Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 19, 2012

နောက်တစ်နေ့  နံနက်

နောက်တစ်နေ့မရောက်ခင် နံနက်လိုပဲ နောက်တစ်နေ့တွင် ရှိလိမ့်မည်ဟု အမှုမဲ့ထားမိခြင်းသည် ကျွန်တော်၏ အတ္တကြီးမှုသက်သက်ကို ဖော်ပြလိုက်ခြင်းဖြစ်လိမ့်မည်။
ဒီနေ့ပြုခဲ့သော အပြုအမူအားလုံးကို သူမက မှတ်ဥာဏ်ထဲမှာ သိမ်းဆည်းထားလိုက်ပြီး နောက်တစ်နေ့ နံနက်တွင် အဖြေထုတ်ခဲ့ခြင်းမှာ ကျွန်တော့်မှာ သူမ၏ ပါးနပ်လျင်မြန် ဖျတ်လတ်သော အသိဥာဏ်ကို အသိအမှတ် ပြုရမလိုလို ၊အတည်ပြုပေးရမလိုလို ….။ကျွန်တော်နှစ်ခြိုက်စွာ ကျေနပ်လိုက်ရခြင်းသည် လည်း ကျွန်တော်၏စိတ်ပျော်ရွှင်နေမှု့ ကြောင့်ပင်ဖြစ်သည် ။

          သူမသည် ကျွန်တော်စားသောက်ဖို့ ချက်ပြုတ်ကျွေးသော ကျွန်တော့်အိမ်တွင် လာရောက်နေ ထိုင်သည့် အမျိုးသမီးလေးဖြစ်သည် ။ ကျွန်တော့်အမျိုးသမီးနှင့် မိခင်ရှိစဉ်ကတည်းကပင် အတူတကွ နေ ထိုင်လာခြင်းဖြစ်သည် ။ ကျွန်တော်က ဆေးတက္ကသိုလ် ပါမောက္ခရာထူးဖြင့် အနားယူပြီး ကျွန်တော့်မိဘ ပိုင်သော မြို့ကလေး၏ ခြံမြေတွင် ခြံအလုပ်သမား လင်မယား ၂ယောက်နှင့်အတူ နေထိုင်ခြင်း လည်းဖြစ်  သည်။ ကျွန်တော့်မိဘများ လက်ထက် ကတည်းက နေထိုင်လာသော သူမနှင့် ကျွန်တော်က အိမ်ကြီးပေါ် တွင် နေထိုင်ပြီး ခြံ အလုပ်သမားလင်မယားကတော့ အိမ်ဘေးက အလုပ်သမားတန်းလျား တွင် နေထိုင် သည်။ ထိုသို့ နေထိုင်ခြင်းကိုသူမကရှိုးတိုးရှန့်တန့် မဖြစ်သလို ကျွန်တော်ကလည်း ဘယ်လို စိတ်မျိုးမှ မထား ခဲ့။ ကျွန်တော့်ခြံ အလုပ်သမားများ အပါအ၀င်ထိုတောမြို့လေး တစ်မြို့လုံးက ထိုသို့နေ ထိုင်ခြင်း အပေါ် ဘာမျှဝေဖန်ခြင်းလည်းမရှိခဲ့ချေ။

သူမက နံနက်မိုးလင်းလျှင် ကျွန်တော့် အခန်း၏ မျက်နှာသစ် ဘေစင်တွင် သွားတိုက်ဆေး ညှစ်ပြီးသား သွားပွတ်တံကိုတင်ထားပေးသည်။တစ်ပတ်ပြည့်သွားတိုင်းထိုBasin(ဘေစင်)ဘေးရှိအ၀တ် တန်းလေးပေါ် တွင်ပရုပ်လုံးနံ့သင်းနေသော မျက်နှာသုတ်ပ၀ါ အသစ်တစ်ထည်ကိုလဲလှယ်တင်ပေး ထားမြဲဖြစ် သည် ။ ထိုအ လုပ်ကို သူမ ဘယ်တော့မှ မပျက်ကွက် ။

