**လူဆန်သော ဇာတ်ကောင်များနှင့် ရုန်းကြွနေသော ၀တ္ထုတစ်ပုဒ်**
ဝတ္ထုတို ချဉ်းကပ်ခြင်းအစီအစဉ်အတွက် ဘလော့ဂ်ပေါ်တင်ထားသော စာမူများကိုသာ ရွေးချယ်ရေးသားရမည်ဆိုတော့ တော်တော်ခေါင်းစား၏။ လူတကာအမြင်ကတ်နိုင်မည့် စကားဖြစ်သော်လည်း မိမိစိတ်ထဲ အားကောင်းမောင်းသန် ပြောဆိုချင်စိတ် ပေါက်လာသည့် ၀တ္ထုတစ်ပုဒ်မှ မတွေ့ခဲ့။ မိမိ၏ အတ္တပင်ဖြစ်လိမ့်မည်။ သို့သော်လည်း မိမိသဘောကျသည့် အချက်တို့ကိုသာ ရွေးချယ်ဖော်ပြနေရသည် ကိုလည်း မပြုလိုသဖြင့် ဘလော့ဂ်ပို့စ်များထဲမှ မိမိပြောဆိုရန် စိတ်ထက်သန်မည့် စာမူကို ရွေးချယ်ရ၏။ တချို့ဝတ္ထုတွေက အခြားသူများရေးပြီးသွားပြီဆိုတော့ မရေးချင်တော့။ သူများနှင့် မတူနိုင်သည်ကိုပဲ ရွေးမည်စိတ်ကူးကာ ဘလော့ဂ်ပေါ်မှ ၀တ္ထုဆယ့်သုံးပုဒ်လုံးကို ဖတ်ဖြစ်၏။ ဟိုအပုဒ်ကောင်းနိုးနိုး၊ ဒီအပုဒ်ကောင်းနိုးနိုးဖြင့် ရွေးချယ်ရင်း
နောက်ဆုံးတွင် အတည်ပြုလိုက်နိုင်သည်က "အင်ဂျလီနာ မသိတဲ့ ဂျိုလီ" ဆိုသည့်
ဝတ္ထုဖြစ်သည် ။ ၀တ္ထုကိုရွေးချယ်အပြီး စာရေးသူနေရာကို တစ်ချက် ကြည့်ကြည့်တော့ သတိုးဟု မြင်ရသည်။ တကယ်တော့ ကိုသတိုးသည် လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက အွန်လိုင်းဘလော့ဂ်ဂါတစ်ဦးအဖြစ် ၀တ္ထုတိုများ စဉ်ဆက်မပြတ် ရေးသားနေသူတစ်ဦးဖြစ်ပြီး မိမိထက်လည်း စာဖတ်သက်၊ စာရေးသက် များစွာရင့်သူတစ်ဦးဖြစ်ပေရာ မိမိအနေဖြင့် ထောက်ပြစရာများရှိလာခဲ့သော် သင့်တော်ပါလိမ့်မလားဟု တွေးဆရပြန်ပါသည်။ သို့သော်လည်း ၀တ္ထုတိုတစ်ပုဒ်ကို ချဉ်းကပ်ရာတွင် တစ်ဦးနှင့် တစ်ဦး ချဉ်းကပ်ပုံ၊ ရှုမြင်ပုံ၊ သုံးသပ်ပုံများသည် စာဖတ်နှုန်း၊ ဘ၀ဖြတ်သန်းလှုပ်ရှားမှုမှသည် အခြားအရာများပေါ်တွင် မူတည်ပြီး ကွဲပြားခြားနားသည်ဖြစ်သောကြောင့် စိတ်သန့်စွာနှင့်ပင် ယင်းဝတ္ထုအား ချဉ်းကပ်ရန် ရဲရဲကြီး ဆုံးဖြတ်လိုက်တော့၏။
အင်ဂျလီနာမသိတဲ့ ဂျိုလီ ( သတိုး )
