Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 18, 2013

မရေးချင်တဲ့ ဘ၀သရုပ်ဖော်

လူသူလေးပါး
ဟက်ဟက်ပက်ပက် ကြပ်ခဲနေတဲ့
လမ်းမတစ်ခုရဲ့ နံဘေးမှာ
သူမဟာ အလုံးအဖန်တောင့်တင်းတဲ့
မာလကာသီးတွေကို ဖြန့်ခင်းလို့
ဝမ်းရေးကိုရှင်းတယ်။

သူမဟာ ဈေးသည်တစ်ယောက်ရဲ့
အင်္ဂါရပ်အပြည့်
ဝေ့ခနဲ ကြည့်လိုက်တဲ့ မျက်လုံးတွေကိုတောင်
အပြုံးနဲ့ခွံ့လို့ကြိုတယ်။

တစ်လုံးကုန်ရင်
စိတ်ထဲမှာ တစ်ခါတေးထား
ဆယ်လုံးကုန်တော့ ဆန်ဖိုးတော့ သီသီကလေးရပြီ
အပြုံးကတစ်ဖက် စိတ်တွက်က
အိမ်ကလေးရဲ့ မီးဖိုချောင်
လက်ကြောတင်းအောင်သောက်တဲ့
ယောက်ျားအတွက် အရက်ဖိုး
နေ့ပြန်တိုးနဲ့ လူမမယ်လေးရဲ့
အနာဂတ်ကိုငေးလို့။

သူမဟာ ၄၀ ပြည့်ရန် ငါးမိနစ်အလို
အလှနဲ့ လောကဓံ နှစ်နံစပ်လို့
မျက်နှာပေါ် အဆီတွေနဲ့ ကျိချောလို့နေပေါ့။

နေတစ်ဝက်ထိုးလာတော့
လူကြမ်းသရုပ်ဆောင်လို
ခပ်ကြမ်းကြမ်းဟိတ်လုံးတွေနဲ့
သူမရဲ့ ယောက်ျား
အရက်တစ်လုံးဖိုးကိစ္စ ရောက်လာတယ်။

သူမက
ဒီနေ့ရဲ့ ဈေးကွက်အနေအထား
နေကလည်း မတရားပူနေတုန်းပဲ အစ်ကိုရယ်
နေညိုရင် အစ်ကိုလိုချင်တာ အဆင်သင့်
ကျွန်မပြင်ဆင်ပေးပါ့မယ်တဲ့
အမှားကျူးမိတဲ့ ကျွန်တစ်ယောက်လို
မျက်နှာကို အောက်ချ။

စက္ကန့်ရဲ့ တစ်ရွေ့မှာ
သူမရဲ့ ပါးပြင်ပေါ် ဆိုင်ကလုန်းက ကျလာတယ်
အစာအိမ်ကို ပေလိုနှက်လိုက်သလိုမျိုး
ခင်းထားတဲ့ စားပွဲကို ပြောင်းပြန်လှန်ချ
ကျလာတဲ့ငွေစတွေကို မလွတ်အောင် ခဲလို့
ငါ့ကို ဒီအချိုးမျိုး လာမချိုးနဲ့တဲ့။

သူမကတော့
မြေပြင်ပေါ်လိမ့်နေတဲ့
မာလကာသီးတွေကိုပဲ ငေးလို့ပေါ့။

ဒီလိုလင်မျိုး နင်မို့လို့ အသေခံပေါင်းနေရသေးတယ်
သူမကတော့ ဘာဆိုဘာမှ မပြောနိုင်ရှာဘူး
ယောက်ျားဆိုတဲ့အမျိုးက
ကိုယ်ကပြန်ကြမ်းပြမှ ငြိမ်တာဟဲ့
ဘ၀ဖော်တွေက ကျီးတွေလို ၀ိုင်းအာကြပေမယ့်
သူမကတော့ ဘာဆိုဘာမှ မပြောနိုင်ရှာဘူး။

သူမဟာ တည်ငြိမ်စွာနဲ့ပဲ
လွယ်အိတ်ထဲ မာလကာသီးကိုစိပ်တဲ့
ဓါးကို ထည့်လိုက်တယ်။

ညနေခင်းထဲ လွတ်လွတ်ကျွတ်ကျွတ်
လေညှင်းခံထွက်လာသလို
အေးဆိတ်စွာ လျှောက်လို့
အိတ်ထဲက ဓါးကို
တင်းတင်းရစ်ရစ် ဆုပ်ကိုင်လို့
သူမကတော့
ဘာဆိုဘာမှ ပြောဆိုလိုက်ပုံမပေါ်ဘူး။

ဝက်ရဲ့နံကြား စိုက်ချလိုက်သလို
အရက်နဲ့မုန်ယိုနေတဲ့ လည်ချောင်းထဲ
ဓါးကိုစိုက်ချ
လောကကို ကန့်လန့်ဖြတ်လိုက်တယ်။

သူမဟာ တည်ငြိမ်စွာနဲ့ပဲ
သွေးနဲ့ မထိဖူးတဲ့ ဓါးခမျာ
တဆတ်ဆတ် တုန်ခါလို့နေရဲ့။

အလန့်တကြား ထမြည်လာတဲ့ ၀ီစီသံဟာ
သူမရဲ့ သမာဓိကို မတွန်းလှန်နိုင်ဘူး
မမြင်ရတော့မဲ့ နေ့တွေကို အကြောင်သားငေးလို့
လက်ကောက်သံ တချွင်ချွင်နဲ့
ကမ်းခြားသွားတဲ့ ဘ၀ဆီ
ဆက်လျှောက်သွားတယ်။

ညနေစောင်းလာတော့
မှောင်နဲ့အတိ အိမ်ကလေးထဲ
ကလေးတစ်ယောက်ရဲ့ မျှော်လင့်ခြင်းကို
အနာဂတ် ကျားရိုင်းတစ်ကောင်က
ကိုက်ချီသွားလေရဲ့။ ။
လွှမ်းရုံ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း
အမှတ်၁၁၊မတ် ၂၀၀၇

No comments:

Post a Comment