“ မိုးညို မင်းဘယ်လိုမြင်လဲ”
“ဘယ်လိုမြင်ရမှာလဲ? အခုတစ်ခေါက် စာရွက်စာတမ်းတွေဒီလောက် ပေါက်ကရဖြစ်နေတာ။
ငါက programme ဘက်အနေနဲ့ လိုက်မယ်၊ အဲ့လိုပဲ Logistics နဲ့ Finance ဘက်ကလဲ တစ်ယောက်စီ
လိုက်ခဲ့ကြပေါ့။ အဲဒီအခါမှ စာရွက်စာတမ်းမစုံရင်လဲ ဘယ်သူ့ဘယ်ဌာနမှ အပြစ်တင်စရာမရှိတော့ဘူး။
ငါ့ဝန်ထမ်းတွေက တစ်ယောက်တည်း ၃-၄ရွာထိ လုပ်ရကြတယ်။ program ကလဲ တစ်ရွာကို၃ခုစီ။
တစ်ရွာတစ်ရွာမှာ Beneficiaries က မရှိဘူးဆို အနည်းဆုံး ၁၂၀ ကနေ ၁၅၀ ကြား။ အချိန်က သိပ်ကပ်နေပြီ။ မြို့နယ်တွေမှာ နေရေး ထိုင်ရေး စားရေးသောက်ရေး အကုန်တာဝန်ယူတယ်။ လိုက်သာလိုက်ခဲ့ကြ”
မိုးမကျခင် ကွမ်းခြံကုန်း၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး ၄ မြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့်
ငွေစုငွေချေးလုပ်ငန်းများအတွက် ရန်ကုန်ရုံးချုပ်၌ တတိယအကြိမ်အစည်းအဝေးထိုင်ဖြစ်ကြပါသည်။
ပထမအကြိမ် အစည်းအဝေးက စီမံချက်အစည်းအဝေး၊ ဒုတိယအကြိမ်က လုပ်ငန်းဖော်ဆောင်ရေး။
ဒုတိယအကြိမ် အစည်းအဝေးအပြီး၌ ကွမ်းခြံကုန်းမြို့နယ်၌ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်
လိုအပ်သော စာရွက်စာတမ်းများ မစုံလင်မှု၊ ခန့်မှန်းမထားသော အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရသဖြင့်
ရှေ့ဆက်လုပ်ကိုင်ရမည်များအတွက် တတိယအကြိမ် အစည်းအဝေးထိုင်ကြခြင်း။
ဝန်ထမ်းအင်အားမလုံလောက်ခြင်း၊ ပံ့ပိုးမှုအချိန်အကန့်အသတ်ရှိခြင်း၊ ရန်ကုန်ရုံးချုပ်မှ စာရွက်စာတမ်း
ဆိုင်ရာ ထောက်ပံ့ပေးမှုမလုံလောက်ခြင်းတို့ကြောင့် အခက်အခဲများစွာ တွေ့ကြုံခဲ့ကြရသည်။
နောက်ဆုံးမှာတော့ စီမံကိန်းဌာမှ ကွင်းဆင်းဝန်ထမ်းများ၏ အရည်အချင်းမရှိမှုဆိုသော ခေါင်းစဉ်ကို
ငွေစာရင်းဌာနနှင့် ထောက်/ပို့ဌာနမှ တပ်ဆင်ပေးလိုက်သဖြင့် ကျွန်မ အတော်လေးကို မခံမရပ်နိုင်
ဖြစ်နေခဲ့သည်။
တကယ်တမ်းကျွန်မကိုယ်တိုင်လိုက်မည်ဆိုတော့ ကျွန်မ၏အထက်အရာရှိ ၂ ဦးလဲ မျက်လုံးပြူးကြသည်။
အဘယ်ကြောင့်ဆိုသော် လုပ်ငန်းနှင့်ပတ်သတ်လျှင် သူတို့ကိုပင် မကြာခဏ ပြန်ပြန် ကြပ် တတ်သော