ဝတ္ထုများ စတင်ဖတ်ရှုတတ်စဉ်ကတည်းက မိမိဝန်းကျင်တွင် ကြီးစိုးခဲ့သည်များမှာ ဘ၀သရုပ်ဖော်ဝတ္ထုများဖြစ်သောကြောင့်ပေလား မပြောတတ်၊ ဘ၀သရုပ်ဖော်
ဝတ္ထုများကိုသာ မိမိအနေနှင့် ဖတ်ရှုရန် စိတ်အထက်သန်ဆုံးဖြစ်ခဲ့သည်။ ထို့ကြောင့် ယခုဝတ္ထုကို ရွေးချယ်မိခြင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ သို့သော်လည်း မိမိ ယခု
ဝတ္ထုကို ရွေးချယ်ရသည့် မိမိစိတ်ထဲမှ အဓိက အကြောင်းအရင်းကိုလည်း ပြောပါဦးမည်။ အခြေခံလူတန်းစား အောက်အလွှာမှ မိန်းမသားတစ်ဦး၏ ဘ၀ဖြတ်သန်းရုန်းကန်လှုပ်ရှားနေရမှုများနှင့် ယင်းအမျိုးသမီး၏ ဖြူစင်သည့် နှလုံးသားကို စိတ်အားတက်ကြွဖွယ်၊ ကရုဏာသက်ဖွယ်၊ ကြည်နူးဖွယ်၊ ပြုံးချင့်စဖွယ် ရေးဖွဲ့သီကုံးပြထားသောကြောင့်ဟု ဟန်ကြီးပန်ကြီးဆိုလိုက်ချင်ပါသည်။
ဝတ္ထုကို စတင်ချဉ်းကပ်ပါတော့မည်။
******************************************
**အစားအသောက်မှာ အင်မတန်ခုံမင်ပြီး အကောင်းလည်း အလွန် ကြိုက်တတ်တဲ့ ကိုထွေးလေးက ထမင်းဝိုင်းမထိုင်ခင်…
“မေ့.. ဘာဟင်းချက်လဲ”
ဟင်းကို အလျှင် မေးတတ်လေ့မြဲ။**
ဝတ္ထုရေးသူက ယင်းစာကြောင်းဖြင့် ၀တ္ထုကို စတင်ဖွင့်လှစ်လိုက်သည်။ စစချင်းမှာပင် မိမိစိတ်ထဲ ဘ၀င်မကျဖြစ်ရသည်က **အစားအသောက်အင်မတန်ခုံမင်ပြီး အကောင်းလည်း အလွန်ကြိုက်တတ်တဲ့ ** ဟူသော နာမ၀ိသေသနကို ထည့်သွင်းထားရခြင်းကိုပင်။ စာရေးသူက ၀င်ပြောလိုက်သည့် ယင်းစကားကြောင့် မိမိ
စိတ်ဝင်စားမှုများ အတန်ငယ်လျှော့ကျသွားကြောင်း ၀န်ခံလိုပါသည်။
ထို့နောက် မိခင်ဖြစ်သူက ကိုထွေးအား ဟင်းမကောင်းရသည့် အကြောင်းအရင်းကို ရှင်းပြရာ ကိုထွေးက ပြန်ပြောသော စကားတို့သည် မိသားစု၏ စီးပွားရေးအခြေအနေကို စာဖတ်သူအား သိမြင်စေလိုက်ပါသည်။
“အမေကလည်း တစ်နေ့လာလည်း ကန်စွန်းရွက်ကြော်။ တစ်နေ့လာလည်း ချဉ်ရည်ဟင်းပဲ… ဒါပဲ။ ကြက်ဥ၊ ဘဲဥတောင် ဂျိုလီယူလာရောင်းပေးမှ စားရတယ်.. ဟွန်း။ အသားလေး၊ ငါးလေးများ ချက်ရကောင်းမှန်း မသိတော့ဘူးလား”
