Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 9, 2013

ထာဝရချစ်သူ


 
၁၉၅၃ ခုနှစ် …

ညိုထွေးရဲ့ အသက်က ဆယ့် ခြောက်နှစ်။
ပျိုမျစ်နုငယ် ဆယ့်ခြောက်နှစ် အရွယ် ညိုထွေး တစ်ယောက် တကယ့်တကယ်မှာ ကလေး သာသာမျှသာဖြစ်သော်လည်း သူ့ကိုယ်သူတော့ အပျိုကြီးဖြစ်ပြီဟု မှတ်ယူ လာ ခဲ့လေပြီ။
အကြောင်းကလည်း ရှိပါ၏။
ငယ်စဉ်က ဂါဝန်ဝတ် ကျောင်း မှာ နေခဲ့ရသူမို့ အင်္ကျီအဖြူ လက်မောင်းတိုလေး နှင့် ဒူးဆစ်ဖုံး ဂါဝန် အပြာလေးနှင့် ကျောင်းလွယ်အိတ်ကြီး မနိုင့်တစ်နိုင် နှင့် ကျောင်း တက် ခဲ့ရသော တစ်ချိန်လုံး ပီဘိကလေး ဘဝသာ ဖြစ်ခဲ့ပါသည်။
ယောက်ျားလေး ကျောင်းသား များသာ လက်ခံသော စိန်ပေါလ် ကျောင်းဝင်းထဲ မှာ အဖီလေး လိုလို၊ အဆွယ်လေး လိုလို သစ်သားဆောင်လေး နှင့် စာသင်ရသော သူတို့ ကျောင်းလေး ကို စီးကရက်ဟဒ် ကျောင်းဟု ခေါ်သည်။ သူတို့ ကျောင်းလေးမှာတော့ ကျောင်းသား ကျောင်းသူရောလျက် လက်ခံ သည်။
ကျောင်းကြီးရော ကျောင်းလေးပါ အုပ်ချုပ်သူတွေက ဝတ်ရုံရှည်ကြီးတွေ ဝတ်ထားသော ခရစ်ယာန် ဘုန်းကြီးများသာ ဖြစ်ပါ၏။ သူတို့ အတန်းတွေမှာ စာသင်ကြား ပို့ချ သူ များကတော့ ဟိုတစ်ချိန်က Englo – Indian ဟု ကင်ပွန်း တပ်ကြသော ကပြား ဆရာမများ ဖြစ်ပါသည်။ တကယ်တော့ အင်္ဂလိပ် သွေးမပါသော ကုလားကပြား များပါတည်း။
ထိုကျောင်းသို့ ညိုထွေးကို ကျောင်းအပ်သော အခါ ညိုထွေး ဟူ သော အမည်နှင့် လက်မခံ။ သူ့ မျက်နှာက ဝိုင်းဝိုင်း၊ မျက်လုံးလေးက ဝိုင်းဝိုင်း၊ မေ့စေ့လေးကလည်း ဝိုင်း ဝိုင်းမို့ ဂျပန်ပြည်မှ ထုတ်လုပ်သော ကော်ပတ်ရုပ်လေးနှင့် တူသည်။ Dolly ဟုခေါ်မည်ဟု ဆိုလိုက်သည် နှင့် ညိုထွေးခေါ် ဒေါ်လီဖြစ်ခဲ့ရပါ တော့သည်။
ညိုထွေးတို့ စာသင်ခန်းထဲ ရောက်သောအခါ ဗမာ၊ တရုတ်၊ ကုလားလေး များသာ တွေ့ရသည်။ အင်္ဂလိပ်သွေး ပါသူ တစ်ယောက်မျှ မရှိ။ သို့သော်လည်း သူ့အတန်းဖော် များသည် မာဂရက်၊ ဂျေးလ်၊ ဗိုင်လက်၊ ဒေစီ၊ ဟယ်လင်၊ ဝီလီ၊ ဂျွန်၊ ပက်ထရစ်၊ အဲဖရက်၊ ကဲနက် စသည့် အမည် ပိုင်ရှင်များသာ ဖြစ်နေကြသည်။ စကားပြော ကြရာ မှာ တော့ ဗမာစကားမှ ဗမာစကား အစစ် နှင့် ပြောဆို ဆက်ဆံကြရသည်။
သည်လိုနှင့် သူငယ်ချင်းတွေ ငြင်းကြ ခုံကြ၊ ရန်ဖြစ်ကြနှင့် နေလာ ရင်း ငါးတန်းအောင်သော နှစ်မှာ ညိုထွေးနှင့် ကိုကိုလေးတို့ ရင်းနှီးဖို့ ဖန်လာသည်။ ရေကျော် ရပ်ကွက် မဟာသုခလမ်း သို့ ညိုထွေးတို့ ပြောင်းရွှေ့လာသော အခါမှ နှစ်ဖက် သော မိဘများ ဆက်သွယ်မှုကြောင့် အစ်ကိုလေးနှင့် ညီမလေး ညိုထွေး ဘဝ ရောက်လာကြသည်။
