"မြန်မာနိုင်ငံသည် မိခင် ဧရာဝတီသည်မရှိမဖြစ်အရေးပါသကဲ့သို့ မှော်ဝန်းချောင်းမှာ
လည်းသုံးခွမြို့ ၏မိခင်သဖွယ်အရေးပါလှပါသည်။
မြန်မာသမိုင်းမတိုင်ခင်ကာလထဲက မိခင်ဧရာဝတီ တည်ရှိပြီးဖြစ်ခဲ့သည်၊ ထိုနည်းတူပင်
သုံးခွမြို့ မတည်ခင် ရှေးကာလများစွာကထဲက မှော်ဝန်းချောင်းမှာလည်းတည်ရှိပြီးဖြစ်
ပါသည်။ လူနှင့် သတ္တ၀ါ တို့ သည်သဘာဝကပေးအပ်သောအရင်းအမြစ်များကိုမှီခို၍
ရှင်သန်အသက်မွေးခဲကြရပါသည်။
ယခုအခါသဘာဝမှပေးအပ်ခဲ့သော အရင်းအမြစ်တစ်ခုဖြစ်သောမှော်ဝန်းချောင်းမှာလုံးဝ သိမ်ကောပပျောက်တော့မည်အန္တရယ်နှင်ရင်ဆိုင်နေရပါသည်။ မြန်မာတို့ ၏ မိခင်ဧရာဝတီ
ကိုအချိန်မှီကယ်တင်နိုင်ခဲ့ သလို သုံးခွသားတို့ ၏ မိခင်မှော်ဝန်းချောင်းကိုလည်အချိန်မှီ
ကယ်တင်နိုင်ရန် အထူးအလေးထားဖော်ပြပေးလိုက်ပါသည်။"
မှော်ဝန်းမြေမှ ငိုရှိုက်သံများ
မြို့တည်ရာဇ၀င် (ရာဇ၀င်ကပြောသော သုံးခွမြို့တည်ရာအကြောင်း)
ယခု သုံးခွမြို့တည်ရာဒေသသည် စစ်တောင်းမြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်။ ချောင်း၊ မြောင်း၊ အင်းအိုင်များ ပေါများပြီး ရေငံသစ်တောကြီးများ ဖုံးလွှမ်းလျှက်ရှိသည်။ သားရဲတိရစ္ဆာန်များ ခိုအောင်းခဲ့သဖြင့် မြို့နယ်အတွင်း ခွာတော်အိုင်၊ ဥယျာဉ်တော၊ ကျားဝင်း စသည့်အမည်များ ယခုတိုင် တည်ရှိနေပေသည်။
သန်လျင်ဘောချောင်းသည် ယခု ပုလဲရွာ(ယခင်ပတ်လက်ရွာ)မှ ဖြတ်သန်းပြီး ညောင်နီ ချောင်း၊ နံယောချောင်းတို့နှင့် ဆက်လျှက် သုံးခွကိုဖြတ်ကျော်ကာ ဘုရားကြီးမှ တဆင့် အရှေ့မုတ္တမ ပင်လယ်ကွေ့သို့ ပေါက်ရောက်စီးဆင်းခဲ့ကြောင်း ပထ၀ီအနေအထားက ဖေါ်ပြလျှက်ရှိသည်။ မှော်ဝန်းချောင်းသည် ယခု သုံးခွမြို့တည်ရာတွင် လာရောက်ပေါင်းဆုံကာ ချောင်းသုံးခွဖြစ်ပေါ်ခဲ့ပြီး ရေလမ်း၊ ကုန်းလမ်း ကူးသန်းရောင်းဝယ်ရေးစခန်းသာ ဖြစ်ခဲ့လေသည်။
“ဥသြပျံကျ တည်သုံးခွ’’ ဟု ဆိုရိုးစကားအရ မြန်မာသက္ကရာဇ် ၁၁၅၂ ခုနှစ်တွင် သုံးခွမြို့ကို စတင်တည်ထောင်ခဲ့ပါသည်။ မြို့တည်သက် နှစ်ပေါင်း(၂၂၁)နှစ်ကျောင်ပြီဖြစ်သော သုံးခွမြို့ကို မှော်ဝန်းချောင်းအနောက်ဘက် “လှေရုံပိုင်း” (ယခုအနောက်ဘက်ကမ်း ၅ ရပ်ကွက်) ချောင်းသုံးခွ ဆုံရာနေရာမှ စတင်တည်ထောင်ခဲ့ကြောင်း၊ ရေစီးရေလာကောင်းမွန်သော မှော်ဝန်းချောင်းနံဘေး ညီညာကျယ်ဝန်းသော သောင်ဆိပ်တွင် အညာလှေကြီးများဆိုက်ကပ်၍ ကုန်သွယ်ရောင်းဝယ်မှု ပြုကြသဖြင့် “လှေရုံပိုင်း” အမည်တွင်ခဲ့သည်ဟု