ယင်းနောက် ယခု ၀တ္ထု၏ အဓိက ဇာတ်ဆောင်ဇာတ်ကောင်ဖြစ်သော ဂျိုလီအား အဓိက ဇာတ်ပို့ဇာတ်ကောင်ကိုထွေး၏ နှုတ်ပြောစကားမှတစ်ဆင့် စတင်ဖော်ပြလိုက်သည်။
“အဲဒီ ဂျိုလီကလည်း အသား၊ ငါး မရောင်းတတ်ဘူးလား မသိဘူး။ တော်ကြာ ဗူးသီး၊ ခရမ်းသီးတွေ လာရောင်းလိုက်။ ချဉ်ပေါင်ရွက်တွေ၊ ကန်စွန်းရွက်တွေ လာရောင်းလိုက်။ သူ့ အသီးအရွက်တွေက ရောင်းလို့ကို မကုန်နိုင်ဘူး”
ယင်းစာကြောင်းမှာပင် ဂျိုလီသည် အရင်းအနှီးနည်းနည်းဖြင့် ရောင်းချရလွယ်ကူသည့် ဟင်းသီးဟင်းရွက်များရောင်းသူ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တစ်ဦးဖြစ်ကြောင်း( ဈေးတွင် အတည်အခန့် ရောင်းနေသူမဟုတ်ဘဲ အိမ်တိုင်ရာရောက်လိုက်လံရောင်းချသူတစ်ဦးဖြစ်ကြောင်း ) သိရှိသွားစေသည်။
ယင်းနောက်တွင် ဟင်းမကောင်းသဖြင့် ဆူပူခဲ့သော ကိုထွေးတစ်ယောက် ရှိသည့် ကြားရိုးချဉ်ရည်ဟင်းဖြင့်ပင် ခေါင်းမဖော်တမ်းလွေးနေကြောင်း ကလေးပီပီ ဂျီကျကြည့်သော်လည်း မရနိုင်မှန်းသိသောအခါ ရှိသမျှကိုသာ စုံမက်တတ်သော ဆင်းရဲသားကလေးငယ်တို့၏ သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် ကရုဏာသက်လာအောင် ရေးဖွဲ့ပြသည်။
နောက်တစ်ခန်းမှစပြီး ဂျိုလီ၏ စရိုက်အပြုအမူတို့ကို ပုံဖော်တော့သည်။ ဂျိုလီ့ကို ဈေးဝယ်သူအား အလေးထားတတ်သော၊ စိတ်သဘောထားဖြူစင်သော မိန်းမတစ်ဦးအဖြစ် စကားပြောများဖြင့်ပင် သိသာစေသော်လည်း စာဖတ်သူ မရိပ်မိမှာစိုးသောကြောင့်လားမသိ၊ စာရေးသူသည် ၀င်ပြောလိုက်ပြန်သေးသည်။
“ဒါများ အစ်မရယ်။ ကျွန်မ အလာ၊ လမ်းမှာ လောက်သေရွက်တွေ ပေါက်နေတာ တောထနေတာပဲ။ လောက်သေရွက်ကို အခြောက်လှမ်းပြီး လက်ဘက်ခြောက်ခပ်သလို ရေနွေးကြမ်းထဲ ခပ်သောက်စမ်း။ အသားအရေ ယားတာယံတာ အရမ်းကောင်းတာပေါ့။ သောက်လို့လည်း အင်မတန်ကောင်းတာ။ မွှေးနေတာပဲ။ ကျွန်မ နက်ဖြန် ခူးလာပေးမယ်”
စေတနာ အရင်းခံကောင်းသလောက် လောကွတ်လည်းကောင်းလှတဲ့ ဂျိုလီပါပဲ။