ညီမ မရှိ၊ အစ်ကို မရှိသူတို့ကို တွေ့ပေးစဉ်မှာ ”သားရဲ့ ညီမ” ”သမီးရဲ့ ကိုလေး” ဟု ပြောကြသည်။ သူတို့ကလည်း ကိုလေးနဲ့ ညီမတွေ ဖြစ်လာကြပေတော့သည်။
ညနေ ကျောင်းဆင်းချိန်မှာ ဂါဝန်ပြာလေးနှင့် ထွက်လာသော ညိုထွေးက ကျောင်း အဝမှာ စောင့် နေသော ကိုလေးကို တွေ့လိုက်ရ သည်။
”ဟော ကိုလေး” ဟု နှုတ်ဆက် လိုက်သံ နှင့် တစ်ပြိုင်တည်း ”ကိုလေး က အိမ် လိုက်ပို့မလို့” ဟူသောအသံ က ပြိုင်တူ ထွက်လာခဲ့သည်။
တစ်ရက် မှ နှစ်ရက်၊ နှစ်ရက်မှ သုံးရက်ကျော် လာသောအခါ ကျောင်းဆင်း ခေါင်းလောင်းထိုးသံ ကြားသည် နှင့် ညိုထွေးက ပြေးထွက်လာသည်။ ကျောင်းဝင်း တံခါး ဝ ရောက်သည် နှင့် ကိုလေးကို ရှာမိသည်။ ကိုလေး ကလည်း အသင့် စောင့်နေသည်။
တစ်ပတ်မှ နှစ်ပတ်၊ တစ်လမှ နှစ်လ ကြာလာသည်။ နေ့တစ်ဝက်သာ ကျောင်းတက်ရသော ကိုလေး က နေ့တိုင်းကျောင်းကြို တာဝန် ပုံမှန်ယူလာသည်။ ညိုထွေး တို့ ကျောင်းမှ အိမ်အရောက် ဘာမှ ထူးဆန်းခြင်း မရှိသော စကားများကို ညိုထွေးက ပြောမကုန်သလို ကိုလေး ကလည်း နားထောင်လို့ မဆုံး ရှိခဲ့ရသည်။ သင်္ချာဆရာမ အကြောင်း အင်္ဂလိပ်စာသင် ဆရာမအကြောင်း၊ စာမေးတာ မရလို့ ထိုင်ခုံပေါ်မတ် တတ်ရပ်လျက် ဒဏ်ပေးခံရသည့် ကျောင်းသား အကြောင်း စသည် စသည် တို့ ပြောရသည် ကလည်း မရိုးနိုင်ကြ။
ကျောင်းဝင်း အကျယ်ကြီးမှာ ရှိ သော ကျောင်းကြီးနှင့် ကျောင်းလေး တို့မှာ ရှားပါး လှစွာသော ကျောင်းသူ ကိုမှ ပြင်ပက လာလာကြိုသော သူကို လည်း မနာလို သူတို့က ဝိုင်းရိုက်ကြ ဖို့ ကြံစည်ကြကြောင်းလည်း နောက် မှ သိရပါတော့သည်။
ကျောင်းကြိုရင်း ကျောင်းကြို ရင်း တစ်နှစ်တာ စာသင်နှစ်ကလည်း အကုန်မြန်လှသည်။ ၁၉၅၂ ခုနှစ်မှာ ၄၅ လမ်းရှိ ဆရာ ဆော်လမွန်ကျောင်း သို့ ပြောင်းသည်။ ဒူးဖုံး ဂါဝန် အပြာကို ချွတ်၍ မြန်မာ လုံချည် အင်္ကျီနှင့် ကျောင်းတက်ရသော အကြိုဆယ်တန်း (Pre matric) ကျောင်းသူလေး ညိုထွေးက သူ့ကိုယ်သူ အပျို လေး တစ်ယောက် ဟု ယုံကြည်လာ သည်။ ဂါဝန်ဝတ် ကလေးလေး မဟုတ်တော့။
လဲ့ရွှန်းသော မျက်ဝန်းက ပို၍ ဝင်းလက်လို့ လာသည်။ ပါးလေး နှစ်ဖက်က ပို၍ မို့လာသည်။ အပွင့် အခက် အနွယ်လေးများ ပါသော ထဘီကို ပြောင်း၍ ဝတ်လိုက် ရသော ကြောင့်လားမသိ။ ညိုထွေးအလှက ပိုကြွလာသည်။