ကျွန်မ ... ကွင်းဆင်းဝန်ထမ်းများအား ကြပ်မှာစိုးရိမ်ကြသည်။ ငွေစာရင်းနှင့် ထောက်/ပို့ ၀န်ထမ်းများလဲ
ဘယ်သူ မဲ ပေါက်မလဲဆိုပြီး မျက်ခုံးလှုပ်ကြသည်။ သူတို့က များသောအားဖြင့်ရုံးချုပ်၌သာ အဲယားကွန်းလေးအောက် အင်တာနက်လေး နဲ့ ကော်ဖီလေးနဲ့ အလုပ်လုပ်တတ်ကြသူများ။ ကွင်းဆင်းအတွေ့အကြုံမရှိသူများ။ ကျေးရွာတွေမှာ တွေ့ရတတ်သော အခက်အခဲများ၊ ရွာသူရွာသားများ၏ လိုအပ်ချက်နှင့် စီမံကိန်းမှ ထောက်ပံ့ပေးမှုများ မတိုက်ဆိုင်သည့် အခက်အခဲများ၊ လမ်းခရီးအခြေအနေများကို သေချာမသိကြပါ။ ထို့ကြောင့်လဲ အလုပ်တစ်ခုခု နှောင့်နှေးတိုင်း အရည်အချင်းမရှိဘူးဆိုသည့် စကားကို တွင်တွင်သုံးကာ ဒေသတွင်းအခက်အခဲများကို ထည့်သွင်းစဉ်းစားခြင်း မပြုတတ်ကြပေ။ ထို့ကြောင့် တမင်တကာပင် ညစ်တွန်းတွန်းပြီး ထိုဌာန ၂ ခုမှ ၀န်ထမ်းများ ကျေးရွာထိ မပါ ပါအောင် ခေါ်နေစေခြင်းဖြစ်သည်။ သို့မှသာ ကိုယ်ချင်းစာတတ်ကြမည်။ အခြေအနေမှန်ကို သဘောပေါက်ကြမည် ဖြစ်သည်။
တိုတိုပြောရလျှင် စီမံချက်အကောင်အထည်ဖော်ရန် ကျန်ရှိနေသော ဒေးဒရဲနှင့် ဖျာပုံသို့ ခရီးစဉ်
တစ်ဖြတ်။ ၁၄ ရက်မှ ရက် ၂၀။ ကျေးရွာ ၃၀ တိတိ။ ဘိုကလေးသို့ ခရီးစဉ်တစ်ဖြတ်။ ၁၂ ရက်မှ
၁၆ရက်။ ကျေးရွာ ၁၅ ရွာ။ မိုးဦးလေဦးမှာ ရက်အတိအကျကို မခန့်မှန်းနိုင်ပါ။ ကုန်းလမ်းခရီးသာမက
ရေလမ်းခရီးလည်းပါဦးမည်။ ကျွန်မတို့ ၃ ယောက်အတွက် ကားတစ်စီးစီစဉ်မည်ဟု ငွေစာရင်း မှပြောသောအခါ “တစ်အချက် ၃ ယောက်တည်းသွားမှာ၊ နှစ်အချက် ကုန်းလမ်းခရီးချည်းပဲမဟုတ်ဘူး။ သုံးအချက် မင်းတို့စီစဉ်မယ့်ကားက စီမံချက်ဧရိယာအတွင်းမှာ သုံးနိုင်ဖို့ မသေချာဘူး။ ဒါကြောင့် ငါ့ဝန်ထမ်းတွေ သွားရိုးသွားစဉ်အတိုင်း public transport နဲ့ပဲသွားမယ်။ Field ထဲမှာတော့ ဂျစ်ကားရဂျစ်ကား၊ လှေရလှေနဲ့ပဲ”ဟုပြောကာ ခရီးစထွက်ဖြစ်ကြပါသည်။
မနက်စောစော ရန်ကုန်ပန်းဆိုးတန်း ဆိပ်ကမ်းမှာထွက်ကာ ဗင်ကားနှင့် ဆက်လက်ချီတက်တော့
ဒေးဒရဲမြို့ကိုနေ့ခင်းပိုင်းမှာရောက်ခဲ့သည်။ ထိုနေ့အတွက် ရွာများသို့သွားဖို့မလိုသေး။