တကယ်တော့ စာဖတ်သူသည် ကျွန်မ မနက်ဖြန် ခူးလာပေးမယ်ဟူသော စကားပြော
ဝါကျအဆုံးတွင် ဂျိုလီ့ကို လောကွတ်ကောင်းသူတစ်ဦးအဖြစ် မြင်ယောင်နေပြီဖြစ်ပါလျက်၊ ၀င်ပြောလိုက်ခြင်းက ကျွန်တော့်အဖို့တော့ အောင့် သက်သက်ဖြစ်ရ၏။
သူ့ဈေးဗန်းမို့ တစ်အိမ်ဝင်ဖြစ်ရင် အရှေ့အိမ်၊ အနောက်အိမ်၊ ခြေရင်း၊ ခေါင်းရင်း အိမ်တွေပါမကျန် ၀ိုင်းအုံလာရတော့တာ။ ဂျိုလီကတော့ ခေါင်းခုပုဆိုးပိုင်းလေးနဲ့ ချွေးသုတ်ရင်း၊ စိတ်အေးလက်ချ ထိုင်နားအမောဖြေရင်း ဘယ်သူရေ၊ ဘယ်ဝါရေ တရင်းတနှီး အသံပြုလို့ ဆိုင်းခင်းကာ ရောင်းဝယ်မပျက်တတ်သူ…။
ဂျိုလီ၏ ဈေးရောင်းပုံကို မျက်စိထဲ မြင်ယောင်လာအောင် ရေးဖွဲ့နိုင်သည်ဟု
မိမိကတော့ ဆိုချင်မိသည်။
ထို့နောက် ဇာတ်ဆောင်ဂျိုလီနှင့် ဇာတ်ပို့ကိုထွေးတို့ ၏ သံယောဇဉ်ကို ဖွဲ့သီပြသည်။ ဂျိုလီက ကိုထွေးအပေါ် သံယောဇဉ်တွယ်သူဖြစ်ကြောင်း ဈေးဗန်းမနိုင်မနင်းသယ်လာရင်းနှင့်ပင် ကိုထွေးအတွက် လမ်းဘေးဝဲယာမှ တောပန်းများ၊ ကစားစရာ စားစရာ အသီးလေးများ ခူးယူလာတတ်ကြောင်းရေးဖွဲ့သည်။
ကိုထွေးကို မမလတ်က ဂျိုလီ့သားဟု စနောက်တိုင်း
ကိုထွေးခမျာ ငိုမဲ့မဲ့နဲ့ ဟုတ်များဟုတ်နေမလားလို့ သံသယ ၀င်မိတတ်သေးရဲ့။
ယင်းဇာတ်ကွက်လေးကိုတော့ မိမိအနေဖြင့် နှစ်ခြိုက်လိုက်သည့်ဖြစ်ခြင်း။ ကလေးတို့၏ ရိုးသားဖြူစင်သော စိတ်နှလုံးကို တင်ပြလိုက်နိုင်သည်ဟု ဆိုချင်ပါသည်။
ထို့နောက် ဂျိုလီ့ မိသားစု အခြေအနေကို တင်ပြသည်။
သူ့အောက်မှာ အငယ် နှစ်ယောက်အနက် တစ်ယောက်ကတော့ ဂျိုလီ မွေးစားထားတာတဲ့။ ပထမယောက်ျားရဲ့ နောက်အိမ်ထောင်ကမွေးတာ။ ပုလုကွေးဘ၀နဲ့ အမိမဲ့သွားခဲ့ရရှာတဲ့ ကလေးငယ်ကို ဂျိုလီက တတိယယောက်ျားနဲ့ ဆန့်ကျင်ကာ အိမ်ထောင် အကွဲခံပြီးကို မွေးခဲ့တာ ဆိုရဲ့။
အိမ်ထောင်သုံးဆက်ရှိဖူးပြီး ပထမလင်သည်၏ နောက်အိမ်ထောင်နှင့် မွေးသော ကလေးကိုပင် ခေါ်ယူမွေးစားနိုင်သော ဂျိုလီ့၏ စိတ်နှလုံးကိုပြရင်း ဂျိုလီဘယ်လိုမိန်းမစားမျိုးလဲဆိုသည်ကို ပုံဖော်သည်။ ယောက်ျားသုံးယောက်ယူခြင်းသည် တစ်ကဏ္ဍဖြစ်ပြီး ပုလုကွေးကို မွေးစားခြင်းသည်က ဂျိုလီ့နှလုံးသားကို အရောင်ခြယ်ပြလိုက်သည်ဟု ထင်ပါသည်။