ကျွန်တော်မျက်နှာသစ်ပြီးပြီးချင်း သောက်ရန် ရေတစ်ခွက်ကိုလည်း ဘေစင်ဘေးရှိ ခုံသေးသေးပေါ်တွင် ဖုံးအုပ်ကာ တင်ထားမြဲဖြစ်သည် ။ မျက်နှာသစ်ပြီးတိုင်း ကျွန်တော်က ထိုရေကို သောက်မည် ။ ထို.နောက် ဘုရားစင်ရှိရာသို့သွားမည်။ဘုရားစင်တွင်လည်းသူမကပန်းနှင့်ပန်းအိုးများကိုရေလဲပေးပြီး၊ ဆေးကြောပေးပြီး ၊ သောက်တော်ရေ လဲပေးပြီး ၊ တဖန် ကျွန်တော်ထိုင်သည့် ကော်ဇောကိုလည်း အသစ် တစ်ခု ထပ် မံ လဲလှယ်ပေးပြီး ဖြစ်သည် ။

ဘုရားဝတ်ပြုပြီးပြီးချင်း ကျွန်တော်ကလည်း ထမင်းစားခန်းသို့ တန်းသွားတော့သည် ။ ထမင်းစားပွဲပေါ်တွင် အသင့်ဖျော်ပြီးသား ကော်ဖီပူပူနှင့် အနေတော်ညှပ်ထားသော နံပြားကြွပ်ကြွပ်တစ်ပွဲ ၊ ဆီနယ်ပြီးသား ပဲပြုတ်တို့က အဆင်သင့် ရှိနေသင့်သည် ။ သူမက ကျွန်တော့်ကို နံနက်တိုင်း ပဲပြုတ်နံပြားချည်း မကျွေးပါ ။ တစ်ခါတစ်ရံ ပေါင်မုန့်မီးကင်ကို မာဂျရင်း သုတ်ပေးထားတတ်သလို ထိုတောမြို့လေးမှ ကျွန်တော့် ကို လေးစားသည့် လူအချို့ လာကန်တော့တတ်သော ကိတ်မုန့်လည်း ကျွေးတတ်သည် ။ တစ်ခါတစ် ရံ ကော်ဖီကိုပင် ဖျော်မထားပဲ သဘောင်္သီးမှည့်များကို အသင့်စားနိုင်ရုံ ပန်းကန်ကြီးကြီး တစ်ချပ်တွင် ထည့် ကာ ကျွေးတတ်သည် ။