ကျွန်မက စိုက်ပျိုးရေး မြို့နယ်မန်နေဂျာနှင့် မျိုးစပါးကိစ္စအတွက် သွားတွေ့ရသည်။ ငွေစာရင်းဌာနမှ
မသီတာက ဒေးဒရဲအခြေစိုက်ရုံးတွင် စာရွက်စာတမ်းများပြင်ဆင်ရသည်။ ထောက်/ပို့မှ ကိုအောင်ပြည့်က
ရွာများ၌သင်တန်းပို့ချပြီးဖြစ်သော သဘာဝဓါတ်မြေသြဇာပြုလုပ်ရန် ပစ္စည်းများ ရှာဖွေရင်း နှင့် စီမံကိန်း
မှ ပေးဝေမည်ဖြစ်သော ကြက်များ၊ ၀က်များ၊ ဘဲများ အတွက် ဈေးနှုန်းများစုံစမ်းနေရသည်။
ညနေပိုင်းမှ မြို့နယ်တာဝန်ခံ၊ ကွင်းဆင်းဝန်ထမ်းများနှင့် ကျေးရွာခရီးအစီအစဉ်များ ရေးဆွဲနေကြသည်မှာ
ည ၉ နာရီထိုးလုလု။ ဒေးဒရဲကို ရောက်ရောက်ချင်းစားထားသည့် နေ့လည်စာအပြင် ကျွန်မတို့ ၃ ဦးလုံး
ဘာမှမစားရသေး။ အလုပ်မပြတ်သေးသဖြင့် တကြုတ်ကြုတ်မြည်သံပေးနေသည့်ဗိုက်ကို လျစ်လျူရှုထားတာ အတော်ပင်အချိန်လင့်ခဲ့ပြီ။ ခရီးစဉ်ဆွဲပြီးတော့ ည ၈း၅၀။ ရေမချိုးနိုင်တော့။ ထမင်းစားဖို့ ၀န်ထမ်းအားလုံးထွက်ခဲ့လိုက်ကြသည်။ စောစီးစွာ အိပ်ယာဝင်တတ်သော နယ်မြို့များဖြစ်သည့်အတိုင်း ရုံးတည်ရှိရာ ကမ်းနားလမ်းတလျှောက် မြစ်ဆိပ်ဘီယာဆိုင်မှ အပ ဘာဆိုင်မှ မရှိတော့ချေ။ နယ်ခံဝန်ထမ်း ကိုအောင်ကြီးက ရွှေမောင်းတော့ရှိတယ်။ ဘီယာဆိုင်ပေမယ့် လူသန့်ပါတယ်။ အဲဒီကိုပဲ သွားကြရအောင်ဆိုတော့ မငြင်းမိ။ကမ်းနားလမ်းအတိုင်း လျှောက်လာခဲ့ရင်း ၀ါးကပ်ဆိုင်များ၊ သစ်ဆိုင်များအား ကျော်လွန်ပြီး ပုဇွန်ဒိုင်များ အကျော်တွင်ဆေးလိပ်မီး တရဲရဲကိုမြင်ရသည်။ မီးပျက်ရက်၊ လမိုက်ည၌ လူ ၁၀ယောက်ကျော်မှ လက်နှိပ်ဓါတ်မီးက
၃လက်တည်း။ မြင်နေရတာက ၂ပေခွဲလောက် တက်လိုက်ကျလိုက် ဆေးလိပ်မီးဟု ယူဆရသော မီးစတစ်ခု။ ဘာကြီးလဲမသိဘူးနော် ဟု ပြောရင်း ကျွန်မလက်ကို ဆွဲကိုင်လာသည့် မသီတာရဲ့ လက်ကတော့ ရေဆွတ်ထားသလို အေးစက်စက်နှင့်ချွေးစေးများပျံနေသည်။ ကျွန်မကတော့ မကြောက်မိ။ ဘာများလဲဟု စူးစမ်းချင်စိတ်တော့ဖြစ်မိသည်။
“ကိုအောင်ကြီး .. ကိုအောင်ကြီး” အရှေ့မှ စိုက်စိုက် စိုက်စိုက်နှင့် သွားနေသော ကိုအောင်ကြီးကို ခပ်အုပ်အုပ် ခေါ်တော့ “ဝေ ပြော ငါ့နှမ” ဆိုပြီး ပြန်အော်သည်။ သူအော်မှ လန့်သွားမိပြီး ကြိတ်ရယ်ရသေးသည်။