အိမ်ထောင်များသော ဂျိုလီ့ကို ကိုကိုကြီးက ဂျိုလီဟု အမည်ပေးသည့် အကြောင်းပြောပြတော့
ဂျိုလီက အလန့်တကြားနဲ့…
“ဟဲ့ နင်တို့ ဖင်ပေါ်၊ ခေါင်းပေါ် မင်းသမီးတွေနဲ့တော့ ငါ့ကို မနှိုင်းကြနဲ့နော်”
မမလတ်နဲ့ ကိုထွေးတို့မှာ ဂျိုလီ့ အပြောကြောင့် ရယ်လိုက်ရတာ။
ရိုးသားဖြူစင်သည့် မိန်းမသားတစ်ဦး၏ သရုပ်သည် စာရေးသူ၏ အရေးအသားတွင် လူဆန်ပြီး ကြည်လင်ပြတ်သားနေပါသည်။ စာဖတ်သူအဖို့ ဂျိုလီ့ကို နှစ်သက်သဘောကျလာအောင်၊ စာဖတ်သူရင်ထဲသို့ ဂျိုလီ့ကို အရောက်ပို့နိုင်လိုက်သည်ဟု မိမိထင်ပါသည်။
ယောက်ျားများခဲ့သော်လည်း မည်သည့် ယောက်ျားကမှ ဂျိုလီ့အပေါ် ကောင်းမွန်စွာ လုပ်ကျွေးပြုစုခြင်းမရှိသည့်တိုင် ထိုသူတို့နှင့် ရခဲ့သောကလေးများအကြောင်း ပြောပြန်တော့ ကလေးမွေးရတာတော့ ပျော်ပါတယ်ဟူသောစကား ဂျိုလီ့နှုတ်ဖျားမှ ထွက်လာခြင်းကလည်း ဂျိုလီ့စရိုက်ကို ပီပြင်အောင်ဖွဲ့သော အဖွဲ့တစ်ခုဟု ဆိုလျှင် ရနိုင်ကောင်းမည်ဟု ထင်ပါသည်။
“အားကိုးအားထားပြုလို့ ရမလားလို့ ပြုခဲ့တဲ့ အိမ်ထောင်တွေကလည်း အရက်သမား၊ လောင်းကစားသမားနဲ့ ကိုယ်လုံချည်နား ခိုစားမယ့်သူရယ်…ပဲ ။ တစ်သက်လုံး လင်ကုန်ရှုံးလာခဲ့တာဆိုတော့ စိတ်ပျက်နေပါပြီ။”
“အေးလေဟယ်။ အိမ်ထောင်ပြုတော့လည်း ညည်းပဲ ဦးဆောင်ရှာကျွေးရဦးမှာပဲ။ ခုအတိုင်းလည်း ကိုယ့်ဘာသာ လုပ်စားနေရတာပဲ မဟုတ်လား”
“ ဒီအတိုင်းနေဖို့ကျတော့လည်း ကျွန်မဘ၀က သိပ် မလုံခြုံလှဘူး အစ်မတို့ရဲ့။ ကိုယ်ရှာကျွေးရရင် လည်း ကျွေးရပါစေ။ ကိုယ့်မိသားစုကို တန်ဘိုးထားပြီး ရှေ့က မားမားမတ်မတ် ရပ်တည်ပေးမယ့် သူ တွေ့ရင်တော့လည်း…”
ဟာဿရသနှင့်အတူ ကရုဏာရသကိုပါ တစ်ဆက်တည်းခံစားမိစေသည်။ အပြောလွယ်သော်လည်း လက်တွေ့တွင် မောပန်းခက်ခဲလှသည့် မိန်းမသားတစ်ဦးတည်းဘ၀၏ ရပ်တည်မှုတွင် အထောက်အကူကို လိုလိုလားလားတောင့်တမိခြင်းဖြစ်လာသည်ကိုလည်း သဘာဝကျကျရေးဖွဲ့ပြနိုင်သည်။
