လက်တံရှေ လက်တံတို
ခင်လေးကို အလွန်ကြိုက်လို့ ၊ နှိုက်လိုက်ပါတဲ့ လက်တံရှေ ၊ ပျောင်းပြော့လို့ခွေ။
လက်တံရှေ ပျိုမမုန်း ၊ လက်တံတို ပျိုမမုန်း။
မွေးမိခင် အိပ်ပျော်ခိုက်မှ ၊ လက်တံရှေနှင့် ရွှေယောင်ငိုက်ကဲ့ ၊ လက်တံတိုနှင့် ရွှေယောင်ငိုက်ကဲ့ ၊ နှိုက်လှဲ့ပါအုံး ၊ … နှိုက်လှဲ့ပါအုံး။
စကား ။ ။ (ရာမညတိုင်း ၊ မွန်တို့တိုင်းမှာ ၊ တလိုင်းဘာသာ ၊ ဓလေ့ဟာမို့ ၊ ကညာပျိုမိ ၊- စုလျားအမှီး ၊ အနားနီးချင်တဲ့ ၊ ရားဇည်းကလေးများရှိမှဖြင့် ၊ အသိအမြင် ၊ အထင်အရှား ၊ - အိမ်မခန်းအထက်က ၊ ဖောက်လို့မို့ ၊ ၀က်ပေါက်ကယ်လို့ ထားရပါသတော့ ၊ ရည်းစားဆိုတာ ၊ ဘယ်လိုပင် နှစ်ကိုယ်တွေ့လိုသော်လည်း ၊ နေ့ကိုဖြင့်မလာပါဘူးတဲ့ ၊ ညအခါဆိတ်ဆိတ် ၊ လူခြေတိတ်ကိုမှ ၊ ပိတ်လှအောင် ခေါင်းမြီးခြုံပြီးလျှင် ၊ တွေ့ကြုံလိုသူ ၊ ပျိုဖြူဖြူနှင့်၊ လှစ်ကြူစကား ၊ ပြောလိုငြားက၊ ကြိုးစား၍တစိုက် ၊- ဒေါင်ရွှေနှင့် ပိန်စောက်များဖြင့်၊ အိမ်အောက်က အသာရပ်ပြီး ၊ ဇပ်ခနဲ နှိုက်လိုက်တာပဲ။
ခပ်တိုက်တိုက် ခပ်ပုပု ၊ - သည်လူများခက်ပုံကတော့ ၊ လက်ဆုံကိုခုမို့လို့ ၊ မီလုမီခင်… ခြေဖျားနှင့် ထောက်လို့မှ ၊ အပေါက်ကိုမ၀င်သောကြောင့် ၊အပင်အပန်း ၊ အကျွမ်းအလှိုက် ၊အထက်ကိုလူပြီးလျှင် ၊ အသက်ရှူခပ်အိုက်အိုက်နှင့် ၊ အားစိုက်သည့်အခွင့် ၊ လက်ဆုံပေါ်တုံးဆင့်လို့ ၊ မြင့်ရာကတကတဲ ၊ တုံးလိမ့်လို့လဲတာကြောင့် ၊ ထိပ်ပြဲလူလည်းအနတ္တ ၊ တာနှင့်မှငြိမ်မနေ ၊ ရှုပ်ပွေသည့်စရိုက် ၊ - ကြင်ကြင်အရေး ၊ တဟင်ဟင်ဆွေးပြီးလျှင်၊)…
ခင်လေးကို အလွန်ကြိုက်လို့၊ ညည့်နက်သန်းခေါင် မိုးမှောင်မိုက်၊ နှိုက်လိုက်ပါတဲ့ လက်တံရှေ။
ဆင်နှာမောင်းလို အခါခါဆော့သပ၊ ထင်ရာကို ၀င်ကာနော့၊ ပျောင်းပြော့လို့ ခွေတယ်လေလေ။
ဟိုဟိုသည်သည်၊ လိုက်ကာစမ်းလို့၊ သရမ်းလှတဲ့ ကိုလက်တံရှေ၊ - ကြာတော့အမေနိုးရော့၊ ပိန်ရှေရှေမောင့်လက်ညှိုးကို၊ ချိုးလိုက်လိမ့် ဖေငယ်လေလေ။