ထိုထမင်းစားပွဲတွင်နှင်းဆီပန်းထိုးစိုက်ထားသော ပန်းအိုး အသစ်ကိုလည်း တွေ့မြင်နိုင်သည် ။ သူမ စီ စဉ်ပေးသော နံနက်စာကို နှစ်ခြိုက်စွာစားသည် ။ ကျွန်တော်စားနေစဉ် သူမ၏ အရိပ်အယောင်ကို မမြင်ရ ။
တစ်ပတ်တွင် တနင်္ဂနွေ တစ်ရက်ကို ကျွန်တော်က မြို.လေး၏ သမဆေးခန်းတွင် သွားရောက်ထိုင်ပေးသည် ။ ထိုနေ့တွင် နံနက်စာ စားပြီးတိုင်း ကျွန်တော်က ဆေးခန်းကို မြေနီလမ်းအတိုင်း လျှောက်သွားတတ်သည် ။ နေ့လည် ၁၁ နာရီမှ ပြန်ရောက်သည် ။ အိမ်မှာ ထမင်းစား အနားယူပြီး ညနေ ၂ နာရီတွင် ဂျစ် ကားလေးမောင်းကာ ဆေးခန်းသို့ ပြန်သွားရသည် ။
ထို တနင်္ဂနွေနေ့ ရောက်တိုင်း သူမကို တစ်ပတ်စာ ဈေးဖိုးပေးတတ်သည် ။ ထမင်းစားပြီး ထိုငွေကို ထမင်း စား ပွဲတွင် ထားခဲ့ရုံသာ ဖြစ်သည် ။သူမ၏ ရက်စွဲအလိုက် မှတ်သားထားသော ဈေးစာရင်းစာရွက် တစ်ရွက် ကိုလည်း အပေါ်ယံမျှသာ ကြည့်ကာ သူမအတွက် တစ်ပတ်စာ မုန့်ဖိုးကိုလည်း သပ် သပ်ပေး ထားခဲ့သည် ။ ကျွန်တော် ထမင်းစားပြီး အိမ်ရှေ့ထွက်လာလျှင် သူမက ဆိုဖာ ဆက်တီ၌ ကပ်ငြိနေသော ဖုန်စများ ၊ အမှုန်စများကို ကောက်နေသည် ။ ကျွန်တော်အိမ်ရှေ့ ရောက်လျှင် လှစ်ခနဲ နောက်ဖေးပြေးသွားကာ ထမင်း ၀ိုင်း ကိုသိမ်းမည် ။ ထို့နောက် ကျွန်တော် အပြင် ပြန်ထွက်မသွားမချင်း ကျွန်တော်ရှိရာ ဧည့်ခန်း သို့ ပြန် မ လာတော့ ။ နောက်ဖေး မီးဖိုချောင်ကို သန့်ရှင်းရေး လုပ်နေပြီ ။
တစ်ခါတစ်ရံ ကျွန်တော် နောက်ကျမှ ထွက်သွားလျှင် စာဖတ်ခန်းတွင် ဖုန်သုတ်ခြင်း ။ စာဖတ်ခန်းအတွင်းရှိ အမှိုက်တောင်းကို သွန်ခြင်း ၊ ကြမ်းပြင်ကို တိုက်ချွတ်နေခြင်း တို့ကို စဉ်ဆက်မပြတ် လုပ်ကိုင်နေမည် ။ ထို့ အတွက်ကြာင့်လည်း ကျွန်တော်ပေးသောလခနှင့် မုန့် ဖိုးကပင် နည်းနေသယောင် ၊ မတန်နေသယောင် ။ ထို သို့ ကျွန်တော် အတွေးပွားမိတိုင်း ခြံအလုပ်သမား၏ မိန်းမကို သူမအတွက် အင်္ကျီလုံချည် ဝယ်ပေးရန် ပိုက် ဆံပေးရတတ်ပြန်သည် ။

ထိုသို့ စနစ်တကျ လုပ်တတ်ခြင်းမှာ ကျွန်တော့်မိခင်နှင့် အမျိုးသမီး သင်ပေးခဲ့သောကြောင့်လည်း မဟုတ် ။ ကျွန်တော့်အမျိုး သမီးရှိစဉ်ကာလက သူမသည် ၀ိုင်းကူရုံသက်သက်သာဖြစ်သည် ။ အ၀တ်လျှော် မီးပူ တိုက်လောက်သာလုပ်ရသည်။ သွားတိုက်တံတွင် သွားတိုက်ဆေးထည့်ပေးခြင်း ၊မျက်နှာသုတ်ပုဝါဖြင့်ကြို ဆိုခြင်း၊ရေ ချိုးပြီးတိုင်း အ၀တ်အစား တစ်စုံကို ရွေးချယ်ဝတ်ဆင်စေခြင်း၊ စသည်တို့သည် ကျွန်တော့် အမျိုးသမီး လုပ်ခဲ့သော အလုပ်များသာဖြစ်သည်။