ထို့နောက် အသက်ခြောက်ဆယ်ကျော်အရွယ်အဘိုးကြီးတစ်ဦးနှင့် ဂျိုလီယူလိုက်ကြောင်းရေးဖွဲ့ပြီးခါမှ ဂျိုလီ့ရွာကို ဖော်ပြသည်ကတော့ နောက်ကျလွန်းသည်ဟု မြင်မိသည်။ (စာရေးသူကို ဘောင်ကျော်ရာ ရောက်သွားနိုင်သော်လည်း ) တကယ်ဆိုလျှင် ဂျိုလီ ဈေးလာရောင်းသည့် ဇာတ်ကွက်များရေးသားတင်ပြစဉ်ကတည်းက ရှပ်ပြေးလေးပဲဖြစ်ဖြစ် ဖော်ပြလိုက်သင့်သည်ဟု ထင်မိသည်။
လယ်ပိုင်ယာပိုင်မရှိသော ဂျိုလီ၏ မြေတမ်းချင်းကို မရိုးနိုင်သော တေးတစ်ပုဒ်ဖွင့်ပြရင်း သီကျူးစေသည်။
“စိတ်မပူပါဘူးနော်။ ကျွန်မသေသွားရင်တော့ ခြောက်ပေလောက်တော့ ပိုင်ခွင့်ရဖူးမှာပါ”
ကလေးအဖတ်မတင်သည်မှ မကြာသေးဘဲ ဈေးပြန်ထွက်ရောင်းရသည့် ဂျိုလီ့ရုပ်ပုံလွှာက အခြေခံလူတန်းစားတို့၏ ဘ၀ကို ထင်ဟပ်နေသည်။ ယင်းနောက်တွင် ၀တ်ထု၏ အဆုံးပိုင်းသို့ ရောက်ရှိလာပြီဖြစ်သည်။ ကလေးအဖတ်မတင်သည်နှင့် မနှောင်းမီမှာပင် လင်သည်အဘိုးကြီးက လေဖြတ်သွားသည့်တိုင် စိတ်သောကရောက်ပူဆွေးနေခြင်းမရှိဘဲ ဈေးရောင်းခြင်းအမှုကိုသာပြု မြဲအတိုင်း ပြုကြောင်း ရေးဖွဲ့ထားခြင်းသည် လောကဓံတရားကို အပြုံးမပျက်ရင်ဆိုင်တတ်သော အောက်ခြေလွှာ မိန်းမသားတစ်ဦး၏ ခိုင်ကျည်သော စိတ်ဓါတ်ကို ဖော်ပြသည်ဟု ထင်မိသည်။
ကိုထွေးတို့ နောက်ဖေးလမ်းကြားတွင် တွေ့ရသည့် ပိုင်ရှင်မဲ့ ကလေးငယ်လေးကို ချက်ချင်းကောက်ယူပွေ့ချီပြီး ပိုင်ရှင်မရှိရင် သူမွေးစားမယ်ဟု ရုတ်ခြည်းဆိုလိုက်ခြင်းဖြင့် ဂျိုလီ့ကို ပိုမိုရုပ်လုံးကြွစေသည် ။ ထို့နောက် ပိုင်ရှင်မဲ့ကလေးငယ်ကို ဂျိုလီမွေးစားခွင့်ရခဲ့သည်။
နောက်ဆုံးအကွက်တွင် ကိုထွေးက ဂျိုလီ့အား အင်ဂျလီနာဂျိုလီ ကလေးများစွာ မွေးစားကြောင်းပြောပြသည့်အခါ ဂျိုလီက
“ဟုတ်လား။ ဒီ ဂျိုလီလည်း သူ့လောက်သာ ချမ်းသာရင် သူ့ထက်မကတဲ့ ကလေးတွေအများကြီးကို ကောက်ယူမွေးစားပြီးသားပဲ။ သိလား အထွေးလေး”