“ကိုအောင်ကြီး .. ဟို မီးက ”
“ဦးလင်းပါဟာ... သရဲမဟုတ်ဘူး။ မကြောက်နဲ့”
“အဲဒီ ဦးလင်းဆိုတာ ဘယ်သူလဲတော့်.. မသိလို့မေးတာကို”
ကျွန်မမေးတာကို ပြန်မဖြေသေးဘဲ ကျွန်မတို့ သူ့နားရောက်သည်အထိ ရပ်စောင့်နေပြီးမှ
“ပုလွေလေးမှုတ်ပြီး တောင်းစားတဲ့ အဖိုးကြီးနဲ့ အမယ်ကြီးပါ ငါ့နှမ... အဖိုးကြီးနာမည်က ဦးလင်းတဲ့
အမယ်ကြီးနာမည်က ဒေါ်ဒေါင်းတဲ့..... သားသမီးတွေလဲ ဘယ်ရောက်နေမှန်းမသိ... နှစ်ယောက်စလုံး
မျက်စိကွယ်ရှာပြီ... အိုကြီးအိုမကျမှတောင်းစားနေကြရတာ သနားဖို့ကောင်းပါတယ်ကွာ.. ဒီကြားထဲ
အမယ်ကြီးက ကိုယ်တခြမ်းလေထိထားသေးတယ်.. အရင်ကဆို အဖိုးက ပုလွေလေးမှုတ်.. အဖွားက
သီချင်းဆိုနဲ့ မနက်ဆို ဈေးနားမှာ.. နေ့ခင်းနဲ့ ညနေဆို ဒီကမ်းနားမှာပေါ့”
ဆက်လျှောက်လာရင်း ပြောရင်းနှင့်ပင် အဖိုးဦးလင်းတို့ကို အတော်ပင်ကျော်ခဲ့ပြီ။ ရွှေမောင်းဆိုင်ကို
ရောက်တော့ ထမင်းတွေဟင်းတွေမှာပြီးမှ ဘာမှဟုတ်တိပတ်တိမစားနိုင်။ ဘာမှန်းမသိ ရင်ပြည့်နေသလို
ဖြစ်နေသည်။ အလုပ်ကိစ္စတွေ စဉ်းစားရင်း အဖိုးလင်းနှင့် အဖွားဒေါင်းတို့ဆီ စိတ်က တချက်တချက် ရောက်သွားမိသည်။ ဘေးမှ မသီတာက တံတောင်နှင့်တွက်မှ ပိုက်ဆံရှင်းဖို့ ငွေထုတ်ပေးမိသည်။ ကျွန်မကို အရိပ်လိုကြည့်နေတတ်သော မြို့နယ် မန်နေဂျာဆရာစောနှင့် ကိုအောင်ကြီးက နေမကောင်းလို့လားဟု မေးနေရင်းပင်
သူတို့စိုးရိမ်နေသော မိုးကတဖွဲဖွဲကျလာပြန်သည်။ တယောက်မှ ထီးမပါလာကြပါ။ မိုးရေကြိုက်လွန်းသော
ကျွန်မပင် မြစ်ဖက်မှ တိုက်ခတ်လာသော လေအေးအေးနှင့် မိုးစက်တွေကြောင့် ချမ်းတုန်လာမိသည်။
အဖိုးလင်းထိုင်နေရာ နေရာနားမရောက်ခင် မိုးဖွဲဖွဲမှ မိုးသည်းသည်းသို့ပြောင်းသွားသည်။ လေကလည်း
ပိုထန်လာသည်။ ဆေးလိပ်မီးရောင်ကိုတွေ့တော့ ကျွန်မ စိတ်ထဲက တစ်စုံတစ်ရာက ပွင့်အန် ထွက်လာသည်။
“ကိုအောင်ကြီး လက်နှိပ်ဓါတ်မီး ညို့ကိုပေးစမ်းပါ” ဟုပြောရင်းနှင့်ပင် လက်နှိပ်ဓါတ်မီးကို ဆွဲယူကာ
လမ်းတဖက်သို့ ဖဲ့ဆင်းလိုက်သည်။
ဟုတ်ပါသည်။ ထိုနေရာမှာ ခုနကထက် နောက်နည်းနည်းဆုတ်ကာ ဆေးလိပ်မီးကို တွေ့လိုက်ရသည်ပဲ။
