါ တက်လာမည် ဖြစ်ပါသည်။ သာဓက အနေဖြင့် မေလဆန်းမှ မေလ တတိယပတ် ကာလအတွင်း ငစိန်ဆန် တစ်ပြည် ၆၂ဝ ကျပ်မှ ၆၅ဝ ကျပ်သို့ လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာ ၁၄ဝ၃ ကျပ်မှ ၁၅၅ဝ ကျပ်သို့ လည်းကောင်း၊ ဓာတ်ဆီ တစ်ဂါလန် ၃၇၈၅ ကျပ်မှ ၃၉၁ဝ ကျပ်သို့ လည်းကောင်း၊ ဘိလပ်မြေ တစ်အိတ် ၅၆ဝဝ ကျပ်မှ ၆၃ဝဝ ကျပ်သို့ လည်းကောင်း ဈေးနှုန်း မြင့်တက်လာသည်ကို တွေ့ရှိ ရပါသည်။
ဝန်ထမ်းများ၏ လစာငွေတွင် ၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစပြီး ထောက်ပံ့ကြေး ၃ဝ,ဝဝဝ ကျပ်အား နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့ရာ ဝန်ထမ်းများ များစွာ အဆင်ပြေခဲ့ပါသည်။ ထိုစဉ် ကာလတွင် ဒေါ်လာဈေး/ ကုန်ဈေးနှုန်း မှာလည်း အထိုက်အလျောက် တည်ငြိမ်မှု ရှိနေခဲ့ပါသည်။ ထပ်မံ၍ ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစပြီး ဝန်ထမ်းများ၏ လစာငွေအား ၂ဝ,ဝဝဝ ကျပ် တိုးမြှင့် ပေးခဲ့ပြန်ပါသည်။ ဧပြီလကုန် လစာထုတ်စဉ် လစာတွင် ၂ဝ,ဝဝဝ ကျပ် ပိုမို ရရှိခဲ့သော်လည်း မေလတွင်ပင် ဈေးနှုန်းတက်သည့် အချိန်နှင့် ကြုံကြိုက် နေသဖြင့် လစာကျပ် ၂ဝ,ဝဝဝ တိုးပေးခြင်းကို အပြည့်အဝ မခံစားရသည်ကို တွေ့ရှိရပါသည်။
၂ဝဝ၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဘဏ်ချေးငွေ အတိုးနှုန်း ၁၇ % ရှိရာမှ လုပ်ငန်းရှင် များ၏ စေ့ဆော်မှုကြောင့် ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ၁၅ % သို့လည်းကောင်း၊ ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ၁၃% သို့ လည်းကောင်း အတိုးနှုန်းများ လျှော့ချ ပေးခဲ့သဖြင့် ဘဏ်များတွင် ချေးငွေများ ပိုမို ထုတ်ယူခဲ့ကြပါသည်။ သို့သော် မျှော်လင့် ထားသကဲ့သို့ လုပ်ငန်း ယှဉ်ပြိုင်နိုင်မှု (Competitiveness) မှာ တိုးတက်လာခြင်း မရှိပါ။ ကုန်ထုတ်လုပ်မှု/ ပို့ကုန် များလည်း သိသာစွာ တိုးတက်လာခြင်း မရှိခဲ့ပါ။ ပြည်ပ လုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်ရန်မှာ နည်းပညာ ရရှိမှု၊ ကျွမ်းကျင်မှု၊ စီမံခန့်ခွဲမှု၊ ကုန်ပစ္စည်း အရည်အသွေးနှင့် ဈေးနှုန်းယှဉ်ပြိုင်နိုင်မှု၊ ဈေးကွက် သုတေသန စနစ်တကျ ဆောင်ရွက်နိုင်မှု စသည့် သွင်းအားစုများ အပေါ်မူတည်ပါသည်။ ထုတ်လုပ်မှု ကုန်ကျစရိတ် ကျဆင်းရေးမှာ ဘဏ်အတိုးနှုန်း တစ်ခုတည်းပေါ်တွင် မူမတည်ကြောင်း တွေ့ရပါသည်။