ဆိုရိုးရှိပါသည်။ သက္ကရာဇ် ၁၁၁၃ ခုနှစ်၊ ညောင်ရမ်းဆက် အင်းဝပျက်၍ အလောင်းမင်းတရားဦးအောင်ဇေယျသည် မြင်းရည်တပ်ခြောက် ကျိပ်ရှစ်ယောက်သော သူရဲကောင်းများနှင့်အတူ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ရန် တိုင်းရင်းသားစည်းလုံးရေးအတွက် နယ်မြေများကို နည်းမျိုးစုံဖြင့် သိမ်းသွင်းခဲ့ရပေသည်။ ၁၁၁၅ ခုနှစ်တွင် ရတနာသိင်္ဃ ကုန်းဘောင်ပြည်ကြီးကိုတည်၍ ၎င်းနှစ်တွင်ပင် အင်းဝကိုသိမ်းသည်။ ၁၁၁၆ ခုနှစ်တွင် ဒဂုံမြို့(ယခုရန်ကုန်)ကိုသိမ်းသည်။ ၁၁၁၇ ခုနှစ် သန်လျင်မြို့သိမ်းတိုက်ပွဲများကို ပြင်းထန်ခက်ခဲစွာတိုက်ခဲ့ရာ သန်လျင်ဘောချောင်းမှ သုံးခွ ဘုရားကြီးကျေးရွာအထိ သမိုင်းဝင် တိုက်ပွဲများအတွင်း သေနာပတိ သေနက်ဝန်မင်းကျဆုံးသော်လည်း တိုက်တိုင်း အောင်မြင်ခဲ့သည်။ ပေါ်တူဂီ ကိုလိုနီနယ်ချဲ့ ဒီဗရစ်တို(ငဇင်ကာ)ကိုလည်း ရေကြောင်းမှ တိုက်ထုတ်အောင်မြင်ရာ ဒေသအဖြစ်လည်း သမိုင်းအထောက်အထားများအရ သိရှိခဲ့ရပါသည်။
တည်နေရာ၊ အကျယ်အ၀န်း၊ လူဦးရေနှင့် စိုက်ပျိုးမြေဧက
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်တွင်တည်ရှိပြီး အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့ အနောက်ဘက်တွင် သန်လျင်မြို့နယ်၊ တောင်ဘက်တွင် ကျောက်တန်းမြို့နယ်၊ မြောက်ဘက်တွင် ခရမ်းမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိ၍ ဧရိယာအကျယ်အ၀န်းမှာ (၃၂၂.၅၈)ဧရိယာစတုရန်းမိုင် ကျယ်ဝန်းပြီး မြို့ပေါ်(၁၂)ရပ်ကွက်၊ ကျေးရွာပေါင်း(၆၄)ရွာ၊ ကျေးရွာအုပ်စု(၁၆၆)အုပ်စုဖြင့် ဖွဲ့စည်း တည်ထောင်ထားပါသည်။ တစ်မြို့နယ်လုံး၏ လူဦးရေစုစုပေါင်းမှာ(ကျား/မ) (၁၅၈၈၃၆)ဦးရှိပြီး ကျားဦးရေ(၇၆၇၁၃)ဦး၊ မဦးရေ(၈၂၁၂၃)ဦးရှိ၍ စိုက်ပျိုးမြေဧက(၁၃၉၉၉၆)ဧကရှိပြီး မိုးရာသီတွင် မိုးစပါးကို အဓိကထား၍ ဆောင်းရာသီတွင် ဆောင်းသီးနှံ ပဲတီစိမ်းကို အဓိကထားစိုက်ပျိုးပြီး စိုက်ပျိုးရေးကိုအခြေခံ၍ ရောင်းဝယ်ဖေါက်ကား စည်ပင်သော မြို့တစ်မြို့ ဖြစ်ပါသည်။
ရေထိန်းတံခါးကြီး (၃)စင်းနှင့် သုံးခွမြို့