ထိုအကြောင်းကိုစဉ်းစားမိစဉ် သူမ၏အဆင်သင့် ရွေးချယ် ပေးမှုတို့က ကျွန်တော့်ကိုစိတ်လှုပ်ရှားစေသည်။
ကျွန်တော့်အမျိုးသမီးရှိစဉ်ကတည်းကရနေသောservice ကိုမပျက်မကွက် ထပ်မံရရှိနေခြင်း အတွက် ကျေ နပ်နေရပြန်သည် ။ ကျွန်တော့်အမျိုးသမီးကလည်း  ကျွန်တော့်မျက်နှာရိပ် မျက်နှာကဲကို  ကြည့်ကာ ကျွန်တော့်ကို ပြုစုဖို့ သက်သက်မွေးဖွားလာသလိုပင်ဟု ထင်ရအောင် ပါးနပ်လိမ္မာ၏ ။

ကျွန်တော်နှင့် စကားဖက်ပြိုင် ဆန့်ကျင်ပြောဖို့နေနေသာသာ ကျွန်တော် စကားမစလျှင် ဘာစကားမှ မပြောတတ်။ ကျွန်တော်ပြောသမျှကိုလည်း အမြဲတမ်း ခေါင်းညိတ်ကာ သူမရှေ့တွင် ဘာကိုမျှ ဖုံးအုပ်မထား ဘဲ ပြုနေသော အပြုအမူများအား သူမက လိုအပ်လျှင် ခွင့်လွှတ်ပြုံးကို ဖန်တီး၍ မလိုအပ်လျှင် မသိ ချင်ယောင်ဆောင်နေတတ်သည် ။
ကျွန်တော့်မိန်းမလောက်နားလည်ပေးမှု့ရှိတာမဆန်းလား။ကျွန်တော်ဟာကျွန်နှင့်တူသောမိန်းမ တစ်ယောက် ကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ အမှန်ပင်ဖြစ်သည် ။

ကျွန်တော် အမျိုးသမီး သေဆုံးပြီး တစ်နှစ်ကြာမှ ထိုစိတ်လှုပ်ရှားမှုကို ကျွန်တော် ခုခံချေဖျက်နေရသည် ။ အမျိုး သမီးသေဆုံးတာပင် တစ်နှစ်ရှိပြီလားဟု အံ့သြမိအောင် ကျွန်တော် ရနေကျတွေ ရနေပြီ ဟု ကျေနပ်နေခြင်းဖြစ်သည် ။ တကယ်တော့ ကျွန်တော်အပြည့်အဝ မရသေးပါ ။
ကျွန်တော့်ပတ်ဝန်းကျင်တွင် ကျွန်တော့် အမျိုးသမီးခေါ်နေကြ “ကိုရေ”ဟူသော စကားသံများ ၊ ဆေးရုံတွင် စိတ်ညစ်ညူး ပင်ပန်းစရာများဖြင့် ကြုံလာတိုင်း အလိုက်သိစွာ ရင်ခွင်ထဲရောက်လာ တတ် သည့် နှုတ် ခမ်းပါးတစ်စုံ ၊ “ကိုရေ…….ဒီနေ့ ချစ်လေး တို့ရဲ့ ၁၂နှစ်မြောက် မင်္ဂလာနေ့ ၊ သိလား ” ဟု ပြောကာ ကျွန်တော့် ပါးကို ခြေဖျားထောက်ပြီး နမ်းတတ်သော အနမ်းများ ။ ငါ ဘာလို့ ဘဝကို ကျေနပ်နေ ပါလိမ့် ဟု ပြန်တွေးရင် ကျွန်တော်လိုချင်တာတွေ မရနိုင်တော့ဘူးတဲ့လား ။ ကျွန်တော် အမှန်တကယ် ရောသွေး ကတောင်းလို့လား ။ ကျွန်တော် ဟန်မဆောင်တတ်ပါ ။ ဘာကိုမှလည်း ထိန်းချုပ်သိမ်းဆည်း မထားလိုပါ ။ ကျွန်တော်လိုချင်တာတွေ ရနေခဲ့ခြင်းဟာ ကျွန်တော့်ရဲ့ ရဲရင့်စွာ ရင်ဆိုင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဒါ့ကြောင့်လည်းသူမနှင့် စကားပြောချင်သော ဆန္ဒတို့ ပထမဆုံးအကြိမ် သွေးကတောင်းလိုက်စဉ် ထိန်းချုပ် မနေတော့ပဲ ချက်ချထားသော သူမ ၏အခန်းတံခါးကို ခေါက်လိုက်မိတော့သည် ။