အင်တာနက် စာမျက်နှာပါ ဒေါ်လာ ဈေးတိုးတက်ခြင်း အပေါ် သူတို့အမြင် ဆောင်းပါး တစ်ပုဒ်တွင် စီးပွားရေး ပညာရှင်များ၊ လုပ်ငန်းရှင်များ ဖြစ်ကြသော ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာ အောင်ကိုကို၊ ဒေါက်တာ မောင်မောင်လေး၊ ဒေါက်တာ မောင်မောင်စိုး ၊ ဦးကြည်မြင့် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးချစ်ခိုင် (မြန်မာနိုင်ငံ ဆန်စပါးအသင်း ဥက္ကဋ္ဌ)၊ ဦးဝင်းအောင် (မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ) တို့၏ အမြင်များကို ကောက်နုတ် ဖော်ပြထားရာတွင် ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် ထုတ်ကုန် လုပ်ငန်းရှင်များ အတွက် ပိုကောင်းကြောင်း၊ ဒေါ်လာနှင့် လစာရသူများ အတွက် ပိုကောင်းကြောင်း သို့သော် နိုင်ငံသား အများစု အတွက် မကောင်းကြောင်း၊ ပြည်သူများ အတွက် မည်သည့် အကျိုးကျေးဇူးမျှ မရှိကြောင်း၊ ဈေးနှုန်း တည်ငြိမ်နေပါက နှစ်ဦးနှစ်ဖက် မျှတပြီး အကျိုးရှိနိုင်ကြောင်း၊ စီးပွားရေး လုပ်ရာတွင် ကြိုတင်ခန့်မှန်း နိုင်မှု အနေအထား ခက်ခဲသောကြောင့် တစ်ခုမျှ မကောင်းကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ များ အတွက် အတွက်အချက် မှားနိုင်ကြောင်း၊ စီးပွားရေးအမြင် အရ မကောင်းကြောင်း ကိုသာ အလေးထား ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
အထက် ဖော်ပြပါ မြင်ကွင်းများ၊ တွေ့ရှိချက်များ၊ သာဓကများအရ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ငွေကြေးဈေးကွက် ဖြစ်ထွန်း ပေါ်ပေါက်လာစေရန် လွှတ်တော်နှစ်ရပ်မှ ဆွေးနွေး၍ (Security Exchange Law) ကို ပြဋ္ဌာန်း အတည်ပြုရန် ပြင်ဆင် ဆောင်ရွက်နေချိန်တွင် လည်းကောင်း၊ ဗဟိုဘဏ်မှ IMF ၏ အကြံပြုချက်အရ ရန်ကုန် နိုင်ငံခြားသုံးငွေ ဈေးကွက် (Yangon Foreign Exchange Market) ကို အကောင်အထည်ဖော် ဆောင်ရွက် နေချိန်တွင် လည်းကောင်း၊ ဒေါ်လာကျပ်ငွေ လဲလှယ်နှုန်း များကို ကစားခြင်း (Manipulate)၊ လူတန်းစား တစ်ရပ် သို့မဟုတ် လူဦးရေ အနည်းစုအကျိုး မျှော်ကိုးပြီး ငွေလဲလှယ်နှုန်းကို ဆွဲတင်ခြင်း၊ ဗဟိုမှ ထိန်းချုပ်ရန် စီမံခြင်း စသည့် လုပ်နည်း လုပ်ဟန်များကို ပြန်လည် အသက်မသွင်း သင့်ကြောင်း တွေ့ရှိ ရပါသည်။
သို့ဖြစ်ပါ၍ ယခု ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှုန်း လျင်မြန်စွာ မြင့်တက်နေခြင်းကို အချိန်မီ ထိန်းသိမ်း နိုင်မည့် နည်းလမ်းများ ရှာဖွေ၍ လူဦးရေ အများစု အကျိုးစီးပွားနှင့် နိုင်ငံတော်၏ စီးပွားရေး ရည်မှန်းချက်ကို အထောက်အကူ ပြုနိုင်မည့် သင့်လျော်သည့် ဈေးနှုန်းသို့ ရောက်ရှိရေး ဆောင်ရွက် သွားသင့်ပါကြောင်း ရေးသား လိုက်ရပါသည်။
မောင်မွှေး
မြ၀တီ
No comments:
Post a Comment