မိုးရွာနေဆဲမှာပင် ဘာကြောင့်ဆေးလိပ်မီး ရဲတောက် နေဆဲပါလဲ? လက်ဖက်ရည်ဆိုင်ဟု ထင်ရသော
ဆိုင်ကုပ်ကုပ်လေး၏နံဘေးမှာ သက်ကယ်များနှင့် တဖက်ရပ် အဖီဆွဲထားသော မြေစိုက်တဲလေး။
ထိုထဲ၌ ကမ္ဗလာမြေမွေ့ယာပေါ် အခင်းမရှိ ခြုံစောင်မရှိလှဲလျောင်းနေသော အမယ်အို။ ဘေးမှာက
အမယ်အို့လက်ကို လက်တစ်ဖက်ကဆုပ်ကိုင်ကာ ဆောင့်ကြောင့်ထိုင်ရင်း ကျန်လက်တစ်ဖက်မှ
ဆေးလိပ်ဖွာနေသော အဘိုးဦးလင်း။ ချမ်းသာသမျှထဲက အနွေးဆုံးဟု ယူဆရမည့် တိုက်ပုံတစ်ထည်က
အဖွားကိုယ်ပေါ်မှာ လွှမ်းခြုံပေးထားသည်။ သို့သော် အဖိုး၌မူ စွပ်ကျယ်လက်တို ခပ်ပါးပါးတစ်ထည်သာ။
မျက်စိမမြင်ရဟုဆိုသော်လည်း မီးရောင်နှင့်ခြေသံကိုတော့ အဖိုးသိပုံပေါ်သည်။ ဟေ့ ဘယ်သူလဲကွ
ဆိုသည့် မာန်တင်းထားသည့် အသံ၌ပင် အားသိပ်မပါလှ။ အသက်အရွယ်ကြောင့်လော အချမ်းဒဏ်ကြောင့်လော မခွဲခြားနိုင်ပေမယ့် အသံက တုန်ယင်အားပျော့နေခြင်းကို အမှတ်ထားမိသည်။ ကျွန်မကို စိတ်မချစွာ လိုက်ပါလာသော ကိုအောင်ကြီးက တဲငယ်လေးထဲ ခေါင်းငုံ့ဝင်သွားပြီး
“အဖိုး ကျွန်တော် ဦးမိုးဇော်သား အောင်ကြီးပါခင်ဗျ။ ဒီက ဆရာမလေးက အဖိုးတို့ဘာများ အကူအညီလိုနေလဲ ဆိုပြီး ၀င်ကြည့်ချင်တယ်ဆိုလို့ ကျွန်တော်တို့ ၀င်လာတာပါခင်ဗျ။ အဖွားနေကောင်းရဲ့လား?”
ကျွန်မ မပြောဖြစ်ပေမယ့် ရင်ထဲရှိသော စကားများကို ကိုအောင်ကြီးတစ်ယောက် ပြောချသွားရင်း
အဖိုးနားမှာ ဒူးထောက်ထိုင်လိုက်ချိန် ကျွန်မနောက်မှ တီးတိုးသံများကြောင့် လှည့်ကြည့်တော့ တစ်ဖွဲ့လုံးပင် ရှိနေကြသည်။
“အောင်မလေး သူတော်ကောင်းလေးတွေဟဲ့။ မယ်ဒေါင်း ထကြည့်စမ်း ထကြည့်စမ်းပါအေ။ ငတို့အဖိုးကြီး
အမယ်ကြီးနှစ်ယောက်သား ဖျားနာနေတာများ သိနေကြသလားကွယ်။ ကူကြပါဦး သားတို့ သမီးတို့ရယ်။
မင့် အမယ်ကြီး ငန်းဖမ်းနေတာ တစ်နေ့နဲ့ တစ်ညရှိပြီကွယ့်။ ငါ့မလဲ ဘာမှမရှိလို့ ကွမ်းရွက်လေးသာ ဈေးထဲက တောင်းရမ်းပြီး ပြုတ်တိုက်ထားရတာပဲ။ ကြည့်စမ်းပါဦးကွယ်”
ဒီတခါတော့ စိတ်ထက်အရင် ကျွန်မ၏ ခြေတို့က တဲငယ်လေးထဲ ရောက်နှင့်ပြီးလေပြီ။ အဖွားနဖူးလေးကို