“ဘာခိုင်းစရာရှိပါသလဲ ဆရာကြီးရှင့်”
ထိုစကားသံကြောင့်ကျွန်တော် တော်တော်တွန့်သွား၏ ။ နောက်ခပ်နွဲ့နွဲ့ ရပ်နေသော ပိန် ပိန်ပါးပါး အသားဖြူဖြူ ကောင်မလေးသည် ကျွန်တော့် ဇနီးလောက်နီးနီး အဆင်ပြေပြေ သိမ်မွေ့နေသားပဲဟု မှတ်ချက် ချမိသည် ။
“ကလေးနဲ့ စကားပြောချင်လို့ပါကွယ်”
သူမ၏ ပါးနပ်လိမ္မာသော အပြုံးကိုလှစ်ခနဲ တွေ့လိုက်ရစဉ် ကြာကြာမစည်းရုံးရဟု သဘောပေါက်လိုက် မိတော့သည် ။ ကျွန်တော့်ဘဝတစ်လျှောက်လုံးတွင် ကျွန်တော့်မိခင်ကမရတာမရှိစေရ ဖြည့်ဆီးပေးခဲ့သလို ကျွန်တော့်မိန်းမကလည်း အလိုက်သိစွာ ရှိခဲ့သည်။ထိုအမျိုးသမီးကလေးသည်လည်း ကျွန်တော့်ကို မငြင်း ပယ်ဘဲလက်ခံလိုက်ခြင်းအတွက် ထူးပြီး ၀မ်းမသာမိပါ။ နောက်တစ်နေ့နံနက်ကို ရင်ဆိုင်ရမည့် ညတွင်ပင် သူမ၏  ကိုကြီး  ဟူသော ချိုသာသည့်စကားသံကို နှလုံးနေရာ တည့်တည့်မှ ကြားခွင့် ရခဲ့သည်။

ဗြူန်း ဆို ရောက်လာသည့် နောက် တစ်နေ့ နံနက်တွင်တော့  ဘေစင် ရှိ သွားပွတ်တံ၌ သွားတိုက်ဆေး မရှိခဲ့ သလို သောက်ရန်ရေခွက် လည်း မရှိ။ ဘုရားစင်တွင် ရေလဲပြီးစ ပုံစံမျိုး မရှိသလို ကော်ဇောကိုလည်း အသစ်လဲမထား။ထိုအရာများကိုအမှတ်မဲ့  ကျော် လွှားနိုင်သော်လည့်း ထမင်းစားပွဲတွင် ကျွန်တော့် အတွက် breakfast နံနက်စာ  ကော်ဖီ တစ်ခွက်ပင် မရှိခြင်းအတွက်မူ အံ့သြမိတော့သည်။

ဘယ်လိုလဲဟ
ကျွန်တော် အံ့သြစွာ နှုတ်ခမ်းပါးလှုပ်ရုံေ၇၇ွတ်ပြီး တစ်ယောက်တည်း ပြုံးရယ်မိရင်း……….။


သင်းသင်းသာ

မဟေသီ မဂ္ဂဇင်း  ၁၉၉၈ ဒီဇင်ဘာ။
ဥတ္တရလမင်း ခံစားသူ အကြိုက်  ၁၉၉၈
မော်ကွန်းသစ်အဖွဲ့၏ စုစည်းမှု  ၂၀၀၀  

No comments:

Post a Comment