နေ့တွေ ပြောင်းလာသည်။
လတွေ ညောင်းလာသည်။
ကျောင်းပြန်သူက ပြန်၍ ကျောင်းကြိုသူက ကြိုနေဆဲသာ ဖြစ် သည်။ နေ့စဉ် ပြောကြသော စကား က ထူးခြား မလာသော်လည်း နားထဲ မှာတော့ ပို၍ပို၍ ချိုလာသလို ထင် ကြသည်။ နားဝင်ပီယံ ပို၍ ချိုလာ သည်။ သာယာလာသည်။
တစ်ခုတော့ ရှိသည်။
ကိုလေးရော၊ ညိုထွေးပါ သတိ မပြုမိကြသော်လည်း သူတို့နှစ်ဦး စလုံး ရင်ခုန်သံလေးတွေက ပို၍ ပို၍ မြန်လာတတ်သည်။ ကိုလေး က မျက်နှာလေးကို ငဲ့စောင်းကြည့် လိုက်သော ခဏမှာ လည်တိုင်လေး ကိုမော့၍ ကြည့်လိုက်သော ညိုထွေး နှင့် မျက်လုံးချင်း ဆုံမိတိုင်း မျက်စိ ကိုလွှဲဖို့ မေ့နေတတ်ကြသည်က လည်း ခဏခဏ။
အပျိုသွေးကြွလို့ အပျိုလေးလို လှလာသော ညိုထွေးကို သူ့ကိုလေး က မြန်မာကဗျာတွေ ရွတ်ပြတတ်သည်။ ကိုလေး ကြိုက်သမျှ ညိုထွေး ကလည်း ကြိုက်လှသည် ဟုဆိုကာ မြန်မာ ကဗျာ ရေးနည်းတွေ သင်ယူ တော့သည်။ လမ်းလျှောက်ရင်း ကဗျာ၏ အခြေခံ သဘောနှင့် ရေးစပ် ပုံမျိုးစုံ ရှင်းပြရခြင်းကို သူ့ကိုလေးက မောရမှန်း မသိနိုင်ခဲ့။ ကဗျာ အကြောင်း ပြောနေခိုက် မှာတော့ ကိုလေးက အပြောသမား၊ ညိုထွေး က နားထောင်သူ ဖြစ်သွားလေတော့သည်။ နှစ်ဦးစလုံး အသည်းထဲမှ ကာရန်လေး များသည် အချစ် သင်္ကေတဖြစ်ကြောင်း သူတို့ ဘာသာ မသိ ခဲ့ကြ။
၁၉၅၃ ခုနှစ်ဦးပိုင်းသို့ ရောက် သည်နှင့် ကိုကိုလေးဖြေဆိုရမည့် တက္ကသိုလ်ဝင် စာမေးပွဲက နီးလာ ပြီ။
စာမေးပွဲက စာမေးပွဲ။
ကျောင်းကြိုသူက ကျောင်းကြို ဆဲ။
တစ်ပတ်မှာ ငါးရက်ပုံမှန် ကျောင်းကြိုသည်။ ငါးရက်စလုံး စကားတွေ ပြောကြသည်။
ကိုလေးရင်ထဲမှာ ပြောချင် သည့် စကားတွေရှိသည်။
ပြောမထွက်ခဲ့။
ညိုထွေးကလည်း ကြားချင် သောစကားတွေ ရှိသည်။
ကြားခွင့်မရခဲ့။
ရက်တွေ လတွေများစွာ ကျောင်းဆင်းချိန် မှာ ကြိုခဲ့ရသော ကိုကိုလေးက ၁၉၅၃ ခုနှစ် မှာတော့ နံနက် စောစော ကျောင်းပို့သော အလုပ်ပါ ပိုလာသည်။ ကျောင်းဆင်း ချိန်မှာ မိနစ် လေးဆယ်ကျော် တူနှစ်ကိုယ် ယှဉ်တွဲလျက်၊ ခေါင်း ငိုက်စိုက် ချလျက်။ တိတ်တခိုးလေး သက်ပြင်း ချလျက် လျှောက်ကြ ရသည်ကို အားမရနိုင်ကြ။ နံနက် ခြောက်နာရီခွဲ လျှင် ကိုလေးက ရောက်လာသည်။ ညိုထွေးက အိမ် ပေါ်မှ ဆင်းလာသည်။ ကျောင်းသို့ ရောက်သော အခါမှ ညိုထွေး က ကျောင်းထဲ မဝင်သေးဘဲ သမင်ပျို မလေးလို လည်ပြန်လှည့်ကြည့်သည်၊ ကိုလေးက လက်ကလေး ပြပြီးမှ ပြန်လှည့်သည်။