ခပ်ဖွဖွစမ်းလိုက်တော့ ပူခြစ်တောက်နေသည်။ အဖိုးကို အားပေးမည်ဟု သူ့လက်ကို ဆုပ်ကိုင်မိတော့ အဖွား၏ ကိုယ်အပူချိန်နှင့် မခြား ပူလောင်နေသဖြင့် ရုတ်တရက် လက်ကိုပြန်ရုတ်မိသည်။ ဘာမှဆက်မပြောနိုင်တော့။ လူ ၄ ယောက်နှင့်ပင် ပြည့်လုမတတ်ဖြစ်နေသော တဲငယ်ထဲသို့ ၀င်မလာပေမယ့် တဲဝမှ ပြူတစ် ပြူတစ်လုပ်နေသော ဆရာစောအား
“ဆရာရေ... ရုံးက ဆရာဝန်တစ်ယောက်ယောက် သွားခေါ်ပေးပါ။ အခုလောလောဆယ် ဘယ်သူ့မှာ
rain coat ပါလဲ။ ကျွန်မကိုပေးပါ။ အဖိုးနဲ့အဖွားသိပ်ချမ်းနေပြီ။ ပြီးတော့ နောက် တစ်ယောက်က ရွှေမောင်းမှာ ဆန်ပြုတ်ဖြစ်ဖြစ် ခေါက်ဆွဲပြုတ်ဖြစ်ဖြစ် သွားဝယ်ပေးပါ။ ဆရာစောရေ ရုံးက ဓါတ်ဘူးတစ်ခုနဲ့ ရေနွေးထည့်ခဲ့ပါဦး။ မီးအိမ်အကြီးတွေလဲ ၂-၃လုံး ရှိသလောက်သာယူခဲ့ပါ။ ပြီးတော့ ကျွန်မရဲ့ အိတ်ထဲမှာ စောင်တစ်ထည်ပါတယ်။
ကျောပိုးအိတ်ထဲမှာ ရှောပုဝါ အထူတစ်ထည်ရှိသေးတယ်။ အဲဒါတွေပါယူခဲ့ပါဦး။ မသီတာ၊ကိုအောင်ပြည့်နဲ့
ကျန်တဲ့သူတွေ ရုံးမှာပြန်နားနှင့်ပါ။ ဆရာစောနဲ့လိုက်သွားကြပါ။ မနက် ခရီးထွက်ရဦးမှာ။ ညို နောက်မှ လိုက်ခဲ့ပါ့မယ်”
ကပေါက်တိကပေါက်ချာ တရစပ် မှာကြားပြီး တစ်မိနစ်အတွင်းမှာ ကျွန်မလက်ထဲသို့ rain coat ၄-၅ ထည်ရောက် လာခဲ့သည်။ အဖွားနဲ့အဖိုးတို့ကို ၂ထည်စီ ထပ်ဝတ်ပေးပြီး လက်ထဲမှာ တစ်ထည်ပိုနေတော့ ညီမ၀တ်ထားလိုက်ပါ ဆိုပြီး မသီတာရဲ့ အသံကို ကြားရသည်။
“အယ်.. အစ်မ ပြန်နှင့် ပြန်နှင့် .. ဒီမှာ ဘယ်လောက်ကြာမယ်မသိဘူး။ ရော့ ဒီ rain coat ၀တ်သွား.. အပြင်မှာ မိုးသည်းနေတုန်းပဲ။ ဖျားနေဦးမယ်။ သွား သွား” ဟု တွန်းလွှတ်လိုက်ရသည်။
အိပ်ယာမှ အနှိုးခံရပြီး အိပ်မှုံစုံမွှားထလာသော ဆရာဝန်ကိုရဲနောင်တစ်ယောက် အဖိုးတို့နှစ်ယောက်အား
LED မီးအိမ်အလင်းအောက်မှာ သေသေချာချာ စမ်းသပ်စစ်ဆေးပြီး ဆေးထိုးပေးရင်း ကျွန်မကို လက်ကုတ်ကာ အပြင်သို့ခေါ်ပြန်သည်။
“အဖွားက အခြေအနေမကောင်းဘူးညီမ.. ဆေးရုံပို့သင့်တယ်။ ကျွန်တော်လုပ်နိုင်တာတော့ လုပ်ပေးထားတယ်။ ဒါပေမယ့် စိတ်ချစရာမရှိဘူး။ အဖျားနဲ့ အာဟာရပြတ်တာနဲ့ မိုးဒဏ်လေဒဏ်နဲ့ ပြီးတော့ နေရတဲ့ ပတ်ဝန်းကျင်ကိုလဲကြည့်ဦး။ ဒီမှာဆက်ထားရင်တော့ နလန်ပြန်ထူဖို့ ..................”