ဟု အပိတ်စာသားဖြင့် ဂျိုလီ့စရိုက်ကို ပုံဖော်ပြီး ကိုထွေးနှင့် ပိုင်ရှင်မဲ့ကလေးငယ်၏ ကလေးဘာဝမေတ်တာသဘောတရားကို ရေးဖွဲ့ကာ ၀တ္ထုကို အဆုံးသတ်လိုက်၏။
**********************************************************
ယင်းဝတ္ထုသည် ဂျိုလီဟု အမည်ပြောင်မှည့်ခေါ်ပေးခြင်းခံရသော အောက်ခြေလွှာ မိန်းမသားတစ်ဦး၏ ဘ၀ကိုတင်ပြပြီး ဖြူစင်ရိုးသားသော စိတ်ရင်း စိတ်ဓါတ်၊ ရိုးရှင်းပွင့်လင်းသော လူနေမှုစရိုက်တို့နှင့်အတူ ဘ၀တူ လူတန်းစားတို့၏ ရုပ်ပုံလွှာများကိုပါ မြင်ယောင်စေသည့် စရိုက်ဖွဲ့ဝတ်ထုကောင်းတစ်ပုဒ်ဟု ဆိုချင်မိပါသည်။ ဆင်းရဲသား မိန်းမတစ်ဦး၏ လောကဓံကို အပြုံးမပျက် ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်မှုကို ပုံဖော်ရာသည်မှာလည်း အတုယူတတ်သူများအဖို့ အတုယူဖွယ်ရာပင်ဖြစ်သည်။ ယင်းဝတ်ထုတွင် ထင်ထင်လင်းလင်းပေါ်လွင်နေသော ၀တ္ထုရေးသားခြင်းဆိုင်ရာ နှစ်သက်စရာအချက်တစ်ခုကို ထုတ်ပြပါဆိုလျှင် မိမိအနေဖြင့် လူဆန်သော လူပီသသော ဇာတ်ကောင်များဖြင့် လူဆန်သော ဘ၀ဖြတ်သန်းမှုများကို စာဖတ်သူ စိတ်မျက်စိတွင် ထင်ဟပ်မြင်ယောင်လာသည်အထိ လှလှပပတင်ပြနိုင်ခဲ့ခြင်းကို ထုတ်ပြချင်ပါသည်။ ယနေ့ခေတ်ကာလပေါ်ဝတ္ထုများတွင် အသွင်သစ်မှု၊ ၀တ္ထုကို ဖြစ်သလို ဖန်တီးမှုများကြောင့် ဇာတ်ကောင်စရိုက်များမပီပြင်တော့သည့်အပြင် လူမဆန်သော ဇာတ်ကောင်အဖွဲ့များ တွေ့လာရချိန်တွင် လူတကာမရေးနိုင်သည့် စာဖတ်သူရင်တွင်း ဇာတ်ကောင်ကို အရောက်ပို့ခြင်းအမှုအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့် စာရေးသူ ဆရာသတိုးအား မိမိအတ္တနောမတိအရ လေးလေးစားစားချီးကျူးဂုဏ်ပြုလိုကြောင်း ပြောချင်မိပါသည်။
ဝေမိုးနိုင်(မုံရွာ)
စာညွှန်း - အင်ဂျလီနာမသိတဲ့ ဂျိုလီ ( သတိုး )
http://onlinelinyoungche.blogspot.com/2012/12/blog-post.html
No comments:
Post a Comment