ကျောင်းထဲ ရောက်သည်နှင့် ညိုထွေးရဲ့ အချစ်ဆုံး ခင်စန်းလွင်နှင့် ညွန့်ညွန့်ခင် တို့က မေးကြပြီ။
”ဟဲ့ မိညို၊ နင့်ကိုလေးက ဒီနေ့ရော ပြောပြီလား”
ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလိုက် ချင်သော အဖြေစကား မရှိသေးသော ညိုထွေးက ညှိုးသွားသော မျက်နှာ ကို မပြချင်။ မျက်လွှာကို ချလိုက်သည်။ ခေါင်းလေး ငုံ့လိုက် သည်။
တကယ်တော့ ခေါင်းခါ ပြရမည်ကို ညိုထွေး အကြောက်ဆုံး ဖြစ်သည်။ ထို့ကြောင့် ခေါင်းလေး ငုံ့ကာ မြေကြီးကို စိုက်ကြည့် လိုက်သည်။ စားပွဲ အစွန်း ကို စိုက်ကြည့် လိုက်သည်။
ကျောင်းသို့ အလာပေါင်းများ စွာ၊ ကျောင်းမှ အပြန်ပေါင်း များစွာ မျှော်လင့်ခဲ့ မိသော စကားကို သူ့ကိုလေးနှုတ်ဖျားမှ မကြားရ။ မျှော်ရင်း မောရသော စိတ်ဝေဒနာကို ဆယ်ကျော်သက် ဘဝမှာ ရေလည်စွာ ခံစားခဲ့ရသော ညိုထွေး။
တစ်ခါတလေတော့လည်း စိတ်မရှည်စွာ ထုရိုက် ပစ်လိုက်ချင်သည်။ ကုတ်ဖဲ့ပစ် လိုက်ချင်သည်။ ရှိုက်ကြီး တငင် ငိုပစ်လိုက်ချင်သည်။ ကိုလေး ရင်ခွင် ထဲ ခေါင်းထိုးခွေ့ ကာ မေးခွန်းတွေ မေးပစ်လိုက်ချင် သည်။
ကိုတေမိထံမှ စကားတစ်ခွန်းကို ကြားရဖို့ မျှော်လင့်ခဲ့မိတာ ကြာလှပေါ့။ နေ့မှ လ၊ လမှ နှစ်သို့ ကူးခဲ့ပါပြီ။ စတင် တွေ့ဆုံကြစဉ်ကလို ကလေးလေး တစ်ယောက် အဖြစ်ပဲ မြင်နေသည်လား မသိ။ ပြတ်ပြတ် သားသား မေးလိုက်ချင်သည်။
ကိုတေမိ ကတော့ ဘာမှ မပြော။
ဂါဝန်တိုဝတ် ကျောင်းသူလေး ဘဝကတည်းက တစ်နှစ်ပြီး တစ်နှစ် ပြောင်းလာသည်။ မျှော်လင့်ချက် အစိုင်အခဲက ရင့်လာလေလေ ရင်ထဲမှာ မွန်းကျပ် လာလေလေ ဖြစ် ခဲ့ရ သော ဘဝကို တစ်ခါတစ်ခါတော့ လည်း စိတ်နာသလို ဖြစ်လာမိပါ သည်။
ဂါဝန်ဝတ် ကျောင်းသူလေး ဘဝကတည်းက Valentine Days ဆိုတာ ကြားဖူးသည်။ ကိုယ့်ထက် အသက်ကြီးသော မမ ရီတာတို့၊ မာဂရက် တို့ထံမှ နှစ်စဉ် ဖေဖော်ဝါရီ လ ၁၄ ရက်နေ့ ဆိုတာ ချစ်သူများနေ့ ဟု ကြားဖူးသည်။ ဘာကြောင့် ချစ်သူများနေ့ ဟု ခေါ်ကြောင်း မသိပေမယ့် သူလည်း ချစ်သူများနေ့ကို ရောယောင် ပါလိုက်ချင် သည်။ ရင်တွေ တုန်လိုက်ချင်သည်။ ဘာမှန်း မသိသော်လည်း ကိုလေးနှင့် စတွေ့ သောနှစ်က စ၍ ဖေဖော်ဝါရီလ ရောက်တိုင်း ရင်ခုန်ခဲ့ရပါသည်။