သူပြောမှ ပတ်ဝန်းကျင်ဆိုတာကို ကြည့်မိတော့ ပုဇွန်ဒိုင်မှ အပုတ်အရွဲတွေ စွန့်ပစ်ထားလေသလား။ ခေါင်းရင်းလက်ဘက်ရည်ဆိုင်မှ ရေဆိုးများ ပိတ်ဆို့နေသည်လား။ ဖြစ်နိုင်ချေ နှစ်မျိုးစလုံးလားမသိ။ စူးရှရှ ပုတ်အဲ့အဲ့
အနံ့က ကြိုင်လှောက်နေသည်။ မိုးကလည်း အဆက်မပြတ် သည်းထန်နေဆဲ။
“ဆရာစောရေ.... ဒုက္ခပေးရတာလဲ အားနာပါရဲ့.. ကားတစ်စီးလောက်များ ရနိုင်မလားဟင်။ အဖွားကို
ဆေးရုံပို့ချင်တယ်”
“အာ ရတယ် ဆရာမ...မပူနဲ့။ အောင်ကြီးအဖေဆီမှာ ဂျစ်ကားတစ်စီးရှိတယ်။ ဟုတ်တယ်မဟုတ်လား
အောင်ကြီး။ ငါတို့သွားယူလို့ ဖြစ်မလား”
“ဖြစ်တာတော့ဖြစ်ပါတယ် ဆရာ.. ဒါပေမယ့် ကားက အဖေပဲမောင်းတတ်တာ။ ကျွန်တော်သွားကြည့်လိုက်မယ် အဖေ့ကိုနှိုးလို့ရရင် နှိုးခဲ့မယ်။ မရရင်တော့ ကျွန်တော့်ညီအိမ်ကို တချက်သွားပြီး သူ့ကားပဲ ဆွဲခဲ့လိုက်မယ်”
ကိုအောင်ကြီးနှင့် အခြားဝန်ထမ်းတစ်ယောက်တို့ ထွက်သွားစဉ် ကျွန်မ၊ ဆရာစော၊ ဆရာရဲနောင်တို့ အဖိုးနှင့် အဖွားဘေးမှာ အုတ်ခဲလေးတစ်လုံးစီဖင်ခုထိုင်ကာ စကားပြောမည် ကြံမိသည်။ သို့သော် ဘယ်သူမှ စကားမစနိုင်။ တိတ်ဆိတ်ခြင်းကို ငိုသံပါကြီးနှင့် ဖြိုခွဲလိုက်သည်ကတော့ အဖိုးဦးလင်း
“မယ်ဒေါင်းရယ် အားတင်းထားကွယ့်။ ဒီမှာ ဆရာဝန်ကြီးလဲရှိတယ်။ စိတ်ကောင်းရှိတဲ့ သားသမီးတွေလဲ ရှိတယ်။ မင်း မသေစမ်းနဲ့ဦး မယ်ဒေါင်းရယ်။ မင်းသွားရင် ငါလဲ လိုက်မှာ။ ငါတို့ သားသုံးကောင်လည်း ဘယ်ရောက်လို့ ဘယ်ပေါက်လဲ မသိ။ ဒီကလေးတွေ ရောက်လာပြီကွယ့်။ စိတ်မလျှော့နဲ့”
ထိုမှတဖန် ကျွန်မတို့ဖက်သို့လှည့်ကာ မမြင်ရတော့သော အဖြူရောင် မျက်ဝန်းများနှင့် ကြောင်ငေးငေးကြည့်ရင်း
“သာဓု..သာဓု.. သာဓု ပါ သားတို့ သမီးတို့ရယ်။ သူတော်ကောင်းလေးတွေရေ ဒီအဖိုးအိုနဲ့ အမယ်အိုမှာ ဘုရားသာ အားကိုးရာရှိပါရဲ့။ တစ်သက်လုံး တောကျောင်းဆရာလုပ်ခဲ့ပေမယ့် ပင်စင်ဆိုတာလဲ ဘယ်နားမှာမှန်း မသိရပါဘူး။ အကြော်လေးရောင်းလို့ ဆယ်နှစ်တန်းရောက်ခါ မှ နှစ်ဦးလုံး ရှေ့ဆင့်နောက်ဆင့် မျက်ကန်းဖြစ်ကြရတယ်။ မွေးထားတာ သားသုံးယောက်။ သားဆိုတာ အားပဲကွယ့်ဆိုပြီး ပြုစုပျိုးထောင်လာလိုက်တာ ကြီးခါမှ ကျားလေးတွေ