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် လယ်ယာစိုက်ပျိုး ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ရေထိန်းတံခါးကြီး(၃)စင်းအား ဆောက်လုပ်ခဲ့ရာမှ သုံးခွရေထိန်း တံခါးကို ၂၀၀၅ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင်လည်းကောင်း၊ တကောရေထိန်းတံခါးနှင့် ကဒပ္ပနရေထိန်း တံခါးတို့ကို ၂၀၀၆ ခုနှစ်တွင် စတင် အကောင်အထည်ဖေါ် တည်ဆောက်၍ သုံးခွရေထိန်းတံခါးကို ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်းကောင်း၊ တကောရေထိန်းတံခါးကို ၂၀၀၈ ခုနှစ်နှင့် ကဒပ္ပန ရေထိန်းတံခါးကို ၂၀၀၉ ခုနှစ်များတွင် အသီးသီး တည်ဆောက်ပြီးစီး ဖွင့်လှစ်ခဲ့ပါသည်။ အဓိကပင်မရေစီးကြောင်း၏ စီးဆင်းရာ မှော်ဝန်း၏ လက်တက်(၃)ခုစလုံးကိုပိတ်၍ ရေထိန်းတံခါး (၃)ခုကို ပြုလုပ်ခြင်းနှင့် သဘာဝရေစီးကြောင်းအတိုင်း စီးဆင်းနေသောချောင်းမှ ဖေါက်ချောင်း ပြုလုပ်၍ ရေလမ်းကြောင်းပြောင်း စီးဆင်းစေခြင်းတို့ကြောင့် ကျေးရွာတစ်ချို့ရှိ လယ်မြေအိမ်ခြေ များနှင့် မြို့ပေါ်ရပ်ကွက်အချို့ရှိ အိမ်ခြေများမှာ ပျက်စီးဆုံးရှုံးခဲ့ပါသည်။ ရေတံခါးအထက်ပိုင်းရှိ ကျေးရွာများမှာလည်း မိုးရာသီတွင် ရေကောင်းစွာမနှုတ်ပေးနိုင်သဖြင့် စိုက်ပျိုးမြေဧကများစွာ နှစ်စဉ် ရေလွှမ်းမိုးမှုဒဏ်ကြောင့် စိုက်ပျိုးသီးနှံများစွာ ပျက်စီးဆုံးရှုံးသည်ဒဏ်ကို လယ်သမားများ နှစ်စဉ် ကြုံတွေ့ ခံစားနေရပါသည်။ ရေတံခါးအောက်ပိုင်းဒေသများမှာလည်း ပင်လယ်ဒီရေများ တိုးတက် ၀င်ရောက်သောကြောင့် လယ်ယာမြေများ ရေငံများဝင်ရောက်ဖျက်စီးမှုဒဏ်နှင့် လယ်ယာကမ်း ပါးများ ပြိုကျသည့်ဒဏ်ကြောင့် ရေတံခါးအောက်ပိုင်းရှိ လယ်သမားများမှာ စိုက်ဧကများစွာနှင့် အိုးအိမ်များ ပျက်စီးဆုံးရှုံးသည့်ဒဏ်ကို ခါးသီးစွာ ခံစားနေရပါသည်။
သုံးခွမြို့သည် မှော်ဝန်းချောင်းကို အဓိကအားထားပြီး ဒေသထွက်ကုန်များနှင့် ဒေသတွင်း လိုအပ်ချက်များကို ခေတ်အဆက်ဆက် ကူးသန်းရောင်းဝယ်ရာ အဓိကလမ်းကြောင်းအဖြစ် အားထားအသုံးပြုခဲ့ပါသည်။ ကျေးရွာအုပ်စုပေါင်း(၁၆၆)အုပ်စုမှ ပြည်သူများမှာလည်း မိုးအခါ ရေလမ်းဖြင့်သာ ယခုတိုင် သွားလာအသုံးပြုလျှက် ရှိပါသည်။ ယခုအခါ ရေထိန်းတံခါးကြီး(၃)စင်းမှာ လူလုပ်အတားအဆီးများအနေဖြင့် ကျေးရွာနေပြည်သူများနှင့် မြို့နေလူထုအပေါ် ကြီးမားသော အတားအဆီးကြီးများအနေဖြင့် ရပ်တည်လျှက်ရှိပါသည်။ ယခင်ရေထိန်းတံခါးများ မရှိခင်အချိန်တွင် ကျေးရွာများနှင့် တစ်နိုင်ငံလုံးရှိဒေသများသို့ သင်္ဘောများ၊ မော်တော်ကြီးများ၊ စက်တပ်သမ္ဗန်များဖြင့် ဥဒဟိုသွားလာ ကူးသန်းရောင်းဝယ်နေပြီး မြို့မဈေးနှင့်အနီး ကိုက်(၁၀၀)၀န်းကျင်တွင် အဓိက ဆိပ်ခံကြီး(၃)ခုနှင့် အထူးစည်ကားလျှက်ရှိပါသည်။