၁၉၅၃ ခုနှစ် နှင်းတွေမြူးချိန် မှာ အအေးဓာတ်ကလည်း ထူးလာသည်။ ဆယ့်ခြောက်နှစ် သမီးလေး အတွက် ပိုလို့ ပိုလို့ ရင်ခုန်လာစေခဲ့ ပါတော့သည်။ အချစ်ငတ်လို့ ရင်ခုန် ရာမှ ရင်တွေ တုန်လာသည်။ အလို လိုနေရင်း မောလာသည်။ ကိုယ် အလေးချိန် လျော့လာသည်။ ဦးလေး တော်သူ ဆရာဝန် ဗိုလ်မှူးကျော်က ဂေါ်ဒဝင်လမ်း (မြို့မကျောင်းလမ်း) က အမှတ် ၇ လူနာ လက်ခံကုသရေး စခန်း (No. 7. C. R.S) တပ်မှူးဖြစ် သည်မို့ အမေက လိုက်ပို့သည်။ ဦးလေးကျော် က သေသေချာချာ စစ်ဆေးပြီး နေ့စဉ် ဆေးထိုးရမည်၊ သုံးလ ဆက်တိုက် ထိုးရမည်ဟုဆို သည်။
သည်နောက်တော့ အမေက လည်း နေ့စဉ်မပို့နိုင်၊ အဖေ ကလည်း တိုက်ခိုက်ရေး ရဲတပ်ဖွဲ့မှာ တာဝန် ထမ်းနေရသူမို့ ရန်ကုန်မြို့ အပြင် စည်းဖြစ်သော ထန်းတစ်ပင်၊ တိုက်ကြီး၊ သာယာဝတီ ဘက်အထိ တပ် နှင့်တွဲ၍ တိုက်ပွဲဝင်နေရသည်။
၁၉၅၃ ခုနှစ်ဦး မြူနှင်းတွေ လူးလွန့်နေဆဲမှာ နေ့စဉ် ကိုလေးက လိုက်ပို့သည်။ တစ်ထည်တည်းသော ကုတ်အင်္ကျီ အညိုလေးကို အိပ်ထဲ လက်နှိုက်ပြီး ခေါင်းငိုက် စိုက်နှင့် လျှောက်လာသော ကိုလေးကို အဝေး က သိသာသည်။ အိမ်ရှေ့ ရောက်မှ ညိုထွေး နှင့် အတူ ပုဇွန်တောင် ဘူတာကြီးကို ကူးကြသည်။ လက်မှတ်ဝယ် သည် ။ ဂေါ်ဒဝင်လမ်း (မြို့မကျောင်းလမ်း) ဘူတာ အထိ ရထားစီးရသည်။ ဆောင်းချမ်း နံနက်စောစောမို့ ရထားတွဲ ထဲမှာ လူရှင်းသည်။ တစ်ခါတလေ ညိုထွေး တို့နှစ်ယောက် တည်း။
မီးရထား ပြတင်းကို ဖွင့်ထား သည်မို့ ဝေ့ဝဲ တိုးဝင်လာသော နှင်း ပွင့်လေးများကို ညိုထွေးက ချစ် သည်။ နှင်းစိုစိုရွှဲ တပို့တွဲမှာ နှင်းမှုန် လေးများ ပါးပြင် လာထိသည်ကို အလိုလို ကြည်နူးနေတတ်သော ညိုထွေးကို သူ့ကိုလေးက မျက်နှာ ချင်းဆိုင် ထိုင်ခုံမှ မျက်တောင် မခတ် ဘဲ ကြည့်နေတတ်သည်။
နှင်းတွေ မြူးသော၊ အအေးထူးသော တစ်ခုသော နံနက်မှာ ကိုလေး က ရုတ်တရက် ညိုထွေး ဘေးကို လာထိုင်သည်။ ညိုထွေးရဲ့ နဖူးဆံစ မှာ တွဲခိုနေသော နှင်းမှုန်လေး များကို အသာအယာ ခါချပေးသည်။ ပြီး တော့ ညိုထွေးရဲ့ လက်ကလေး တစ်ဖက်ကို အသာလေး ဆုပ်ကိုင် ထားလိုက်သည်။
ကိုလေးက တစ်ခုခုပြောတော့ မည်ဟု ညိုထွေး သိနေသည်။
Valentine Day မှာ မျှော်မော ခဲ့ရသော စကားကို ကြားရတော့ မည်မို့ ရင်တွေ ပိုတုန်လာသည်။ သည်လို တယုတယ ပြောမည့်စကား ကို မျှော်ခဲ့ရတာ ကြာပါပြီကော ကိုလေး ရယ်။
ဆောင်းနှင်းအေးအေးနှင့် အပြိုင် သူ့အသည်းဆိုင်ကို အေးမြစေမည့် စကားကို မျှော်နေဆဲမှာ ကိုလေးကတော့ ဝါတော် ရှစ်ဆယ်ရ ဘုန်းတော်ကြီးလို တည်ငြိမ်စွာနှင့် တစ်လုံးချင်း တစ်လုံးချင်းပြောလာ သောစကားကို ကြားလိုက်ရလေ ပြီ။