ဖြစ်မှန်းမသိဖြစ်လို့။ သားကြီးက ကျုံဒူးဒါးမလိမ်းဘက်မှာ အရက်ခိုးချက်လို့ ထောင် ကျတယ်လို့ ကြားမိပါရဲ့။ အခုတော့ ဘယ်နေမှန်းမသိရ။ သားလတ်က ကဒုံကနိဘက် ငါးဖမ်းလှေနဲ့လိုက်သွားကတည်းက သတင်းမကြားတာ ဆယ်နှစ်ဆယ်မိုးမကတော့ဘူးကွယ်ရို့။ သားအငယ်ဆုံးကတော့ ရန်ကုန်သွားသတဲ့။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကပေါ့။
ဘိန်းချလို့ ဆေးလွန်ပြီး သေပြီဆိုလား။ ထောင်ကျတယ်ဆိုလား။ ဘာမှကို မရေရာပါဘူးကွယ့်။ ငတို့ နှစ်ဦးသား သေချင်သေဆိုပြီး မြေကြီးပေါ်အိပ် လမ်းဘေးမယ်တောင်း မြစ်ထဲတောင် ခုန်ချဖို့ကြံဖူးပါရဲ့။ သက်ဆိုးရယ် ရှည်လေခြင်း မယ်ဒေါင်းသာ လေထိရော အခုထိ ငတို့မှာ တောင်းစားနေရတုန်း။ ဆရာဖြစ်ခဲ့ဖူးတယ်ဆိုတာတောင် မေ့နေမိပြီ။ မယ်ဒေါင်းရဲ့ ကျန်းမာရေးအတွက် အရှက်ကိုလဲ မငဲ့နိုင်တော့ပါဘူး။ အသက်ကိုလဲ မခင်တွယ်တော့ ပါဘူး။ အောင်မလေး.. ... မယ်ဒေါင်းရဲ့ အားတင်းထားစမ်းပါဦးကွယ့်။ မင်းမရှိရင် ငါလဲ သေရမယ့် ဘ၀ပါကွယ့်”
တောကျောင်းဆရာအိုကြီးတစ်ဦးရဲ့ စကားရှည်ကြီးအဆုံးမှာ ဆရာအိုကြီးလဲ ချောင်းတဟွတ်ဟွတ်နှင့် သီးနေသလို ကျွန်မတို့ သုံးယောက်သားလဲ ဘ၀အမောဆိုတာကြီးကြားမှာ သီးသလိုလို နင်သလိုလိုဖြစ်နေမိပါသည်။
အဖိုးနှင့် အဖွားတို့ရဲ့ တဏှာပေမ မပါတော့တဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ချစ်ခြင်းတရား။
ကိုအောင်ကြီးနှင့် ကားရောက်လာတော့ ည ၁၂နာရီထိုးခါနီး။ ဆေးရုံပို့တော့ အဖွား သတိလွတ်နေလေပြီ။
အဖိုးကတော့ တရှုံ့ရှုံ့ငိုဆဲ။ လောကဓံကို ခါးစီးခံ... ဆရာဆိုတာကိုမေ့ အကြော်ရောင်းရာက မျက်စိကွယ်
မျက်စိကွယ်ရာက တောင်းရမ်းစားသောက်ခဲ့ရတဲ့ အဖိုးအိုတစ်ယောက်ရဲ့ ငိုရှိုက်သံက သန်းခေါင်ယံမှောင်ထဲမှာ ကျွန်မတို့ရဲ့ နှလုံးအိမ်ကို ထိုးဖောက် မွှေနှောက်လို့............
ဟုတ်သည်။ အမှောင်... အမှောင်... သန်းခေါင်ထက်မှောင်တဲ့အမှောင်
လောကအမှောင်... ဘ၀အမှောင်.... ဆင်းရဲခြင်းရဲ့ အမှောင်.... သေခြင်းတရားရဲ့ အမှောင်.....
ချစ်ခြင်းနှင့် သေမင်းတို့ လွန်ဆွဲပွဲမှာ .. လောကဓံရယ်.. ဒီတစ်ခါတော့ဖြင့် မျက်မမြင်အဖိုးအိုကို မျက်နှာသာပေးလှည့်ပါလို့သာ ဆုတောင်းရင်း....
အမှောင်... ပိန်းပိတ်နေတဲ့အမှောင်တွေ...... ထပ်ထပ်ကာ ဆင့်ဆင့်တိုးကာ မှောင်လွန်းလှပါလားရှင်....
ချစ်ခြင်းများစွာဖြင့်
မိုးကြာညို
moekyarnyo.com

No comments:
Post a Comment