ယခုအခါ ရေထိန်းတံခါးကြီး(၃)စင်း၏ အတားအဆီးများကြောင့် ကျေးရွာနေပြည်သူများမှာ ရေလမ်းခရီးတွင် ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေရပါသည်။ ရေထိန်းတံခါးများနှင့် မြို့မဈေးမှ အနီးဆုံး (၂)မိုင်မှ အဝေးဆုံး (၆)မိုင်ခန့် အကွာအဝေးတွင် ရှိပါသည်။ မိုးအခါ ကျေးရွာများမှ ပြည်သူများ၏ ကုန်စည်စီးဆင်းမှုမှာလည်း အဆင့်ဆင့် သယ်ယူပို့ဆောင်နေရသဖြင့် မလိုအပ်သော ၀န်ဆောင်မှု စရိတ်များစွာ မြင့်တက်ခြင်း၊ ယခင် ဈေးနှင့်ကပ်လျှက်ရှိသော ဆိပ်ခံကြီးများ မရှိတော့ခြင်းကြောင့် ဆိပ်ကမ်းကုန်တင်ကုန်ချလုပ်သားတို့မှာ အလုပ်အကိုင်ရှားပါးမှုပြဿနာများ ကြုံတွေ့နေရပြီး မြို့ပေါ်နေ ဈေးသူဈေးသားများမှာလည်း ရောင်းဝယ်ဖေါက်ကားမှုများ ကျဆင်းလျှက်ရှိခြင်း တို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုများ နှေးကွေးကျဆင်းလျှက်ရှိပါသည်။ အဆိုးဆုံးမှာ သဘာဝအရင်းအမြစ်ဖြစ်သော မှော်ဝန်းချောင်းမှာ ယခုအခါ ချောင်းများကောလာကာ နွေအခါရေကျချိန်တွင် (၁)ပေသာသာရှိသော ရေမြောင်းငယ်လောက်သာရှိသော အခြေအနေသို့ ရောက်ရှိနေပေသည်။ သုံးခွမြို့သည် မြေအောက်ရေအရင်းအမြစ်မရှိသော မြို့ဖြစ်ပြီး နွေအခါ သောက်သုံးရေကန်များကိုသာ အားထားနေရပါသည်။ ယခုလို ပူပြင်းခြောက်သွေ့သော နွေရာသီ တွင် ရေကန်များမှာ ခန်းခြောက်၍ ရေရှားပါးနေသော ကာလဖြစ်ပါသည်။ မှော်ဝန်းချောင်း၏ ရေအရင်းအမြစ်မှာလည်း ဆုံးရှုံးနေသဖြင့် ယခုအခါ မြို့နေပြည်သူများသည် မီးဘေးကို အလွန်စိုးရိမ် ပူပန်နေရပါသည်။ ရေတံခါးများ၏အတားအဆီးများကြောင့် သဘာဝဂေဟစနစ်များ ပျက်စီးပြီး ရေသယံဇာတများ ရှားပါပြီး သားငါးရှားပါးလာခြင်းနှင့် ချောင်းအောက်ပိုင်းတွင် မြောင်းငယ်သဖွယ် ရေစီးကြောင်းလောက်သာ ရှိခြင်းတို့ကြောင့် မရှိဆင်းရဲသား တံငါသည်များ မှာလည်း ၀မ်းစာရေးပြဿနာများနှင့် ကြုံတွေ့နေရပါသည်။ ထိုကဲ့သို့ ဒေသတစ်ခုလုံးကို ဆိုးကျိုးများပေးလျှက်ရှိသော ရေထိန်းတံခါးကြီးများကို ယခင်အစိုးရလက်ထက်တွင် မြန်မာတစ်နိုင် ငံလုံးရှိ အခွန်ထမ်းပြည်သူတို့၏ အခွန်ဘဏ္ဍာများဖြင့် တစ်စင်းကို ကျပ်သန်းပေါင်း(၂၅၀၀)ခန့် အကုန်အကျခံ၍ တည်ဆောက်ခဲ့သည်ဟု သိရှိရပါသည်။ ထိုရေထိန်းတံခါးကြီး(၃)စင်း၏ ပမာဏမှာ ကျပ်သန်းပေါင်း(၇၀၀၀)ရှိမည်ဟု ခန့်မှန်းသိရှိရပါသည်။ ထိုငွေပမာဏနှင့် ဒေသအတွင်း ပညာရေး အတွက် အသုံးပြုပါက