နှင်းမှုန်ဖွေးဖွေး နဲ့ ဆောင်းလေ အေးအေးမှာ ကိုလေး ရဲ့စကားလုံး လေးတွေ ကြားရပါမှ ညိုထွေးရဲ့ ရင်တစ်ခုလုံး ဟင်းလင်း ပွင့်သလို ခံစားလိုက်ရပါပြီ။ ကမ္ဘာကြီး တစ်ခု လုံး မီးလောင်တိုက် သွင်းခံရလေပြီ ထင်သည်။
ရက်စက်လိုက်တာ ကိုလေး ရယ်။
ညိုထွေးမျှော်နေခဲ့သည်က ကိုလေးရဲ့ ချစ်စကား။
တကယ် ကြားလိုက်ရသည်က ကိုလေးရဲ့ စစ်စကား။
”မစ်ထရစ်ဖြေပြီးရင် ကိုလေး OTS သွားတက်တော့မယ်” တဲ့။
သည်စကား ဆယ့်ငါးလုံးကို ပြောရတာ ဘယ်လောက် ပင်ပန်း သလဲမသိ။ တစ်လုံးချင်း တစ်လုံးချင်း တိုးညင်းစွာ ပြောသည်။ မီးရထား ပြတင်းမှ တစ်ဆင့် အဝေးကို ငေး ကြည့်နေသည်။ သူ့မျက်နှာက အဘိုးအိုကြီးလို အိုရုပ်ပေါက်သွား သည်။ သူ့ရင်ထဲမှာ ဘာတွေ ဘယ်လို ခံစားနေ ရသလဲတော့ မသိ။ သည် စကားတစ်ခွန်း နှင့် ညိုထွေး ရဲ့ အသည်းတွေ ကြွေမွ ကုန်ရပြီကို သူ မတွေးမိလေရော့သလား မသိ။
ထိုအချိန်မှစ၍ စစ်ထဲဝင်သွား သည်အထိ ဘာတစ်ခွန်းမှ မပြော တော့ဘဲ ပြုမြဲအတိုင်း ဝတ္တရားမပျက် ဆေးရုံပို့သည်။
ကျောင်းပို့၊ ကျောင်းကြိုလုပ် သည်။
ထိုနေ့ ထိုအချိန်က ထိုတစ်ခွန်း တည်းသော စကားကို ကြားရပြီး သော ညိုထွေး တစ်ယောက်လည်း နှုတ်ဆွံ့၍ နေတတ်လာသည်။ အံသွားလေး တင်းတင်း ကြိတ်ထား တတ်လာသည်။
ရင်ထဲမှ စကားများက ကာရန်လေးများ အဖြစ် စုဖွဲ့ လွင့်ပျံလာသည်။ ကဗျာလေးများ ပွင့်လျှံလို့ လာသည်။ တိုင်းရင်းမေ ဂျာနယ်ကဗျာ ဥယျာဉ်ထဲ မှာ ဝေ့ဝဲလို့နေ ကြပေ တော့သည်။
၁၉၅၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ အခြားချစ်သူတွေ အတွက် တော့ မသိ။
ညိုထွေးအတွက်တော့ဖြင့် …။

၁၉၆၃ ခုနှစ် ဖေဖော်ဝါရီလ။

ကိုလေးကို ညိုထွေး နားမလည် တာလည်း အမှန်။
၁၉၅၃ ခု ချစ်သူများနေ့မှာ ချစ်စကား မပြောဘဲ စစ်စကားပြော သွားသော ကိုလေးက အဆက်အသွယ် ဖြတ်သွားသည်။
၁၉၆၃ ခုနှစ်မှာ ရုတ်တရက် ပြန်ရောက်လာသည်။
”ညိုထွေးရေ ကိုလေးတို့ လက်ထပ်ကြရအောင်” ဟု တည့်တည့် ရိုးရိုးနှင့် ဒဲ့ဒိုးပြောလိုက်သော အသံ ကို ကြားရလေသော အခါမှာ ညိုထွေး တစ်ယောက် ကိုယ့်နားကို ကိုယ် မယုံနိုင်။
”သွား ..သွား အခုမှ လာ မပြောနဲ့” ဟု အော်ရင်း ထုလိုက် ရိုက်လိုက်ချင်သော်လည်း ရှိသမျှ စွမ်းအားတို့ ဘယ်ရောက်လို့ ဘယ် ပျောက်သွားကြသည် မသိ။
နှစ်ပေါင်းများစွာက စောင့်စား ခဲ့ရသော စကားကို ကြားလိုက်ရ သော ခဏမှာ အလိုလိုခေါင်းညိတ် လျက်သား ဖြစ်သွားရပါတော့ သည်။