ကညာတမေ ညက်စံနုမှာတော့၊ တခါလေ ဆက်ဆံမှုကြောင့်၊ လက်တံပုနှင့် လက်တံရှေဟာ၊ တလှည့်စီယဉ်မကိုဋ်ကို၊ စမ်းနှိုက်ကြရှာတယ်လေလေ။
အထူးမှတ်လို့ ယူပိုက်ကာ၊ နဖူးစပ်သို့ သူနှိုက်လာ။
ကွက်ညှိမထောက်လို့ ယူလိုက်တာ၊ မျက်စိပေါက်သို့ သူနှိုက်လာ။
အကြောင်းမှောက်လို့ ရှူရှိုက်ကာ၊ နှာခေါင်းပေါက်သို့ သူနှိုက်လာ။
အကြပ်ရောက်လို့ ပူခန်းဖြာ၊ ပါးစပ်ကောက်သို့ သူစမ်းလာ။
ထားမိမိငဲ့ ဘ၀င်ဖိုလှိုင်၊ ယားကျိကျိနဲ့ ရင်ကိုကိုင်တော်။
ထားမှာကြောက်လို့ ရင်ဖျားဖို၊ ခါးကရှောက်လို့ တင်ပါးကိုတော်။
မဖွယ်ခင်းနှင့် ပူဟိုက်တုန်၊ အမယ်မင်းရဲ့ သူနှိုက်ပုံရှင်။
အကြောတွန့်ခဲ့ ဆူလှိုက်ခုန်၊ မပြောဝံ့တဲ့ သူနှိုက်ပုံ။
အလွဲမှားလို့ ပူမှုရှာ၊ အသဲယားဘို့ သူပြုတာတော်။
အခြေညှိုးပြော့ ရုပ်ဖျောက်ကွယ်၊ အမေနိုးတော့ ကျုပ်ကြောက်တယ်။
ဇွတ်သာရုံးလို့ နှစ်ကိုပြိုင်၊ လွှတ်ပါအုံးလို့ မဆိုနိုင်။
စရိုက်ရူးခဲ့ ခက်ရန်လေ၊ အနှိုက်ထူးတဲ့ လက်တံရှေ။
ထိပ်ညှာဖျားပဲ့ မျက်မာန်ပို၊ ဆိပ်ကာသွားတဲ့ လက်တံတိုတော်။
စိန်ညှာနွဲ့သို့ ပြင်းဆွဲနယ်၊ လိမ်ကာဖဲ့လို့ ညှင်းဆဲတယ်။
အမယ်မင်းငယ်မှ၊- ကျွမ်းကြွေသပ၊ နွမ်းခွေလျ၊ ဆန်းပွေကြတုန်း၊ လက်တံရှေဆို၊ လက်တံတို ပျိုမမုန်းဘူး၊ အဆုံးတရား ဖန်သမျှရယ်နှင့်၊ ကံကျရာ ညားစေဟု၊ နှစ်ယောက်သား လူပျိုစင်တို့ရဲ့၊ တွေးမိလျှင် စိတ်အတော်အိုက်ကြလိမ့်၊ ဆွေးရိအင် မိတ်နှစ်ဖော်ကြိုက်ရသူမို့၊ မွေးမိခင် အိပ်ပျော်တဲ့အခိုက်ကိုလ၊ ဘဍာကို နံသာရိုက်ပမယ်၊ မောင်တို့စိတ်ကြိုက်၊- အကျိုးမယွင်း၊ ကတိုးယမင်းကလေးကို၊ မိုးလင်းအောင် နှိုက်တော်မူကြပါတော့ရှင်။….:p
ကဗျာအမျိုးအစား။ ။ နွယ်သာကီ သံဖြတ်
ကဗျာစာဆို။ ။ ပုဇွန်တောင် ဆရာခ၊ မြန်မာသက္ကရာဇ် ၁၂၅၃ ခုနှစ်
မူရင်းစာအုပ်ပါ သတ်ပုံအတိုင်း ကူးယူဖော်ပြသည်။
(ဘွရှင်)
https://www.facebook.com/notes
No comments:
Post a Comment