ကျေးရွာများအားလုံး စာသင်ကျောင်းများဆောက်လုပ်နိုင်ပြီး၊ ကျန်းမာရေး အတွက် အသုံးပြုပါက ကျေးရွာတိုင်းနီးပါး တိုက်နယ်ဆေးရုံ (သို့) ဆေးခန်းများ ဆောက်လုပ်ပေး နိုင်ပြီး လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြုပါက ကျေးရွာတော်တော်များများ နွေ၊ မိုး သွားလာ နိုင်သောလမ်းများ ဖေါက်လုပ်ပေးနိုင်ပေသည်။
ကမ္ဘာပေါ်ရှိ သက်ရှိသတ္တ၀ါများအားလုံးသည် သဘာဝကပေးအပ်သော အရင်းအမြစ်များကို မှီတင်းနေထိုင် အသက်ရှင်နေရပါသည်။ ယခုအခါ သုံးခွမြို့မတည်မီ ရှေးယခင်နှစ်ပေါင်းများစွာ ကတည်းက တည်ရှိပြီးဖြစ်ခဲ့သော သဘာဝအရင်းအမြစ်ကြီးတစ်ခုသည် ယခုအခါ အာဏာရှင်စနစ် ဆိုး၏ အမွေဆိုးများအဖြစ် သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများအပေါ် ဆိုးမွေများအဖြစ် ကြီးမားသော ဆိုးကျိုးများကိုသာ ပေးအပ်လျှက်ရှိပါသည်။ ယခုအချိန်အခါသည် မိုးရာသီသို့ ကျရောက်လာတော့မည်ဖြစ်ပါသဖြင့် တောင်သူဦးကြီးတို့၏ စိုက်ပျိုးချိန် နီးကပ်၍လာပြီ ဖြစ်ပါသည်။ သို့ပါသောကြောင့် နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အများပြည်သူများ၏ ဆန္ဒအတိုင်း ယခင်ချောင်းဟောင်းများအား အချိန်မီပြန်လည်ဖွင့်လှစ်ပေးပြီး မူလရှိရင်းပကတိ ရေစီး ကြောင်းများအတိုင်း ပြန်လည်စီးဆင်းစေရန် သုံးခွတစ်မြို့နယ်လုံးရှိ ဒေသခံပြည်သူများ၏ လိုလား တောင်းတချက်အတိုင်း ဖေါ်ဆောင်ပေး၍ ယခင်အစိုးရလက်ထက်က ဖေါ်ဆောင်ခဲ့သော စီမံကိန်း အမှားများအား ဖယ်ရှားရှင်းလင်းပေးလိုပါသည်။
ဂျာနယ်ကြီး(သုံးခွ)
၈၈-မျိုးဆက်သစ်
Myanmar News Now
ယခင်သုံးခွမြို၏ဆိပ်ခံတစ်ခုဖြစ်သောဆိပ်ကမ်းသာဆိပ် |

နုန်းကိုက်နေသောကဒ္ဒပနရေထိန်းတံခါး |
နန်းကိုက်နေသောသုံးခွရေထိန်းတံခါးပုံ |
သောင်ထွန်းပြီးနန်းကိုက်၍ရေနှုတ်ရန်ခက်ခဲနေသောတကောရေထိန်းတံခါး |
ရေမရှိသောချောင်းမကြီး |
ချောင်းများကောလာပြီးရေစီးမြောင်းသာရှိတော့သည့်ပုံ |
၁ပေသာသာရှိသောမြို့ လယ်ရှိချောင်း |
နွေရာသီရေငန်များဝင်ရောက်နေသောလယ်များ |
ရေတိုက်စားမှုကြောင်အိုးအိမ်မျာပျက်စီးဆုံးရှုံးခဲသည့် ရွာ |
ယခင်သုံးခွမြို့ ၏ဆိပ်ခံတစ်ခုဖြစ်သောဗန္ဒာပင်ဆိပ် |
ယခင်သုံးခွမြို့ ၏ဆိပ်ခံတစ်ခုဖြစ်သောရေချိုပိုင်းဆိပ် |
ယခင်သုံးခွမြို၏ဆိပ်ခံတစ်ခုဖြစ်သောဆိပ်ကမ်းသာဆိပ် |
ချောင်းကောနေပုံကိုဂြိုလ်တုဓါတ်ပုံမှမြင် |
No comments:
Post a Comment