ဖေဖော်ဝါရီလ ၁၄ ရက်။
ချစ်သူများရဲ့ နေ့။

၁၉၇၃ ခုနှစ်။

ဦးကိုကိုလေး က တပ်မတော်ထဲ မှာ တပ်ရင်းမှူး ဖြစ်နေပြီ။ လပေါင်း များစွာ စစ်ဆင်ရေး ထွက်နေရသော တပ်မို့ နောက်တန်း တပ်ရင်းမှာ ကျန်ခဲ့ ရသော ဒေါ်ညိုထွေးက သပြေ ပန်း နှင့် ရေချမ်းနှင့် ဆုတွေတောင်း နေရသော ဘဝမှာ ကျင်လည်လို့နေရ ပြီ။
၁၉၅၃ ခုနှစ်က ချစ်စကား မကြားရဘဲ စစ်စကားသာ ကြားခဲ့ရ စဉ်က ညိုထွေး အသည်းတွေ ပူလောင်ခဲ့ရသည်။
၁၉၇၃ ခုနှစ်မှာတော့ ကိုလေး တစ်ယောက်တည်း သာမက တပ်ရင်း တစ်ရင်းလုံး အတွက် စိုးရိမ်စိတ်တွေ ရင်မှာ ပိုက်ရင်း ပြင်းထန်လှစွာ ပူပန်နေရပြီ။ တစ်ခါတစ်ခါ လည်း တွေး မိသည်။ ညိုထွေးရဲ့ ရင်ထဲမှာပါလာ သော အသည်းသည် အမြဲ ပူဖို့များ ပါလာလေသလား မသိ။
ကံကောင်း ထောက်မစွာပဲ ဖေဖော်ဝါရီလ နှင်းမှုန်တွေ ကျနေဆဲ မှာ တပ်ရင်း တစ်ရင်းလုံး နောက်တန်း တပ်ရင်းသို့ ပြန်နားခွင့် ရသည်။ တစ်လ တိတိ နားရမည်။ အတူနေ ခွင့်ရပြီ။
ကိုလေးရဲ့ ပစ္စည်းတွေကို ကား ပေါ်မှချရင်း တပည့်ကျော် တပ်ကြပ် ထွန်းသိန်းက သဇင်ပန်းတွေ အခက် လိုက် အခက်လိုက် ပွင့်နေသာ သစ်ကိုင်းကြီး တစ်ခု ထမ်းချ လာသည်။ သဘာဝ အလျောက် တောထဲက သစ်ပင်မှာ တွယ်ကပ်နေသော သဇင်ဥကြီးတွေ နှင့် အပွင့်ခက်လှလှ ကြီးတွေ ပွင့်နေသော သစ်ကိုင်း ကို ကိုင်းအလိုက် ခုတ်ယူလာခဲ့ပါသတဲ့။ ကဗျာဆန်နေဆဲ ကိုလေးပါလား နော်။
သဇင်ကိုချစ်သော ညိုထွေးက ဘုရားခန်း တစ်ခုလုံး ဝေနေအောင် သဇင်ပန်းတွေ ကပ်လှူလိုက်သည်။
ညစာစားပြီးချိန်မှ သဇင်ခက်ကြီး လှလှတစ်ခက်ကို ယူလာပြီး ကိုလေး ကိုယ်တိုင် ညိုထွေးခေါင်းမှာ လာပန်ပေးသော ခဏမှာ ညိုထွေးရဲ့ အသည်းတွေ ယခင်ကလို ပူမနေရ တော့ပါ။ ကြည်လို့၊ လန်းလို့၊ အေးမြ လို့ နေရပါပြီ။
တိုက်ဆိုင်လှစွာပဲ ဖေဖော်ဝါရီ လ ၁၄ ရက်။

၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ။

ဦးကိုကိုလေးက အသက်ကြီး ပြီ။ ၇၈ နှစ်။
ဒေါ်ညိုထွေးကလည်း မငယ် တော့။ ၇၆ နှစ်။
သူ့ သူငယ်ချင်းများ ဖြစ်သော မာဂရက်မြင့်မြင့်၊ တင်တင်ရီ၊ ခင်ဦးမြင့်၊ သွင်သွင်အေးနှင့် မမြယဉ် တို့က တရားစခန်း ဝင်ချင်သည်ဟု ဆိုလာသည်။ ဆရာတော် ရင်းဖြစ်သော အောင်ဆန်းမြို့ မိုးကုတ် ဝိပဿနာ အဖွဲ့ခွဲ ၇၇ သည် တကယ့်တောရ ကျောင်းကဲ့သို့ တိတ်ဆိတ်သည်။ ကျောင်း၊ ကန်၊ ဘုရားပြည့်စုံ သည်။ နွေရာသီ တရားစခန်း ဖွင့်လျင် ယောဂီ လူနှစ်ထောင်ကျော် လက်ခံ နိုင်သည်။ ထို့ကြောင့် နွေအကြို ဆောင်းကာလမှာ တရားစခန်း ဝင်ခွင့်ရကြသည်။ လူမှုရေး အသင်း အဖွဲ့ ကိစ္စတွေ ရှုပ်နေသော ဦးကိုကိုလေးက တရာစခန်း မဝင်နိုင်။
ဆယ်ရက် တရားစခန်း သိမ်းသောနေ့ကျမှ ဦးကိုကိုလေးက လာကြိုနေရသည်။ ဆရာတော် ဘုရား၏ တရားစခန်းသိမ်း တရားပွဲ နာပြီးသောအခါ ဓမ္မဝိဇ္ဇာ ဓမ္မာရုံကြီးပေါ် မှ ယောဂီများ အတွဲလိုက် အတွဲလိုက် ဆင်းလာကြသည်။
ဒေါ်ညိုထွေး တို့အုပ်စုကတော့ မော်တော်ကားကို မှီလျှက် လက်ပိုက်ရပ်နေသော ဦးကိုကိုလေး ရှိရာ လျှောက်လာကြသည်။ တရားစခန်း မို့ ဖြည်းဖြည်းမှန်မှန် လျှောက် လာရ သည်။ ငယ်စဉ်ကလို အပြေးလေး မဟုတ်တော့။
အသက် အကြီးဆုံး မာဂရက်က စကားစသည်။
”မိညိုထွေး ကို စိတ်မချလို့ လာ စောင့်နေတာလားဟေ့” ဟူသော အမေးနှင့် အတူ ဦးဝင်းလွင်က စကားဆက်သည်။
”ဟိုး နှစ်ပေါင်းခြောက်ဆယ် ကျော်က ကျောင်းဆင်းချိန် မှာ ဓာတ်တိုင် မှီရင်း စောင့်ရတဲ့ အကြိုတော်က ခုတော့ မော်တော်ကားကြီး မှီရင်း စောင့်နေပါရောလား” ဟု အတိတ် ၏ အရိပ်ကိုဖော်သည်။
သည်တော့မှ
”ကျောင်းမှာ လာကြိုတုန်းက ဝိုင်းရိုက်ချင်တယ် ဆိုတဲ့ ကိုဝင်းလွင် က ခုလို တရားစခန်းမှာ လာကြိုတော့ ရော ရိုက်ချင်တုန်းပဲလား” ဟု ညိုထွေးက မေးလိုက်သည်။
ကိုဝင်းလွင်ကလည်း စက္ကန့် မဆိုင်း။
”မရိုက်ချင်တော့ပါဘူးဗျာ၊ ဂါဝန် အပြာနဲ့ ကျောင်းသူလေး မဒေါ်လီကို လာကြိုတာ မဟုတ်ဘဲ ယောဂီဝတ်နဲ့ အဘွားကြီး ဒေါ်ညိုထွေးကို လာကြိုတာမို့ ရိုက်ဖို့ စိတ် မကူးတော့ပါဘူး” ဟု ပြန်ပက်လိုက် သည်။
သည်လို ငယ်သူငယ်ချင်းတွေ အချီအချ ပြောနေကြဆဲမှာ ဦးကိုကိုလေး က ကားထဲမှာ အသင့်ပါလာသော သဇင်ပန်းတွေကို ယူလိုက်ပြီး ဒေါ်ညိုထွေး ကို ပေးလိုက် သည်။
သဇင်ပန်းတွေ ကလည်း လန်းဆန်း လတ်ဆတ်နေသော်လည်း ပန်းတွေ လှမ်းပေးသော ဦးကိုကိုလေးက အိုနေပြီ။ တစ်ခေါင်းလုံးနီးပါး ပြောင်လုလု ဆံပင်တွေက ကျွတ်နေ ပြီ။
သဇင်ပန်းတွေ လှမ်းယူလိုက် သော ဒေါ်ညိုထွေး ကလည်း ဆံပင် တွေ ဖြူနေပြီ။
သို့သော် …
သို့သော် …
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တော့ ထာဝရ ချစ်သူများ အတွက် နှစ်စဉ်နှစ်စဉ် ကျရောက်လာပေလိမ့် မည်ဆိုတာ သေချာလှပါ၏။

မောင်ဆွေသက်

ရတီမဂ္ဂဇင်းမှ ရှာဖွေမျဝေပေးသည်။

အေးချမ်းမွန်

No comments:

Post a Comment